Photo by Wai Moe(NPW)

နေပြည်တော်၊ ဖေဖော်ဝါရီ ၄
ဝေမိုး(နေပြည်တော်)

မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ခုနှစ်မှစတင်၍ ကျဆင်းလာရာ ၂၀၁၉ခုနှစ်တွင် ကမ္ဘာပေါ်၌ ဒုတိယအဆင့်မှ တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

ဖေဖော်ဝါရီ(၄)ရက် နေပြည်တော် Horizon Lake View Resort Hotel ၌ ပြုလုပ်ခဲ့သည့် မြန်မာနိူင်ငံ၏ ဘိန်းစိုက်ပျိုးမှုစစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း အစီရင်ခံစာ မိတ်ဆက်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၇ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှုဟက်တာ (၄၁၀ဝ၀)ရှိခဲ့ရာက ၂၀၁၈ခုနှစ်မှာ ဟက်တာ(၃၇၃၀ဝ)သို့ လည်းကောင်း၊ ၂၀၁၉ခုနှစ်မှာ ဟက်တာ(၃၃၁၀ဝ)အထိ နှစ်အလိုက် ကျဆင်းခဲ့ပါတယ်။ ဘိန်းစိုက်ပျိုးမှု လျော့ကျသလို ဘိန်းထုတ်လုပ်မှုကလည်း လျော့ကျခဲ့ပြီး ၂၀၁၇ခုနှစ်မှ မက်ထရစ်တန်(၅၅၀)နဲ့ ၂၀၁၈ခုနှစ်မှာ မက်ထရစ်တန် (၅၂၀)နဲ့၂၀၁၉မှာ မက်ထရစ်တန် (၅၀၈)အထိ ကျဆင်းခဲ့ပါတယ်။ မြန်မာနိူင်ငံရဲ့ ဘိန်းထုတ်လုပ်မှုသည် ကမ္ဘာပေါ်မှာ ဒုတိယအဆင့် ရှိခဲ့ရာကနေ ယခုအခါ တတိယအဆင့် ရောက်ရှိသွားပြီကို မြန်မာပြည်သူများအား အသိပေးလိုကြောင်း ပြောကြားလိုပါတယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။

ထို့ပြင် မြန်မာနိူင်ငံ မူးယစ်ကာကွယ်တားဆီးရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့နှင့် ပူးပေါင်း၍ မြန်မာနိူင်ငံ၏ ဘိန်းစိုက်ပျိုးမှုစစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူများ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀ဝ၁ခုနှစ်မှစတင်ကာ ဆောင်ရွက်ခဲ့ပါကြောင်း မြန်မာနိူင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်သူမှ ဆိုခဲ့သည်။

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် နောင်တရားမြို့နယ်တွင် အစားထိုးဖွံ့ဖြိုးရေး အထူးစီမံကိန်း Pilot Project အဖြစ် သတ်မှတ်ပြီး နိူင်ငံတော်ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးမှ ပြောကြားခဲ့သည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started