
တာချီလိတ်၊ ဇန်နဝါရီ ၃၁
ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် လာအိုနိုင်ငံ၊ ဘော်ကဲအိုခရိုင်တွင် ဖွင့်လှစ်ထားသည့် Kings Romans ကာစီနိုရုံကို ပြီးခဲ့သည့်ရက်ပိုင်းက စတင်ပိတ်လိုက်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ထောင်နှင့်ချီကာ တာချီလိတ်ဘက်သို့ ပြန်နေကြောင်း လာအိုဘက်တွင် အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။
လာအိုဘက်တွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါကူးစက်မှု မရှိသော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် Kings Romans ကာစီနိုရုံအပါအဝင် ၎င်း၏လုပ်ငန်းများကို ပိတ်ကာ အဝင်အထွက်လူကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အာစိဏ္ဏကံလူမှုအကျိုးဆောင်အဖွဲ့ဝင်မှ ဦးတင်ငွေက မဲခေါင်သတင်းဌာနသို့ ပြောသည်။
“ရောဂါပိုးရှိတဲ့ လူနာတွေ့တယ် ဆိုတာက မဟုတ်ဘူး။ ကောလာဟလက မျိုးစုံပဲ။ သေလို့ အလောင်းကို အိတ်အနက်နဲ့ပတ်ပြီး သင်္ချိုင်းမှာ သွားပစ်တယ်ဆိုတာရော စုံနေတာပဲ။ တကယ်က ကူးမှာဆိုးလို့ အဝင်အထွက်တွေ ပိတ်လိုက်တာ” ဟု၎င်းကပြောသည်။

လာအိုဘက်မှ မြန်မာဘက်သို့ တာချီလိတ်မြို့၊ ဝမ်ပုံဆိပ်ကမ်းမှတဆင့် ပြန်လည်ဝင်ရောက်လာသူများကို ဝမ်ပုံဆိပ်ကမ်းတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဝင်ရောက်ခွင့်ပြုကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။
“လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းအင်အား လုံလုံလောက်လောက်ချထားပါတယ်။ တပ်မတော်ဘက်ကလည်း ဆေးဗိုလ်ကြီးတစ်ဦး လာရောက်ပြီး ဝိုင်းကူပေးနေပါတယ်” ဟု၎င်းကပြောသည်။
မြန်မာနိုင်ငံသို့ ပြန်သွားသူအများစုမှာ ရောဂါကူးစက်မည်ကို ကြောက်ရွံ့သူများနှင့် ငွေကြေးတတ်နိုင်သူများသာဖြစ်ကြောင်း လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အာစိဏ္ဏကံလူမှုအကျိုးဆောင်အဖွဲ့ဝင်မှ ဦးတင်ငွေက မဲခေါင်သတင်းဌာနသို့ ပြောသည်။
“ဒီမှာ အများကြီး(မြန်မာလုပ်သား)ကျန်သေးတယ်။ ပြန်သွားတဲ့သူက ၃ပုံတစ်ပုံတောင် မရှိဘူး” ဟု၎င်းကပြောသည်။
တာချီလိတ်မြို့နယ်အတွင်းသို့ လာအိုဘက်မှတဆင့် ဝင်ရောက်လာသူ ဦးရေမှာ ဇန်နဝါရီလ ၂၈ရက်က (၈၄)ဦး၊ ဇန်နဝါရီလ ၂၉ရက်က ၆၀၁ဦး၊ ဇန်နဝါရီလ (၃၀)ရက်က လူဦးရေ ၃၀၀ကျော် (၃)ရက်အတွင်း စုစုပေါင်းလူဦးရေ တစ်ထောင်ကျော်ရှိေကြာင်း တာချီလိတ်ခရိုင်လူဝင်မှုကြီးကြပ်ေရးဦးစီးဌာနမှ သိရသည်။
MK-001
#MeKongNews