
တာချီလိတ်၊ ဇန်နဝါရီ ၂၇
လတ်တလောဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်သည့် အနေဖြင့် တာချီလိတ်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား (၁)တွင် အနီအောက်ရောင်ခြည်သုံး အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် ခရီးသွားများကို စစ်ဆေးမှု ဇန်နဝါရီလ ၂၇ရက် ညနေပိုင်းက စတင်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ အပူချိန်တိုင်းစက်ကို နိုင်ငံခြားသားခရီးသွားအများဆုံး ဝင်ရောက်သည့် တံတား (၁)၏ ပြည်ပအဝင်ဘက်ခြမ်းတွင် ထားရှိထားပြီး ဝန်ထမ်းအင်အားလည်း ထပ်မံတိုးမြှင့်ကာ ခရီးသွားများကို စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
“အရင်က လက်ကိုင်အဖျားတိုင်းစက်နဲ့တိုင်းတယ်။ အခုတော့ အလိုအလျောက်တိုင်းစက်နဲ့ ဝန်ထမ်းအင်အားကိုလည်း ၂ယောက် သို့မဟုတ် ၃ယောက်ထားပြီး စောင့်ကြည့်စစ်ဆေးသွားမယ်” ဟု ဒေါက်တာ ဘစိုးသက်က ပြောသည်။
စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေစဉ် အပူချိန်မြင့်မားသည့် လူနာတွေ့ရှိပါက အပူချိန်ကို သေချာစွာ ထပ်မံစစ်ဆေးခြင်း၊ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ဒေသများသို့ (၂)ပတ်အတွင်းသွားလာခြင်း ရှိမရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယဖြစ်ဖွယ်ရှိပါက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ တင်ဆောင်ကာ ကုသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများအနေဖြင့်လည်း လူစုလူဝေးနေရာများကို တတ်နိုင်သမျှရှောင်ကျဉ်ရန်၊ နှာစေးချောင်းဆိုး ဖြစ်ပါက နှာခေါင်းစည်းသုံးရန်၊ ကျန်းမာရေးဌာနများတွင် စစ်ဆေးကုသမှု ခံယူရန်နှင့် လက်ကိုသေချာစွား ဆေးကြောကြရန် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
MK – 001