တာချီလိတ်၊ ဖေဖော်ဝါရီ ၈

ကျိုင်းတုံမြို့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်) အတွက် အလုပ်အမှုဆောင်အဖွဲ့ ပြည်လည်ရွေးချယ်ပွဲအကြို ညှိနှိုင်းအစည်းအဝေးကို တာချီလိတ်မြို့၊ 1G18 ဟိုတယ်တွင် ဖေဖော်ဝါရီလ ၈ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဖေဖော်ဝါရီ ၁၄ရက်တွင် ကျိုင်းတုံမြို့ Amazing Hotel ၌ အလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်မည် ဖြစ်ရာ အဆိုပါအလုပ်အမှုဆောင်အဖွဲ့သစ်အတွက် တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများကို အကြိုညှိနှိုင်းပြီး စည်းကမ်းသတ်မှတ်ချက်များကို ကြိုတင်ရှင်းပြသည်။

ရွှေတြိဂံဇုန်အတွက် အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ရာတွင် ဥက္ကဌနေရာကို တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းရှင်များထဲမှ တစ်ဦးဦးကို တာဝန်ထမ်းဆောင်ရန် အများက အလိုရှိသည့်အတွက် အဆိုပါ ဥက္ကဌနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့်သူကို ကြိုတင်ညှိနှိုင်းရွေးချယ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ လက်ရှိ ဒုတိယဥက္ကဌ ကိုအာကာက ပြောသည်။

“ရွှေတြိဂံဇုန်ဆိုတဲ့ အထဲမှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းဆက် အကုန်ပါပါတယ်။ ၁၄ရက်နေ့မှာ ကျိုင်းတုံမှာ ဆန္ဒမဲပေးပြီးတော့ ရွေးချယ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အဆိုပြုမယ်လူကို ကြိုတင်ပြီးတော့ ဆန္ဒကောက်ခံတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကြိုတင်ညှိနှိုင်းရာတွင် ဥက္ကဌနေရာအတွက် ဟိုတယ်တာချီလိတ်ပိုင်ရှင် ဦးထွန်းနေဦးက ဝင်ရောက်ယှဉ်ပြိုင်ရန် သဘောတူကြပြီး ဒုဥက္ကဌနေရာအတွက် 1G1 ဟိုတယ်မှ ဦးအောင်နိုင်က ဝင်ရောက်ယှဉ်ပြိုင်ရန် သဘောတူခဲ့ကြောင်း ကိုအာကာ ကပြောသည်။

ထို့အပြင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် သူအချို့လည်း ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။

ရွှေတြိဂံဇုန် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲပြီးပါက တာချီလိတ်တွင် ရုံးခန်းဖွင့်လှစ်ကာ ဟိုတယ်လုပ်ငန်းကဏ္ဌ တိုးတက်ရေးအတွက် စုပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဥက္ကဌအဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် ဦးထွန်းနေဦးက ပြောသည်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)တွင် တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ်တို့မှ ဟိုတယ် ၇၀ကျော်၏ ပိုင်ရှင်နှင့် ကိုယ်စားလှယ်များပါဝင်ပြီး ယင်းထဲတွင် ဟိုတယ် ၅၃လုံးမှာ တာချီလိတ်မှ ဖြစ်သည့်အတွက် ဥက္ကဌ နေရာကို တာချီလိတ်မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးဦးကို အများက တာဝန်ထမ်းဆောင်စေလိုခြင်း ဖြစ်ကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started