
သီလဝါစီးပွားရေးဇုံ မြေယာလျော်ကြေး ကတိကဝတ်အတိုင်း မဖြစ်၍ လွှတ်တော်၌ မေးခွန်းထုတ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
ဝေမိုး(နေပြည်တော်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီလဝါအထူးစီးပွားရေးဇုံ တည်ဆောက်ရေး၌ သိမ်းဆည်းခံ တောင်သူများအတွက် မြေယာလျော်ကြေးများ ကတိကဝတ်အတိုင်း ဖြစ်မလာသည့်အတွက် ပြည်သူ့လွှတ်တော်တွင် ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ လွှတ်တော်သို့ မေးခွန်း မေးမြန်းခဲ့သည်။
“လျော်ကြေးမရတဲ့အတွက်ကြောင့်မို့ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်ရုံးခန်းတွေမှာ လာရောက်ဆွေးနွေးကြတယ်။ ၂၀၁၇ခုနှစ် ဇန်နဝါရီလမှာလည်း မူလတောင်သူတွေနဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ဇုံကော်မတီတို့နဲ့ ညှိနှိုင်းခဲ့ကြပါတယ်။ ပေးမယ်လို့လည်း ဂတိကဝတ်တွေရခဲ့ပါတယ်။ မပေးတဲ့အတွက်ကြောင့်မို့ ၂၀၁၈ခုနှစ်မတ်လမှာ တာဝန်ရှိတဲ့သူတွေနဲ့ တောင်သူတွေနဲ့ ပြန်တွေ့တဲ့အခါမှာ သင်္ကြန်မတိုင်ခင် ပေးမယ်လို့လည်း ပြောပါတယ်။ သို့သော်လည်း ယနေ့အချိန်ထိ မရရှိခဲ့ပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
ဖေဖော်ဝါရီ(၁၄)ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အေးမြမြမျိုးမှ မြေယာလျော်ကြေးပေးအပ်ရန် ဂတိပေး ညှိနှိုင်းထားသည့်အတိုင်း တိကျသည့်အချိန် သတ်မှတ်ပေးပါရန်နှင့် ပြန်လည်နေရာချထားရေး လျော်ကြေးနစ်နာကြေး ပေးအပ်ရေးတို့ကို တိကျခိုင်မာပြီး မျှတသော မူဝါဒဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးမည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဆက်စပ်မေးခွန်းထုတ်ခဲ့ရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု မြိုင်သာယာကျေးရွာ ကွင်းအမှတ်(၆၂၂) ချောင်းအနောက်ကွင်းမြေအား ၁၉၉၆-၉၇ခုနှစ် မြို့ပြနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘန့်ဘွေးကုန်းဆည် တည်ဆောက်ရာ၌ မလွတ်ကင်းမှုကြောင့် ပြန်လည်နေရာချထားရေးအတွက် သိမ်းဆည်းခဲ့ရာတွင် သီလဝါအထူးစီးပွားရေး စီမံခန့်ခွဲရေးကော်မတီမှ မြေယာလျော်ကြေးကိစ္စရပ်များနှင့် လက်သိပ်ထိုးပေးနေမှုအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှ မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
မြေယာလျော်ကြေး ပေးသည့်အခါ၌လည်း မည်သူအား မည်၍မည်မျှ ပေးခဲ့သည်ဆိုခြင်းအား ပြောကြားခဲ့ခြင်းမရှိသလို စီမံခန့်ခွဲမှု ကော်မတီမှ လက်မှတ်ထိုးခိုင်း၍ မိမိတို့၏ တာဝန်ရှိသူများမှ ပြန်လည်တိုင်ကြားခဲ့သည့်အတွက် ဒုသမ္မကြီးဆီသို့ ပြန်လည်တင်ပြခဲ့ပြီးနောက် မြေယာလျော်ကြေး ပေးသည့်အခါတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လက်သိပ်ထိုးပေးနေမှုအပေါ် အခြေအနေမှန်အား တင်ပြရခြင်း ဖြစ်ပါကြောင်း ဒေါ်အေးမြမြမျိုးမှ ဆိုခဲ့သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဦးအောင်ထူးက “မြေယာလျော်ကြေး ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရဲ့ အစိုးရအဖွဲ့များက စီမံဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ကို လွှဲပြောင်းပေးထားတဲ့ မြေပေါ်မှာ ကျွန်တော်တို့အနေနဲ့ စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာ တောင်သူများအနေနဲ့ မြေယာလျော်ကြေးတွေ မရရှိခဲ့ဘူးဆိုရင် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို တိုင်ကြားနိုင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။