တံတား(၁)ပေါ်မှခြေလျင်ဖြတ်သန်းသွားသူများကို အော်တိုအပူချိန်တိုင်းစက်ဖြင့် စောင့်ကြည့်နေစဉ် Photo by MeKong News

တာချီလိတ်၊ ဖေဖော်ဝါရီ ၆

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တာချီလိတ်မြို့၊ မြန်မာ – ထိုင်း ချစ်ကြည်ရေးတံတား (၁)ပေါ်မှ ဖြတ်သန်းသွားလာသည့် နိုင်ငံခြားသား ခရီးသွားများကို ကျန်းမာရေးစစ်တမ်းကို ဖေဖော်ဝါရီလ (၅)ရက်မှ စတင်ကာ ကောက်ခံနေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေစစ်တမ်း – Health Declaration Form တွင် လူပုဂ္ဂိုလ် အချက်အလက်အချို့နှင့် ခရီးသွားလာမှုမှတ်တမ်းများကို ဖြည့်စွက်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးချက်များကိုလည်း မြန်မာ၊ အင်္ဂလိပ်၊ တရုတ်ဘာသာ (၃)မျိုးဖြင့် ရေးသားဖြန့်ဝေပေးနေကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။

“ဖြည့်ခိုင်းတယ်ဆိုရင် သူတို့ ဒီကို ဘယ်လေယာဉ်နဲ့ လာခဲ့လဲ။ ဘယ်ကားနဲ့ လာခဲ့လဲ။ ဘယ်နိုင်ငံက လာလဲ။ မြန်မာနိုင်ငံတွင်းမှာနေမယ့် လိပ်စာတွေ သူတို့ကို ပြောပြခိုင်းတဲ့သဘောပေါ့” ဟု ၎င်းကပြောသည်။

ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၁)ပေါ်မှ ဖြတ်သန်းသွားလာသူများကို အလိုအလျောက်အပူချိန်တိုင်းစက်ဖြင့် စောင့်ကြည့်မှုများ ပြုလုပ်နေသလို ကား၊ ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသူ များကိုလည်း မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့၏ အကူအညီဖြင့် လက်ကိုင်အဖျားတိုင်းစက်များဖြင့် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ထို့အပြင် တာချီလိတ်မြို့နယ်အတွင်းရှိ အခြားဝင်ပေါက်များဖြစ်သည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ်တံတားတို့တွင်လည်း ကျန်းမာရေးဝန်ထမ်းများ ချထားကာ အဖျားတိုင်းတာ စောင့်ကြည့်မှုများ ပြုလုပ်လျှက်ရှိသလို တာချီလိတ်လေဆိပ်တွင်လည်း ဖေဖော်ဝါရီလ (၅)ရက်မှ စတင်ကာ အပူချိန်တိုင်း စောင့်ကြည့်မှုများ ပြုလုပ်လျှက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started