
တာချီလိတ်၊ ဖေဖော်ဝါရီ ၄
မူစလင်အမျိုးသမီးကြီးတစ်ဦးကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်သည်ဟု တပ်မတော်၏ စွပ်စွဲချက်ကို AA က ငြင်းဆိုလိုက်ပြီး မြန်မာ့တပ်မတော်၏ ‘နယ်မြေရှင်လင်းရေး’ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း မူစလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် သက်သေအထောက်အထားများကို အမှန်တရားဖော်ထုတ်ရန် ကြိုးပမ်းနေသည့် နိုင်ငံတကာအဖွဲ့များထံ အမြန်ဆုံး ပေးပို့သွားမည်ဟု ဖေဖော်ဝါရီလ ၄ရက်က တုံ့ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၃ရက်က မြန်မာ့တပ်မတော်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကင်တောင်ကျေးရွာအား AA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး သိန်းတန်ကျေးရွာမှ သက်ကြီးပိုင်း မူစလင်အမျိုးသမီးကြီး တစ်ဦးကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်သည်ဟု စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စွပ်စွဲပြောဆိုချက်မှာ AA အပေါ် မဟုတ်မမှန် စွပ်စွဲချင်ဖြစ်ပြီး အပြစ်ပုံချရန် ကြိုးစားခြင်း ဖြစ်ကြောင်း၊ တည်ငြိမ်စပြုလာသည့် ရခိုင်ဒေသတွင်း ပဋိပက္ခများ တကျော့ပြန်လည် ဖြစ်ပွားလာစေရန် မြန်မာ့တပ်မတော်က ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဖန်တီးဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့တပ်မတော်၏ ‘နယ်မြေရှင်းလင်းရေး’ ခေါင်းစဉ်ဖြင့် ၂၀၁၇ခုနှစ်၊ ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း မူစလင်ဘာသာဝင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး မြုပ်နှံခဲ့သည့် နောက်ထပ် မြေပုံအညွှန်းနေရာများနှင့် သက်သေအထောက်အထားများကို အမှန်တရားဖော်ထုတ်ရန် ကြိုးပမ်းနေသော နိုင်ငံတကာအဖွဲ့များထံ အမြန်ဆုံး ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
AA အနေဖြင့် ICJ တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာက လူမျိုးတုံး သတ်ဖြတ်မှုဖြင့် တရားစွဲစဉ်ကလည်း ထောက်ခံကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး ၎င်းတို့ထံတွင် မြန်မာ့တပ်မတော်၏ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများ ရှိကြောင်း သတင်း ထုတ်ပြန်ဖူးသည်။
MK – 001