
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၇
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့ကြား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြင်ဆင်ရေးအစည်းအဝေး ပြုလုပ်ရာတွင် NCA လက်မှတ်မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၇ရက်က ရန်ကုန်မြို့၊ NRPC တွင် ပြုလုပ်သည့် အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ NCA-S-EAO အစည်းအဝေး၌ NCA-S-EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်းက အစည်းအဝေးနှုတ်ခွန်းဆက်အမှာစကားတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေး အစည်းအဝေး ကျင်းပတဲ့အခါမှာ NCA စာချုပ် လက်မှတ်ရေးမထိုးထားသေးတဲ့ ညီနောင်EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တွေ ပါဝင်တက်ရောက် နိုင်ရေးကိုလည်း ဒီနှစ်ရက်တာ အစည်းအဝေးမှာထည့်သွင်း ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ထို့အပြင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လူထုအကြံဉာဏ်ရယူပွဲ (Public Consultation) များ ကျင်းပနိုင်ရေးအတွက်လည်း ယခုကျင်းပသည့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
ယခုကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာစေရန် နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက်ဆဲ ကာလဖြစ်သည့်အတွက် ဆွေးနွေးညှိနှိုင်းရန် အဆင်သင့် မဖြစ်သေးသည့် အကြောင်းအရာများကို အစည်းအဝေးတွင် ဆွေးနွေးခြင်း မပြုဘဲ ချန်လှပ်ခဲ့ရန် လိုအပ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောဆိုသည်။
အစိုးရနှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ NCA-S-EAO ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ရက်နှင့် ၁၈ရက်တို့တွင် ရန်ကုန်မြို့၊ NRPC စင်တာ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
MK – 001
MeKongNews
Photo – NCA-S-EAO