
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၁
ဟိုတယ်တွင် ကာစီနိုများ ပိတ်လိုက်ရသည့်အတွက် အချိန်အကန့်အသတ်မရှိ အလုပ်ရပ်နားခံရသည့် အလုပ်သမား ၁၀၀ ကျော်က အလုပ်အကိုင်ပြန်လည် ရရှိရေးအတွက် တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၁ နံနက်ပိုင်းက ဝိုင်းဝန်းတောင်းဆိုကြသည်။
လာရောက်တောင်းဆိုသူ များမှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မယ်ခေါင်မြစ်ဟိုတယ်မှ အလုပ်သမားများဖြစ်ပြီး အလုပ်ရပ်နားခံရသည့်အတွက် လုပ်ခလစာ မရရှိတော့ဘဲ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲသို့ လာရောက်တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။
အဆိုပါဟိုတယ်တွင် အလုပ်သမား (၅၀၀)ခန့်ရှိပြီး ကာစီနိုများ ပိတ်လိုက်ချိန်မှ စတင်ကာ အလုပ်သမား (၃၀၀)ကျော် အလုပ်ရပ်နားခံထားရကြောင်း အလုပ်သမားရုံးသို့လာရောက်တောင်းဆိုသည့် အလုပ်သမားတစ်ဦး ဖြစ်သူ ကောလင်းမြို့မှ အလုပ်လာရောက်လုပ်ကိုင်သည့် ကိုဇင်မျိုးအောင်က ပြောသည်။
“အလုပ်ပိတ်လိုက်တော့ အကုန်အခက်အခဲတွေ ဖြစ်နေတယ်။ နေဖို့ထိုင်ဖို့ စားဖို့ သောက်ဖို့ကအစ အခက်အခဲတွေ ဖြစ်နေတယ်။ အလုပ်သမား (၃၀၀)ကျော် အခက်အခဲ ဖြစ်နေတယ်” ဟု၎င်းက ပြောသည်။
ရုတ်တရက် အလုပ်ရပ်နားလိုက်သည့်အတွက် နေစားရိတ်၊ စားစရိတ် အခက်အခဲဖြစ်သွားပြီး လက်ထဲတွင်ရှိသည့် ငွေကြေးဖြင့် အလွန်ဆုံး လကုန်ခန့်အထိသာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း မြစ်သားမြို့မှ လာရောက်အလုပ်လုပ်ကိုင်သည့် မဟန်နီထွန်းက ပြောသည်။
“(တာဝန်ရှိသူတွေကို) သိစေချင်တယ်။ အခု အလုပ်လက်မဲ့ဖြစ်သွားတဲ့ သူတွေက ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး။ အထက်ကို မြန်မြန်သိစေချင်ပါတယ်။ အခုဒီမှာက ကိုယ်တစ်ယောက်ထဲ ရပ်တည်တာ မဟုတ်ဘူးလေ။ အိမ်မှာက မိဘတွေ၊ ညီကိုမောင်နှမတွေ အများကြီး ရှိသေးတယ်။ ရုတ်တရက်ကြီး အလုပ်ကရပ်သွားတော့ မိဘတွေကို ဘယ်လိုထောက်ပံ့မယ်ဆိုတဲ့ အစီအစဉ် မရှိတော့ဘူး” ဟု၎င်းက (ငိုလျှက်) ပြောသည်။
ယခုကဲ့သို့ အလုပ်သမားရုံးသို့ လာရောက်ရခြင်းမှာလည်း လုပ်ခလစာ လျော်ကြေး ရရှိရေးထက် အလုပ်တစ်ခု ပြန်လိုချင်သည့်အတွက် လာရောက်အကူအညီတောင်းခြင်းသာ ဖြစ်ကြောင်း မန္တလေးတိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သည့် မစန်းစန်းလှိုင်က ပြောသည်။
“အလုပ်မရရှိရင် အခက်အခဲဖြစ်ပြီ။ ဗမာပြည်မှာ(ကျန်တဲ့လူတွေ)က လကုန်တာနဲ့ ပိုက်ဆံပဲ မျှော်နေကြတာ” ဟု၎င်းက ပြောသည်။
အလုပ်သမားများ လာရောက်တင်ပြသည့် ကိစ္စရပ်များကို စာဖြင့် တင်ပြရန် လမ်းညွှန်ပေးခဲ့ပြီး ၎င်းတို့ စာဖြင့် တင်ပြလာသည်ကို ပြည်နယ်မှူးထံ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အလုပ်သမား ညွှန်ကြားမှူ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တောင်ကြီးမြို့တွင် သမ္မတပြောကြားပြီးနောက် တာချီလိတ်မြို့တွင် ရပ်ကွက်တွင်းဖွင့်ထားသည့် လောင်းကစားဂိမ်းခုံများသာမက ဟိုတယ်များမှ ကာစီနိုရုံများပါ ပိတ်လိုက်ရသည့်အတွက် အလုပ်သမား (၇၀၀၀)ခန့် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
MK – 001