တာချီလိတ်၊ ဖေဖော်ဝါရီ ၆

တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံများနှင့် ကာစီနိုရုံများ ဖွင့်လှစ်နေမှုအပေါ် မျက်ကွယ်ပြုထားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၆ရက် နံနက်ပိုင်းက တောင်ကြီးမြို့တွင် ပြုလုပ်သည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အုပ်ချုပ်ရေးတာဝန်ရှိသူများကို သတိပေးပြောကြားလိုက်သည်။

ဟိုတယ်တွင် ကာစီနိုရုံထည့်သွင်းဖွင့်လှစ်ထားသည့် အချက်အလက်များ အတိအကျရထားပြီး ဟိုတယ်စာရင်းကိုလည်း ရရှိထားကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောသည်။

“တာချီလိတ်၊ Gambling(လောင်းကစား) အရမ်းများတယ်။ ကျွန်တော်သိတယ်။ ရွှီးပြီး ပြောနေတာမဟုတ်ဘူး။ ဟိုတယ်တွေမှာ။ ဟိုတယ်နာမည်စာရင်းနဲ့ တကွကျွန်တော်သိတယ်။ အဲဒီဟိုတယ် ဆယ့်လေးငါးခြောက်လုံး ကျွန်တော်နာမည်နဲ့တကွ သိတယ်” ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ယင်းသို့ ပြောဆိုပြီး နာရီပိုင်းအတွင်း တာချီလိတ်မြို့ရှိ လောင်းကစားဂိမ်းခုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဝိန်းကျောက်ရပ်ကွက် အတွင်းရှိ လောင်းကစားရုံ ၅ရုံကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“နေရာ ၅နေရာ ဝင်ဖမ်းတယ်။ စက်တွေနဲ့ ငွေတွေနဲ့ လူ (၈)ဦးနဲ့မိတယ်” ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထို့ပြင် ဟိုတယ်နှင့် တွဲဖွင့်ထားသည့် ကာစီနိုရုံများလည်း ပိတ်လိုက်ပြီး ဝန်ထမ်းများကို ပြန်လွှတ်လိုက်ကြောင်း အဆိုပါ ဝန်ထမ်းများထံမှ သိရသည်။

အဆိုပါ ကာစီနိုရုံများတွင် ထိုင်းနိုင်ငံဘက်မှ လာရောက်အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားလည်း အလုံးအရင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၁)ပေါ်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများထံမှ သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started