
ကိုရတ်၊ ဖေဖော်ဝါရီ ၉
အထက်အရာရှိအပါအဝင် အပြစ်မဲ့လူပေါင်း ၂၁ဦးကို သေနတ်ဖြင့် လိုက်လံသတ်ဖြတ်ကာ တစာခံများ ဖမ်းဆီးထားသည့် ထိုင်းစစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူကို ပစ်ခတ်ကာ သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၉ရက် နံနက်ပိုင်းက ထုတ်ပြန်သည်။
အဆိုပါထိုင်းစစ်သားကို ပစ်သတ်နိုင်လိုက်ပြီဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် အနူတင်ချန်ဗီရခူလ်က အတည်ပြုပေးခဲ့ပြီး ၎င်း၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၁ဦး သေဆုံးသွားကြောင်း သိရသည်။
ယခု ပစ်ခတ်မှုမှာ ထိုင်းခေတ်သစ်သမိုင်းတွင် အကြီးများဆုံး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်သည်။
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာခရိုင်က ကိုရတ်မြို့ ဆူရာသမ်ပီတက်စစ်အခြေစိုက်စခန်းမှ ထိုင်းတပ်ကြပ် ဂျာကရာပန့် သွမ်မာ ဖေဖော်ဝါရီလ ၈ရက် ညနေပိုင်းက ၎င်း၏ အရာရှိဖြစ်သူကို ပစ်သတ်ကာ လက်နက်တိုက်မှ သေနတ်နှင့် ကျည်အမြောက်အများကို ယူဆောင်ထွက်ပြေးသွားပြီး လမ်းတွင်တွေ့သည့် လူအုပ်ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် လူအမြောက်အများသေဆုံးခဲ့ပြီး ၎င်းက အနီးရှိ Terminal 21 ဈေးဝယ်စင်တာသို့ ဝင်ရောက်ခဲ့ပြီး လူအများအပြားကို ဓားစာခံအဖြစ် ထိန်းသိမ်းထားခဲ့သည်။
Ref: Khaosod English