
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၀
အွန်လိုင်းလောင်းကစားဂိမ်းကဲ့သို့ အင်တာနက် အသုံးပြုပြီး လုပ်ဆောင်သည့် မှုခင်းကိစ္စရပ်များကို တားဆီးနိုင်ရန်အတွက် အင်တာနက်လိုင်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ အနေဖြင့် ပူပေါင်းသတင်းပေးရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီလ ၁၀ရက်က ခေါ်ယူဆွေးနွေးသည်။
နေအိမ်များနှင့် ဟိုတယ်များမှ အင်တာနက်လိုင်းများ ရယူရာတွင် လိုအပ်သည့် ပမာဏထက် ပိုမိုများပြားသည့် ပမာဏများရယူခြင်း၊ အင်တာနက်သွားရောက် တပ်ဆင်ပေးရာတွင် အင်တာနက်လောင်းကစားပြုလုပ်ရန် ပြင်ဆင်နေမှုများ တွေ့ရှိပါက ကြိုတင်တားဆီးနိုင်ရန်အတွက် အင်တာနက်ကုမ္ပဏီများမှ အာဏာပိုင်များထံ သတင်းပေးပြီး ပူးပေါင်းဆောင်ရွက်ရန် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အင်တာနက် ကုမ္ပဏီများကို ပြောသည်။
“အွန်လိုင်းဂိမ်းဆိုတဲ့ ဟာတွေက အင်တာနက်မရှိဘဲ ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဒါကြောင့် ပူးပေါင်းပါဝင်ကြဖို့ ပြောကြားရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အင်တာနက်ကုမ္ပဏီများဘက်မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဆွေးနွေးရာတွင် သုံးစွဲသူမှ အင်တာနက်လိုင်းရယူပါက အင်တာနက် ကုမ္ပဏီ အနေဖြင့် သွားရောက်တပ်ဆင်ပေးရုံသာ ဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်အတွက် အသုံးပြုရသည်ကို သိရှိခြင်း မရှိကြောင်း၊ နောက်ပိုင်းသုံးစွဲမှုများကို အင်တာနက် ကုမ္ပဏီများ အနေဖြင့် ဝင်ရောက် ကြည့်ရှူ့ခြင်းလည်း မရှိကြောင်း တင်ပြဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၀ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် OSS ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို ရဲတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်မည့် ကိစ္စရပ်များကို ပြောကြားပြီး တာချီလိတ်ခရိုင်ဥပဒေအရာရှိကလည်း လောင်းကစားဥပဒေနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးတွင်ပြသည်။
တာချီလိတ်မြို့နယ်အတွင်း MPT၊ MyTel၊ Im-Net၊ Htin Htin အပါအဝင် အင်တာနက် ကုမ္ပဏီ ၁၀ ခုခန့်မှ Fiber အင်တာနက် ဝန်ဆောင်မှု ပေးလျှက်ရှိသည်။
MK – 001