
လားရှိုး၊ ဇန်နဝါရီ ၃၁
ကောလာဟလများ ထွက်ပေါ်နေသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝူဟန်ဗိုင်းရပ်ကူးစက်ခံထားရသူ မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇန်နဝါရီလ ၃၁ရက် နံနက်ပိုင်းတွင် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းသည်။
တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်စဉ်က လားရှိုးမြို့၊ ရပ်ကွက်(၁)မှ အမျိုးသမီးတစ်ဦး ဖျားနာသေဆုံးမှုကို စစ်ဆေးခဲ့ပြီး ဝူဟန်ဗိုင်းရပ်စ်ပိုးမဟုတ်ကြောင်း၊ ရပ်ကွက် (၅)မှ ဖျားနာသူတစ်ဦး၊ ရွှေလီမှ ပြန်လာသူ (၂)ဦး၊ တရုတ်နယ်စပ်မှ ပြန်လာသည့် ရပ်ကွက် (၈)တွင် နေထိုင်သည့် ဖျားနာသူတစ်ဦးတို့ကိုလည်း စစ်ဆေးခဲ့ပြီး ဝူဟန်ဗိုင်းရပ်စ်နှင့် စပ်ဆိုင်ခြင်း မရှိကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ တင်မောင်ထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ရပ်ကွက် (၈)က လူနာက နမ့်ခမ်းဘက်မှာ ဆေးသုတ်တဲ့အလုပ်သွားလုပ်တာပါ။ ပြန်လာတာ ၄၊ ၅ရက်ရှိပြီ။ ဖျားနေတယ်ဆိုလို့ စစ်ဆေးလိုက်တော့ TB ဖြစ်နေတာ ကြောင့် TB ဆေးတွေ ပေးခဲ့ပါတယ်။ ဒီမနက်ပဲ အဖျားလည်း ကျသွားပါပြီ” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မူဆယ်၊ လောက်ကိုင်၊ ဟိုပန်၊ နမ့်ခမ်း၊ တန့်ယန်း နယ်စပ်ဝင်ပေါက် (၅)ခုစလုံးတွင် ကျန်းမာရေးဝန်ထမ်းများ လုံလောက်စွာ ချထားပြီး အဖျားစစ်ဆေး တိုင်းတာမှုများ ပြုလုပ်နေသလို ဖေဖော်ဝါရီ (၁)ရက်မှ စတင်ကာ လားရှိုးလေဆိပ်တွင်လည်း စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်မောင်ထွန်းက ပြောသည်။
ထိုသို့ စစ်ဆေးမှုများလုပ်ဆောင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဝန်ထမ်းအင်အား လုံလောက်စွာ ရှိသလို လိုအပ်သည့် ကျန်းမာရေးသုံး ပစ္စည်းများလည်း လုံလောက်စွာရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
MK – 001