
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၆
မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ၁၀ရက်ကြာ သင်ကြားပေးမည့် သင်တန်းတစ်ရပ်ကို ပြန်လည်ထူထောင်းရေးဦးစီးဌာနက တာချီလိတ်မြို့နယ်၊ မိုင်းကို ပြည်သူ့စစ်ဆေးဖြတ်စခန်းတွင် ဖေဖော်ဝါရီလ ၁၀ရက်မှ ဖေဖော်ဝါရီလ ၂၀ရက်အထိ သင်ကြားလျှက်ရှိသည်။
ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (၁/၂၀၂၀)တွင် မိုင်းကိုးပြည်သူ့စစ် ဆေးဖြတ်စခန်းမှ သင်တန်းသား အယောက် ၅၀ တက်ရောက်နေပြီး ၎င်းတို့ကို ဆေးဖြတ်ကုသမှုနှင့် ပြန်လည်ထူထောင်မှု ဆောင်ရွက်ပေးလျှက်ရှိကြောင်း တာချီလိတ်မြို့ ပြန်လည်ထူထောင်ရေးစခန်းမှ စခန်းမန်နေဂျာ ဦးနိုင်စိုးမြင့်က ပြောသည်။
“မိုင်းကိုးဆေးဖြတ်စခန်းမှာ ရောက်နေတဲ့ ဆေးဖြတ်ကုသသူတွေအတွက် ဆေးဖြတ်ကုသမှုနဲ့ ပြန်လည်ထူထောင်မှုကို ခံယူနိုင်ဖို့အတွက် အဓိက ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရတာပေါ့” ဟု ၎င်းက ပြောသည်။
သင်တန်းပြီးဆုံးသွားပါက သင်တန်းတက်ရောက်ထားသူများကို တစ်နှစ်အထိ စောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တစ်နှစ်လျှင် (၂)ကြိမ်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိပြီး မိုင်းကိုးပြည်သူ့စစ် ဆေးဖြတ်စခန်း၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် (၂)ကြိမ်ဖွင့်လှစ်ခဲ့ပြီး ယခုတစ်ကြိမ်မှာ တတိယမြောက်အကြိမ်ဖြစ်ကြောင်း ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းကိုးပြည်သူ့စစ် ဆေးဖြတ်စခန်းတွင် လက်ရှိ လာရောက်ဆေးဖြတ်ကုသသူ (၈၀)ခန့်ရှိကြောင်း မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောထံမှ သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ရက် နံနက်ပိုင်းက မိုင်းကိုးပြည်သူ့စစ် ဆေးဖြတ်စခန်းတွင် ပြုလုပ်ခဲ့ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်အခြေချစစ်ဗျူဟာမှ ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောတို့ တက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် တြိဂံတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ပေးအပ်သောဆန်များကို တာချီလိတ်စစ်ဗျူဟာအဖွဲ့ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသော်ဇင်ဦးမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး တာချီလိတ်မြို့ပေါ် အလှူရှင်များမှ ထောက်ပံ့ပေးကြသော ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။