တာချီလိတ်၊ ဖေဖော်ဝါရီ ၁၆

တာချီလိတ်မြို့အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပစ္စတို သေနတ်တစ်လက်၊ ကျည်ဆံ ၁၆ တောင့်နှင့်အတူ ဖေဖော်ဝါရီလ ၁၆ရက် ည ၆နာရီခွဲခန့်က ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိသည်။

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်သည့် တရားခံများကို ဖမ်းဆီးရမိရန် ရှာဖွေမှုများ ပြုလုပ်နေစဉ် ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသား စီကြီးချက်(ခ)ပေါင်အား ကို့လ် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ဆံ ၁၆တောင့်၊ ကျည်အိမ်အပိုတစ်ခုနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ထွန်းလင်းရောင်လမ်းက လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးရာကနေ ဖမ်းမိတာပါ။ အမှုတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိကို စစ်ဆေးနေပါတယ်” ဟု တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်နက်နှင့်အတူ ဖမ်းဆီးရမိသည့် စီကြီးချက်(ခ)ပေါင် ဆိုသူကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started