
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀
တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မှုခင်းများ ဖော်ထုတ်နိုင်ရေးအပါအဝင် ဒုစရိုက်မှုများကို ကြိုတင်ကာကွယ်ရေး အတွက် ‘ကျားမင်း’ စီမခံချက်ကို ချမှတ်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက ဖေဖော်ဝါရီလ ၁၀ရက်တွင် ပြောသည်။
ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းက တာချီလိတ် OSS ရုံးတွင် ကျင်းပပြုလုပ်သည့် ဒုစရိုက်မှု ကာကွယ်နှိမ်နင်းရေး အစည်းအဝေး အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဒုစရိုက်အမှုကြီးများကို ဖော်ထုတ်နိုင်ရန်၊ မှုခင်းကျဆင်းရေးဆောင်ရွက်ရန်၊ မှုခင်းများနှင့် ဆက်စပ်နိုင်သည့် လောင်းကစားမှုများ နှိမ်နင်းရေးအတွက် စီမံချက်တစ်ရပ်ကို ချမှတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရဲမှူးကြီး တင်ဇော်ထွန်းက ပြောသည်။
“နောက်ပြီးတော့ အခုဆို အလုပ်လက်မဲ့တွေ များလာတယ်။ အဲဒီကနေတဆင့် ကာလတစ်ခုအတွင်းမှာ ငွေကြေးလိုအပ်ချက်အရ ဒုစရိုက်မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကိုလည်း ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့” ဟု ၎င်းက ပြောသည်။
‘ကျားမင်း’ စီမံချက်ကို ရက်(၉၀) ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၁)ရက်မှ စတင်ဆောင်ရွက်နေကြောင်း ရဲမှူးကြီး တင်ဇော်ထွန်းက ပြောသည်။
“ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေ ထပ်ပြီးတော့ မဖြစ်ပွားဖို့အတွက် ရဲတပ်ဖွဲ့အင်အားတွေ ထပ်ဖြည့်တင်းပြီး ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဖြစ်ပွားခဲ့သည့် သေနတ်ပစ်မှု၊ ဓားပြမှု၊ လုယက်မှုကဲ့သို့ မှုခင်းဖြစ်စဉ်များကို ပြန်လည်သုံးသပ်သည့် အခါ နေ့လည်ခင်းအချိန်တွင် ဖြစ်ပွားမှုများသည့်အတွက် နေ့ခင်းအချိန်တွင် မှုခင်းဖြစ်ပွားတတ်သည့် နေရာများ၌ လှည့်ကင်း၊ ရပ်ကင်းများ ချထားဆောင်ရွက်နေကြောင်း တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ပြင် ရပ်ကင်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် နေရာများ၌ Police Box များလည်း ချထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
MK – 001