
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၃
စစ်တပ်ကပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ၃လအတွင်း ပြန်လည်ရုပ်သိမ်းကြဖို့ ထိုင်းစစ်ဦးစီးချုပ် အပီရတ်ကောင်ဆွန်ပွန်က ပြောဆိုလိုက်သည်။
စနေနေ့က ဖြစ်ပွားခဲ့သည့် စစ်တပ်မှ အရာခံဗိုလ်တစ်ဦးက လူအမြောက်အများကို ပစ်သတ်ခဲ့မှုနှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိကအကျိုးစီးပွား ဆက်နွယ်သည့် ကိစ္စရပ်တစ်ခုကို အခြေခံပြီး စတင်ခဲ့သည့် အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၃၀ဦးသေဆုံးပြီး ၅၈ဦး ဒဏ်ရာရခဲ့သည်။
သေဆုံးဒဏ်ရာရသူများ၏ ဆွေမျိုးသားချင်းများကို စစ်ဦးစီးချုပ်က တောင်းပန်လိုက်ပြီး ငွေကြေးထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်သလို ၎င်းတို့၏ မျိုးဆက်များကိုလည်း စစ်တပ်အတွင်း အလုပ်နေရာများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ကတိပြုပြောဆိုလိုက်သည်။
စစ်တပ်မှ ရွေးချယ်ခံရသူအချို့ကို ဈေးသက်သက်သာသာဖြင့် အိမ်ရာဝယ်ယူခွင့်အပါအဝင် စီးပွားရေးနယ်ပယ် အသီးသီးတွင် စစ်တပ်က ကာလကြာရှည်ပါဝင်ပတ်သက်နေမှုကို စစ်ဦးစီးချုပ်က ဝန်ခံခဲ့ပြီး ထိုသို့ပါဝင်နေမှုများ ယခုအခါရပ်သင့်ပြီဟု သူက ဆိုသည်။
“လာမယ့် ၃လအတွင်း ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်အထိ အားလုံး ပြင်ပမှာ စီးပွားရေးလုပ်နေတာတွေ လုံးဝကို မရှိစေရတော့ပါဘူး။ ကျွန်တော် ဂရုမစိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာတွေက အမှားဖြစ်စေလဲဆိုတာ ကျွန်တော်သိလို့ပါ” ဟု ထိုင်းစစ်ဦးစီးချုပ်က ပြောသည်။
စစ်တပ်အရာရှိများကို တပ်မှချထားပေးသည့် အိမ်ရာများတွင် ဆယ်စုနှစ်များစွာကြာ အခမဲ့ နေထိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့အနေဖြင့် အငြိမ်းစားယူသည့်အခါ အိမ်ရာဝယ်ယူရန်အတွက် ငွေကြေးစုဆောင်းနိုင်မည် ဖြစ်ကြောင်း အပီရတ်ကပြောသည်။
အငြိမ်းစားယူသွားသည့် စစ်တပ်အရာရှိများအနေဖြင့်လည်း နောက်အရာရှိများ ဆက်လက်နေထိုင်နိုင်ရန် ၎င်းတို့ကို ပေးထားသည့် အိမ်ရာများကို စွန့်လွှတ်ဖို့ တိုက်တွန်းသည်။
“စစ်တပ်အကြီးအကဲအနေနဲ့ တာဝန်ထမ်းဆောင်တဲ့ နောက်ဆုံးရက်အထိ တိုးတက်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်သွားပါ့မယ်။ ကျွန်တော့်နေရာကို နောက်ရောက်လာမယ့် အရာရှိကလည်း ဒီအတိုင်းပဲ ဆက်လုပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု၎င်းက ပြောသည်။
ဝန်ကြီးချုပ် ပရာယွတ်ကလည်း တပ်မတော်သားများကို ရောင်းချရန် အိမ်ရာတည်ဆောက်ဖို့အတွက် မြေနေရာ ခန့်ခွဲမှုစုံစမ်းရေး အရာရှိများ သီးခြားခန့်ထားလိုက်သည်။
“ဒါ တကယ့်သင်ခန်းစာကြီးပါပဲ။ အနာဂတ်မှာ ဒီလိုအဖြစ်အပျက်တွေ မဖြစ်စေဖို့ အဖွဲ့အစည်းတိုင်းက တိုးတက်မြှင့်တင်မှုတွေလုပ်ရမယ်။ အထူးသဖြင့် အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ လူမှုကွန်ယက်က သက်ဆင်းလာမယ့် အပြုအမှုတွေအတွက်ပေါ့” ဟု၎င်းက ပြောသည်။
Ref: The Nation Bangkok
Photo : The Nation