
တာချီလိတ်၊ ဖေဖော်ဝါရီ ၇
တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားပြည်သူအားလုံး သာတူညီမျှအခွင့်အရေး ရရှိနိုင်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားရန် သမ္မတ ဦးဝင်းမြင့်က (၇၃)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြသည်။
ဖေဖော်ဝါရီလ ၇ရက်တွင် ကျရောက်သည့် (၇၃)ကြိမ်မြောက်ရှမ်းပြည်နယ်နေ့ အခမ်းအနားကို တာချီလိတ်မြို့တွင် နံနက် ၇နာရီက ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ဒု-ခရိုင်အုပ်ချုပ်ရေးမှူးဦးမောင်မောင်နိုင်မှဖတ်ကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံမှပေးပို့သည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဖတ်ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် တိုင်းရင်းသား ညီအကိုမောင်နှမများကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ကို အခြေခံကာ သံသယများကို ဖယ်ရှားပြီး ပြည်ထောင်စု စိတ်ဓာတ်ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးမှုသည် ပြည်ထောင်စုအတွက် အဓိက မောင်းနှင်အားဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
(၇၃)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာအဆို/အကများဖြင့်ဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ဌာနဆိုင်အကြီးအကဲများ မြို့မိမြို့ဖများနိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
MK – 001