
ချင်းမိုင်၊ ဖေဖော်ဝါရီ ၅
ထိုင်းစစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ တနင်္လာနေ့က ထိပ်တိုက်တွေ့ခဲ့သည့် နေရာနှင့် ကီလိုမီတာ အနည်းငယ်အကွာတွင် စိတ်ကြွဆေးပြား (၂)သန်းကို ထပ်မံဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော် ပြန်ကြားရေးစင်တာ၏ ထုတ်ပြန်ချက်အရ သိရသည်။
တနင်္လာနေ့က စစ်တပ်နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ ထိပ်တိုက်တွေ့ပြီး စိတ်ကြွဆေးပြား ၂ ဒဿမ ၉သန်းနှင့် ဘိန်းဖြူ ၂၇ ကီလိုကျော် ဖမ်းမိသည့် နေရာနှင့် အနည်းငယ်အကွာရှိ ချင်းဒါခရိုင်အတွင်းမှ တောအုပ်ထဲတွင် စိတ်ကြွဆေးပြား ၂သန်းကို ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်။
မောင်နဒေသ၊ ပါဘွန်ငါန်းကျေးရွာအတွင်းရှိ တောင်များအနီးမှ တောအုပ်အတွင်း ဖမောင်းအခြေစိုက်တပ်မှ စစ်သားများနှင့် အခြားအဖွဲ့များမှာ အရာရှိများက အင်္ဂါနေ့က ပူးပေါင်းရှာဖွေကြခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ အဆိုပါနေရာနှင့် မီတာ ၃၀၀ခန့်အကွာတွင် တစ်အိတ်လျှင် စိတ်ကြွဆေးပြား တစ်သိန်းပါသည့် တောတွင်းသုံးကျောပိုးအိတ် အလုံး ၂၀ ကို ထပ်မံတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးများကို နဝေရဲစခန်းသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တနင်္လာနေ့က မြန်မာ-ထိုင်းနယ်စပ်မှ ကီလိုမီတာ ၂၀ခန့်အကွာရှိ ပါဘွန်ငါန်းကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် လူ ၂၀ခန့်ပါ မှောင်ခိုအဖွဲ့နှင့် ထိုင်းစစ်တပ်တို့ ထိတွေ့မှုဖြစ်ခဲ့သည်။
ထိတွေ့မှုကြောင့် ထိုင်းစစ်သား (၂)ဦးဒဏ်ရာရပြီး မူးယစ်မှောင်ခိုသမားများ ထွက်ပြေးသွားကြသည်။
ထိတွေ့မှု ဖြစ်သည့်နေရာတွင် စိတ်ကြွဆေးပြား တစ်သိန်းစီပါသည့် အစိမ်းရောင် ကျောပိုးအိတ် (၂၉)လုံး(စိတ်ကြွဆေးပြား ၂ဒဿမ၉သန်း)၊ ဘိန်းဖြူ ၂၇ ဒဿမ ၂ ကီလိုနှင့် လက်နက်ခဲယမ်းအချို့ကို ဖမ်းဆီးရမိခဲသည်။
Ref: Bangkok Post
Photo – Armyprcenter Facebook page