
စင်ကာပူ၊ ဖေဖော်ဝါရီ ၆
နိုင်ငံ ၁၀၀ ကျော်မှဝန်ထမ်းများပါဝင်ခဲ့သည့် နိုင်ငံစုံပါဝင်သည့်ကုမ္ပဏီကြီးတစ်ခု၏ စင်ကာပူမှဝန်ထမ်း ၃ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့W.H.Oက ထိုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်။
ဇန်နဝါရီလလယ်က Grand Hyattဟိုတယ်တွင် ပြုလုပ်ခဲ့သည့်ကုမ္ပဏီညီလာခံနှင့် ဆက်စပ်နေသောဗိုင်းရပ်စ်ကူးစက်မှု ၃ မှု မလေးရှားနှင့်တောင်ကိုရီးယားတို့တွင်တွေ့ရှိခဲ့ပြီး နောက်ထပ်တက်ရောက်သူ ၄ ယောက်တွင်လည်း လက္ခဏာများပြနေသည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးညတွင်ထုတ်ပြန်သည်။
တရုတ်နိုင်ငံမှတက်ရောက်သူများထဲတွင် ဝူဟန်မြို့မှလူတစ်ယောက်လည်းပါဝင်ကြောင်း မလေးရှားအာဏာပိုင်များကပြောသည်။
အဆိုပါညီလာခံနှင့်ဆက်စပ်ပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း W.H.Oပြောခွင့်ရသူ Olivia Lawe-Davies ကပြောသည်။
နိုင်ငံတော်တော်များမျာ းတိုးမြှင့်စောင့်ကြည့်ထောက်လှမ်းနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုများပိုတွေ့လာနိုင်ကြောင်းလည်း ပြောသည်။
စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၂၈ မှုရှိနေပြီး လူလူချင်းကူးစက်သည့်ဖြစ်ရပ်တချို့လည်း ရှိနေသည်။
စင်ကာပူ စီးပွားရေးအစည်းအဝေးနှင့် ဆက်စပ်နေသည့် ဖြစ်ရပ်များက တရုတ်နိုင်ငံပြင်ပတွင် လူလူချင်းထိတွေ့ဆက်ဆံမှုဖြင့်ပြန့်နှံ့နေကြောင်းဖော်ပြနေသည်။
တရုတ်နိုင်ငံမှ လုပ်ဖော်ကိုင်ဖက်များနှင့် အစည်းအဝေးတူတူတက်ခဲ့သည့်အသက် ၄၁ နှစ်အရွယ် မလေးရှားနိုင်ငံသားတစ်ယောက် ကူးစက်ခံရကြောင်း ထုတ်ပြောပြီးနောက် ညီလာခံနှင့်နှင့် ဗိုင်းရပ်စ်ပြန့်ပွားမှုဆက်စပ်နေကြောင်း မလေးရှားအာဏာပိုင်များ ပထမဆုံးဖော်ထုတ်ခဲ့သည်။
အစည်းအဝေးတက်ခဲ့သူများ ကူးစက်ခံရမှု ၂ မှုရှိကြောင်း တောင်ကိုရီးယားကလည်း အတည်ပြုခဲ့ပြီး ကူးစက်ခံရသောမလေးရှားနိုင်ငံသားနှင့် ထို ၂ ယောက် နေ့လည်စာအတူစားခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြသည်။
စင်ကာပူနိုင်ငံမှ တက်ရောက်သူ ၁၅ ဦးထဲမှ ၄ ဦးကို စင်ကာပူအမျိုးသားကူးစက်ရောဂါစင်တာသို့ လွှဲပြောင်းပေးခဲ့ကြောင်းလည်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
နိုင်ငံခြားမှ တက်ရောက်သူများ စင်ကာပူမှပြန်သွားကြောင်းလည်း ဖြည့်စွက်သည်။
ကူးစက်မှုအကြောင်း အင်္ဂါနေ့တွင် ကျန်းမာရေးဝန်ကြီးဌာနကအသိပေးပြီးနောက် ဟိုတယ်တွင်း အတွင်းကျကျစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တည်းခိုသူများကြားကူးစက်သည်ဟု မကြားရကြောင်း ဟိုတယ်ပြောခွင့်ရသူGerald Khengက ပြောသည်။
နှံ့နှံ့စပ်စပ်ရှင်းလင်းရေးလုပ်ရန် စင်ကာပူအစိုးရ ခန့်အပ်ထားသည့်ပြင်ပအေဂျင်စီတစ်ခုနှင့် ဟိုတယ် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ဟိုတယ်အထွေထွေမန်နေဂျာ Willi Martinက ပြောသည်။
စင်ကာပူမှ စီးပွားရေးလုပ်ငန်းများက စီးပွားရေးနှင့်မီဒီယာအခမ်းအနားများ ဖျက်သိမ်းထားသော်လည်း လာမည့်တစ်ပတ်တွင် Singapore AirShow ကို အကျဉ်းချုပ်ကျင်းပရန်ရှိနေသည်။
Source-Reuters
ဥက္ကာ #MeKongNews
Photo- Tim Chong/ Reuters