
တာချီလိတ်၊ ဇန်နဝါရီ ၃၀
ဝူဟန်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန် မိုင်းတုံမြို့နယ်အတွင်းမှ မြန်မာ-ထိုင်းနယ်စပ် ဂိတ်ပေါက်များဖြစ်သည့် BP1 ဂိတ်နှင့် ပါချီး ဂိတ်ပေါက်များမှ လူဖြတ်သန်းသွားမှုကို ဇန်နဝါရီလ ၃၀ရက် နံနက်ပိုင်းမှ စတင်ကာ လုံးဝ ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
BP1 ဂိတ်နှင့် ပါချီး ဂိတ်များမှာ ကုန်သွယ်မှုနှင့် ဖြတ်သန်းသွားလာမှု တရားဝင်ပိတ်ပင်ထားသော်လည်း လူမှုရေး ကိစ္စများဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ရာတွင် နားလည်မှုဖြင့် ဖြတ်သန်းသွားလာမှု ပြုနေကြခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ဖြတ်သန်းသွားမှုများကိုပါ လုံးဝ ပိတ်လိုက်ပြီဖြစ်ကြောင်း မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
“BP1 ဂိတ်ကတော့ ပိတ်တာ ၂ရက်၊ ၃ ရက်လောက်ရှိပြီပြောတယ်။ ပါချီးကတော့ ဒီမနက်မှာ ပိတ်လိုက်တာ။ အရင်ရက်ကတော့ လူအဝင်အထွက်ရှိတော့ ကျန်းမာရေးဝန်ထမ်းတွေက သွားစစ်ရတယ်။ နောက်ကျတော့ တရားဝင်ပိတ်ထားတဲ့ ဂိတ်ကို ဘာလို့သွားစစ်ရတာလဲဆိုတာမျိုးတွေက ဖြစ်လာတယ်။ အဲဒါနဲ့ ဒီနေ့မနက်ကျတော့ အဝင်အထွက်တွေ လုံးဝပိတ်လိုက်ပြီ” ဟု ၎င်းက ပြောသည်။
မိုင်းတုံမြို့နယ်အတွင်းရှိ BP1 ဂိတ်နှင့် ပါချီးဂိတ်ပေါက်များမှ သွားရောက်ပါက ထိုင်းနိုင်ငံ၊ နောင်အုပ်ဒေသသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အဆိုပါနေရာမှ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာတွေ့ရှိထားသည့် ချင်းမိုင်မြို့နှင့် ကားဖြင့် တစ်နာရီခွဲ သွားရသည့် အကွာအဝေးတွင်သာရှိကြောင်း ဒေသခံများက ပြောသည်။
ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်ရန်အတွင် ရှမ်ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များတွင် ကျန်မာရေးဝန်ထမ်းများက အပူချိန်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
MK – 001