
ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား
တာချီလိတ်၊ ဇန်နဝါရီ ၂၄
တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံအထိ ကူးစက်ပြန့်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားများကို စစ်ဆေးရန် တာချီလိတ်မြို့တွင် အင်အားတိုးမြှင့်ထားကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တာချီလိတ်မြို့နယ်အတွင်း နိုင်ငံတကာ ခရီးသွားများဝင်ထွက်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၁)အပါအဝင် လာအိုနယ်စပ် ကျိုင်းလပ်တံတားနှင့် ဝမ်ပုံဆိပ်ကမ်းတို့တွင် စောင့်ကြည့် စစ်ဆေးရေးအတွက် အင်အားတိုးမြှင်ကာ သတိပေးတပ်လှန်မှုများ ပြုလုပ်ထားကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။
“စောင့်ကြည့် စစ်ဆေးမှုတွေကို အင်အားတိုးမြှင့်ထားတယ်။ ဆေးရုံမှာလည်း Isolation Ward (သီးသန့်လူနာဆောင်) ပြင်ဆင်ထားတယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်လေဆိပ်တွင်မှု ပြည်တွင်းလေကြောင်းလိုင်းများသာ အတက်အဆင်းပြုလုပ်သည့်အတွက် စောင့်ကြည့်စစ်ဆေးမှုများ မလုပ်ကြောင်း ဒေါက်တာရွှေဝင်းက ပြောသည်။
ဇန်နဝါရီလ ၂၄ရက် နေ့လည်ပိုင်းက ရန်ကုန်တွင် ဝူဟမ်ဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦး တွေ့ရှိထားကြောင်း သတင်းများထွက်ပေါ်နေပြီး နေပြည်တော်တွင် နေ့လည် တစ်နာရီက ဝူဟမ်ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်နှိမ်နင်းရေး အစည်းအဝေး လုပ်ဆောင်လျှက်ရှိသည်။

စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် ဝူဟမ်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူလူနာဦးရေမှာ ဇန်နဝါရီ ၂၄ရက် နံနက် အစောပိုင်း စာရင်းများအရ ၂၅ဦးအထိ ရှိလာပြီး ကူးစက်ခံရသူ ၈၀၀ ကျော်ရှိလာသည်။ တရုတ်နိုင်ငံပြင်ပတွင်မူ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့တွင် ရောဂါကူးစက်ခံထားရသည့် လူနာများ တွေ့ရှိထားသည်။
ဝူဟမ်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စတင်ဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရသေးသလို ကုသနည်းနှင့် ကာကွယ်နည်းများလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
MK – 001