
တာချီလိတ်၊ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်တွင် နေထိုင်သည့် အဲန်လူမျိုး (၇၀)ဦးကို ဗုဒ္ဓဘာသာခံယူပြီး ရှင်ပြုသည့် အခမ်းအနားကို ဇန်နဝါရီလ ၂၆ရက်တွင် တာချီလိတ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မိရိုးဖလာ နတ်ကိုးကွယ်သည့် အဲန်လူမျိုး ကလေးငယ် (၇၀)ကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ ရှင်ပြုမည့် အစီအစဉ်ကို တာချီလိတ်မြို့ ဝါးကျောင်းဆရာတော်၊ တာချီလိတ်မြို့ ဝေဠုဝန်ဆရာတော်နှင့် ကျိုင်းတုံမြို့နယ်မှ ကိုရင်လေးတို့မှ ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက်တွင် ပထမဆုံးအကြိမ် အဲန်လူမျိုးများ ရှင်ပြုခြင်းဖြစ်ကြောင်း ဝေဠုဝန်ကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။
“ကျုပ်တို့၊ ဝါးကျောင်းဘုန်းကြီးတို့က အဲန်ရွာမှာ လိုအပ်တာလေးတွေ၊ စောင်တို့၊ ခြင်ထောင်တို့ ပေးပြီးဝင်တာ။ အဲဒီမှာ ကိုရင်လေး တို့က အဲန်စကားပေါက်တော့ ဗုဒ္ဓဘာသာဝင်ချင်တဲ့လူ ခေါ်လာတာ” ဟု ဆရာတော်က မိန့်သည်။

လက်ရှိတွင် ဗုဒ္ဓဘာသာခံယူမည့် ကိုရင်လောင်း (၇၀)မှာ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ကို ခေတ်ပညာများတတ်မြောက်ကာ အမြင်ကျယ်စေရန်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ရှင်ပြုပွဲကို အစပြုခဲ့သည့် ဦးကျော်ဌေးဝင်းက ပြောသည်။
“ကိုရင်လေးကျောင်းကို သွားနေတဲ့အချိန်မှာ ကလေးတွေက ဒီအတိုင်း ပညာမတတ်ဘဲ လျှောက်သွားနေတာ မြင်လို့ ကိုရင်လေးနဲ့တိုင်ပင်ပြီး အခုလို စီစဉ်လိုက်တာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။
အဆိုပါ ရှင်ပြု မင်္ဂလာပွဲတွင် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ရှင်တစ်ပါးလျှင် ဘတ် ၂၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ပြီး ခြင်ထောင်၊ စောင်၊ ခေါင်းအုံ၊ ဆန်၊ ဆီ၊ ဆေးတို့ကိုလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။
အဲန်လူမျိုးများမှာ မိရိုးဖလာ နတ်ကိုးကွယ်ကြပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် မိုင်းခတ်မြို့နယ်တို့တွင် အများဆုံး ပျံ့နှံနေထိုင်ကြသည်။