
တာချီလိတ်၊ ဇန်နဝါရီ ၂၅
ပြည်ပပို့ကုန်သွင်းကုန်များနှင့် ပတ်သက်ပြီး လာမည့် ရက်ပိုင်းအတွင်း ဖြေလျှော့မှုများ ထပ်မံပြုလုပ်ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်သန်းက ၎င်း၏ တာချီလိတ်ခရီးစဉ်အတွင်း ထည့်သွင်းပြောဆိုသည်။
ဇန်နဝါရီလ ၂၅ရက် တာချီလိတ်မြို့နယ် နယ်စပ်ဂိတ်များကို လိုက်လံစစ်ဆေးစဉ်ရာ ဝမ်ပုံဆိပ်ကမ်းတွင် ဌာနဆိုင်ရာများနှင့် ပြောဆိုဆွေးနွေးရာတွင် ဒေါက်တာသန်းမြင့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကုန်သွယ်မှု ဖြေလျှော့မှု အပိုင်းတွေရှိပါတယ်။ ပို့ကုန်သွင်းကုန်နဲ့ ပတ်သက်ပြီးတော့ အများကြီး ဖြေလျှော့ပေးဦးမှာ။ အထူးသဖြင့် ကန့်သတ်စာရင်းကနေ အများကြီးလျှော့ပေးဦးမှာ။ မကြာခင်ပေါ့နော်” ဟု၎င်းက ပြောသည်။
အဆိုပါဖြေလျှော့မှုနှင့် ပတ်သက်ပြီး မဲခေါင်သတင်းဌာနက ပြည်ထောင်စု ဝန်ကြီးကို ထပ်မံမေးမြန်းရာ လက်ရှိအချိန်တွင် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ပြီး အထူးသဖြင့် ပို့ကုန်နှင့် ပတ်သက်ပြီး ပိုမိုဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တာချီလိတ်မြို့ကို ဇန်နဝါရီလ ၂၅ရက် နေ့လည်ပိုင်းက ရောက်ရှိလာပြီး တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
MK – 001