
ဘေကျင်း၊ ဖေဖော်ဝါရီ ၁၇
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေ ၁၇၇၀ ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က တနင်္လာနေ့ နံနက်ပိုင်းက အတည်ပြုသည်။
ရောဂါကူးစက်ခံထားရသူ အရေအတွက်မှာ ၇၀၅၀၀ဦးကျော် ရှိနေပြီး ဟူဘေးခရိုင်ပြင်ပတွင် ရောဂါကူးစက်ခံရမှု ကျဆင်းလာကြောင်း ကော်မရှင်က ဆိုသည်။
ကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ နောက်ဆုံး ၂၄နာရီအတွင် ဟူဘေးခရိုင်ပြင်ပတွင် ရောဂါထပ်မံတွေ့ရှိသူ ၁၃၀ဦးသာ ရှိတော့ပြီး လွန်ခဲ့သည့်သီတင်းပတ်က ၄၅၀ဦးရှိခဲ့ရာမှ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ်တွင်လည်း ကိုရိုနာဗိုင်းရပ်စ် COVID-19ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်ကျန်းမာရေးဝန်ကြီး ချန်ရှီချောင်းက တနဂ်နွေနေ့တွင် အတည်ပြုသည်။
သေဆုံးသူမှာ အသက် ၆၀ ဝန်းကျင်ရှိအမျိုးသားဖြစ်ပြီး ဆီးချိုရောဂါနှင့် အသည်းရောင်အသားဝါဘီပိုးရှိသူ ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်ပြည်မကြီးသို့ သွားရောက်ခဲ့သည့်ရာဇဝင် မရှိကြောင်းလည်း အသိပေးသည်။
ယခုသေဆုံးမှုမှာ ကူးစက်ခံရသူ ၂၀ ရှိနေသည့်ထိုင်ဝမ်တွင် ပထမဆုံးသေဆုံးမှုဖြစ်သည်။
ယနေ့တွင် ကူးစက်ခံရသူဦးရေ ၃ ရက်ဆက်တိုက်ကျဆင်းကြောင်း တရုတ်ပြည်မကြီးအစိုးရကထုတ်ပြန်သည်။
စနေနေ့က အာရှတိုက်ပြင်ပဗိုင်းရပ်စ်ကြောင့်ပထမဆုံးအဖြစ် ပြင်သစ်နိုင်ငံတွင် လူတစ်ယောက် သေဆုံးခဲ့ပြီးနောက် ယခုထိုင်ဝမ်မှ အမျိုးသားသေဆုံးခြင်း ဖြစ်သည်။
Source- CNA, Reuters, AFP
ဥက္ကာ #MeKongNews
Photo- People’s Daily China