စင်ကာပူ၊ ဇန်နဝါရီ ၃၁

ဗိုင်းရပ်စ်များကာကွယ်ရန် လူများ နှာခေါင်းစည်းများမှားယွင်းအသုံးပြုပါက လုံခြုံသည်ဟုမှားယွင်းခံစားရနိုင်ကြောင်း ဆေးပညာကျွမ်းကျင်သူများက အသိပေးသည်။

ဝူဟန်ဗိုင်းရပ်ဟ်ကမ္ဘာအနှံ့ပြန့်ပွားမှုကြောင့် နှာခေါင်းစည်း၀ယ်ယူအသုံးပြုသူများနေချိန်တွင် အသိပေးခြင်းဖြစ်သည်။

တခြားသူများကို ကာကွယ်ရန် နေမကောင်းသူများနှင့် ချောင်းဆိုးသူများသာ နှာခေါင်းစည်းများတပ်ဆင်အသုံးပြုသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)၏ မလေးရှား၊ ဘရူနိုင်းနှင့်စင်ကာပူနိုင်ငံများမစ်ရှင်နှင့်ကိုယ်စားပြုခေါင်းဆောင် ဒေါက်တာဂျက်ကလင်း ယင်ယူလိုကပြောသည်။

“နှာခေါင်းစည်း၀တ်တာအပြင် လုပ်နိ်ုင်တာတွေအများကြီးရှိတယ်။ လုပ်ရမယ့်အရာတွေအများကြီးရှိတယ်”ဟု CANသတင်းဌာနကို ဒေါက်တာယင်ကပြောသည်။

“နှာခေါင်းစည်း၀တ်ထားတာကပဲ ကူးစက်မခံရဖို့ အဖြေမဟုတ်ပါဘူး”ဟုလည်းပြောသည်။

“ကျွန်တော်ထင်တာတော့ နှာခေါင်းစည်းတွေက လုံခြုံတယ်ဆိုတဲ့အသိမှားတစ်ခု လူတွေကြားထဲရောက်သွားနိုင်တယ်လို့ ကျွန်တော်တော်တော်တွေးမိပါတယ်” ဟုလည်း W.H.O၏ ကမ္ဘာ့ရောဂါပြန့်ပွားမှုနှင့် နိုးကြားမှုတုံ့ပြန်ရေးကွန်ရက်ဥက္ကဋ္ဌ ပါမောက္ခဒေးလ် ဖစ်ရှာကလည်းပြောသည်။

“ကျန်းမာရေးလုပ်သားတွေကတော့ နှာခေါင်းစည်းဘယ်လိုတပ်ရမလဲ၊ စနစ်တကျဘယ်လိုပစ်ရမလဲ၊ ဘယ်အချိန်မှာသုံးရမလဲဆိုတာ လေ့ကျင့်ထားပြီးသားလေ။ လူတော်တော်များများ နှာခေါင်းစည်းတပ်နေကြတာ ကျွန်တော်တွေ့တယ်။ နဖူးပေါ်ရောက်လို့ရောက်၊ မေးစေ့အောက်ရောက်လို့ရောက်နဲ့။ စနစ်တကျဘယ်လိုတပ်ရမလဲသိကြပုံမရဘူး” ဟုလည်း ပါမောက္ခဖစ်ရှာကပြောသည်။

နှာခေါင်းစည်းများကိုထိပြီးနောက် မျက်စိနှင့်မျက်နှာတို့ကိုလက်နှင့်ထိမိပါက အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်များပြန့်နှံ့နိုင်သည်ဟုလည်း အသိပေးသည်။

လက်ရှိတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံတွင်သေဆုံးသူ ၂၁၃ ယောက်ရှိလာပြီး လူ ၁၀၀၀၀ နီးပါးအထိကူးစက်နေသည်။

နောက်ထပ်နိုင်ငံ ၁၈ နိုင်ငံတွင် ကူးစက်ခံရသူ ၉၈ ယောက်ရှိနေသော်လည်း သေဆုံးမှုမရှိချေ။

ဝူဟန်ဗိုင်းရပ်စ်သည် ကမ္ဘာ့ကျန်းမာရေးအရေးပေါ်အခြေနေဟု ကြာသပတေးနေ့တွင် W.H.Oမှ ကြေညာခဲ့သည်။

Source- CNA
#ဥက္ကာ #MeKongNews
Photo- People’s Daily

Leave a comment

Design a site like this with WordPress.com
Get started