
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂
ဟိုတယ်အတွင်းမှ နတ်စင်ကို သေနတ်ဖြင့် (၄)ချက်ပစ်ပြီး ထွက်ပြေးသည့် ထိုင်းနိုင်ငံသား၏ နေအိမ်ထဲတွင် မူးယစ်ဆေးဝါးမျိုးစုံနှင့် လောင်းကစားဂိမ်းစက်များကို ဖေဖော်ဝါရီလ ၁၂ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ်အတွင်းမှ နတ်စင်ကို ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၇နာရီခွဲခန့်က သေနတ်ဖြင့် (၄)ချက်ပစ်ကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသား အကျစ်၏ ဝန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တွင် အိုက်စ် (၃၆၀)ဂရမ်၊ အက်တက်စီဆေးပြား (၄၉)ပြားနှင့် လောင်းကစားဂိမ်းစက် အသေး (၂၁)လုံးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
အဆိုပါနေအိမ်ကို မိန်ကလေး (၂)ဦး လာရောက်တံခါးဖွင့်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ခေါ်ယူစစ်ဆေးရာ နေအိမ်တွင်မွေးထားသည့် ခွေးများကို အစာလာကျွေးခြင်းဖြစ်ကြောင်း သိရသဖြင့် သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာမှ အဆိုပါပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။
အမှုမှ တရားခံ အကျစ်ဆိုသူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။