
နခွန်ရတ်ချာဆီမာ၊ ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံ၊ နခွန်ရတ်ချာဆီမာခရိုင်က ကိုရတ်မြို့လယ်ရှိစျေးဝယ်စင်တာတစ်ခုတွင် စျေးဝယ်သူများကိုသေနတ်ဖြင့်ပစ်ခတ်သည့် ထိုင်းစစ်သားသေနတ်သမားကိုချေမှုန်းရန် ထိုင်းရဲအသေခံတပ်ဖွဲ့များရောက်ရှိနေပြီး စင်တာမြေညီထပ်မှဓားစာခံများကို ကယ်ထုတ်ထားနိုင်နေပြီဖြစ်သည်။
စင်တာထဲပိတ်မိနေသူများကို ဘေးကင်းကင်းကယ်ထုတ်နိုင်ကြောင်းလည်း ထိုင်းသတင်းများတွင်ဖော်ပြနေသည်။
စနေနေ့ည ၈ နာရီခန့်တွင် ဓားစာခံ ၁၄ ဦးထိန်းသိမ်းထားပြီးနောက် ည ၁၀ နာရီကျော်တွင် ကယ်ထုတ်နိုင်ခြင်းဖြစ်ရာ ဓားစာခံများပါဝင်ခြင်းရှိ၊ မရှိလည်းမရှင်းလင်းသေးချေ။
သံသယတရားခံမှာ အသက် ၃၂ နှစ်ရှိ ထိုင်းတပ်ကြပ် ဂျာကရာပန့် သွမ်မာဖြစ်ပြီး လက်ရှိအချိန်အထိစာရင်းများအရ လူ ၂၀ ကိုအကြောင်းမဲ့ပစ်သတ်ခဲ့သည့်အပြင် အာဏာပိုင်များနှင့် ပြေးလွှားပစ်ခတ်နေသည်။
ထိုတိုက်ခိုက်သူက သူ၏လူမှုကွန်ရက်တွင် စတိုက်ခိုက်ကတည်းက စာများနှင့်ဗီဒီယိုများ ဆက်တိုက်တင်နေသည်။
မည်သည့်အကြောင်းကြောင့်တိုက်ခိုက်ကြောင်းမသိရသေးသော်လည်း စနေနေ့ညနေ ၇ နာရီခန့်က အကောင့်ဖျက်ခဲ့သည့် သူ၏Facebookစာမျက်နှာတွင် လက်စားချေသည်ဟု ရေးသားထားသည်။
ထိုစစ်သားမှာ ခရိုင်အတွင်းရှိဆူရာသမ်ပီတက်စစ်အခြေစိုက်စခန်းမှဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။
၎င်း၏ Facebook စာမျက်နှာမပျက်ခင်က ၂၀၁၁ ခုနှစ်တွင် ကလေးအများစုပါသော လူ ၆၀ ကျော်ကိုသတ်ခဲ့သည့်နော်ဝေးနိုင်ငံသားအစွန်းရောက်တစ်ဦး၏ လုပ်ရပ်ကိုလေ့လာနေကြောင်း တင်ခဲ့သည်။
နေ့လည်ပိုင်းက ကိုယ်ပိုင်အိမ်တစ်လုံးတွင် လူ ၂ ယောက်ကိုစတင်ပစ်ခတ်ခဲ့ပြီး စစ်အခြေစိုက်စခန်းတစ်ခုသို့သွားကာ လက်နက်များနှင့်ဟမ်းဘီးကားတစ်စင်းခိုးယူခဲ့သည့်အပြင် အစောင့်တစ်ယောက် အပါအဝင် တပ်ဖွဲ့ဝင်များကိုလည်းပစ်ခတ်ခဲ့သည်။
စခန်းမှ ဟမ်းဘီးကားနှင့် ထွက်ပြေးခဲ့ပြီးနောက် လိုက်ဖမ်းသည့်ရဲတစ်ယောက်ကိုလည်း ပစ်ခတ်ခဲ့ပြီး စင်တာအဝင်တွင် ဓာတ်ငွေ့အိုးကို သေနတ်ဖြင့်ပစ်ခတ်ဖောက်ခွဲခဲ့သည်။
ပြီးခဲ့သည့်လကလည်း လော့ဘူရီခရိုင်တွင် ရွှေဆိုင်တစ်ဆိုင်ကိုဝင်ရောက်လုယက်ပြီးနောက် စကားပြောတတ်ကာစကလေးငယ်တစ်ယောက်အပါအဝင် လူ ၃ ယောက်ကိုပစ်သတ်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
Source- Coconuts
#ဥက္ကာ #MeKongNews
Photo- Coconuts