
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၄
ဟိုတယ်များမှ အလုပ်ရပ်နားခံထားရသည့် ဝန်ထမ်း ၅၀ ကျော်မှ ၎င်းတို့ စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်ရသည့်အတွက် အလုပ်အကိုင်ရရှိရေး ကူညီပေးရန် တာချီလိတ်မြို့နယ် အလုပ်သမား ညွှန်ကြားမှူ ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၄ရက် နံနက်ပိုင်းက လာရောက် အကူအညီတောင်းခံသည်။
အလုပ်သမားများ အနေဖြင့် အလုပ်များ ရုတ်တရက် ရပ်နားခံရပြီး စားဝတ်နေရေးနှင့် မိသားစုအရေး အခက်အခဲကြုံနေကြရသည့်အတွက် ယခုကဲ့သို့ လာရောက် အကူအညီတောင်းခံခြင်း ဖြစ်ကြောင်း တောင်ငူမြို့မှ လာရောက် အလုပ်လုပ်ကိုင်သူ ဟိုတယ်တာချီလိတ်မှ ဝန်ထမ်း မပုံ့ပုံ့က ပြောသည်။
“ကျွန်မတို့ ဟိုတယ်မှာ အလုပ်ရပ်နားခံရတာ အားလုံးပေါင်း အလုပ်သမား ၄၀၀ ကျော်လောက်ရှိပါတယ်။ အရှင်းဆုံးပြောရရင် သောက်ရေ သောက်စရာက စပြီး အစစအရာရာ အခက်အခဲ ဖြစ်နေပါတယ်” ဟု၎င်းက ပြောသည်။
အကူအညီတောင်းခံရာတွင် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ အလုပ်အကိုင်ရရှိရေး ကူညီပေးမည် ဖြစ်သော်လည်း တာချီလိတ်မြို့တွင် စက်ရုံ၊ အလုပ်ရုံများ မရှိသည့်အတွက် အလုပ်သမား အားလုံး အလုပ်ပြန်လည် ရရှိရန်မှာ မဖြစ်နိုင်ဟု ပြောကြောင်း မပုံ့ပုံ့က ပြောသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးမှ အကူအညီပေးမှုဖြင့် အလုပ်အကိုင် ရရှိရန် မျှော်လင့်ထားကြောင်း ဧရာဝတီတိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သူ ကိုမင်းသူအောင်က ပြောသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အလုပ်အကိုင် ရှာဖွေပေးသည် မှန်သော်လည်း လုပ်ငန်းရှင်များမှ အလုပ်သမား လိုအပ်ကြောင်း အကြောင်းကြားလာမှသာ အလုပ်သမားရှာဖွေပေးနိုင်ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီမိုးက ပြောသည်။
“ဒီဒေသမှာက အလုပ်သမားများ လေးရာ၊ ငါးရာ၊ တစ်ထောင်၊ နှစ်ထောင်ကျော်ကို ခန့်ထားနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံ စက်မှုဇုန်မျိုးက မရှိဘူး။ ဒါကိုတော့ သူတို့(အလုပ်သမားများ) သိအောင် ပြောပြလိုက်ပါတယ်” ဟု၎င်းက ပြောသည်။
တောင်ကြီးမြို့တွင် သမ္မတပြောကြားပြီးနောက် တာချီလိတ်မြို့တွင် ရပ်ကွက်တွင်းဖွင့်ထားသည့် လောင်းကစားဂိမ်းခုံများသာမက ဟိုတယ်များမှ ကာစီနိုရုံများပါ ပိတ်လိုက်ရသည့်အတွက် အလုပ်သမား (၇၀၀၀)ခန့် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
MK – 001