
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈
ကတ်တမင်းမူးယစ်ဆေးဝါးနှင့် အတူ ဖမ်းဆီးရမိသူ၏ နေအိမ်ကို ဆက်လက်စစ်ဆေးရာ M 16 ရိုင်ဖယ်တစ်လက်နှင့် ကျည်တောင့် ၄၀၀ နီးပါကို ဖေဖော်ဝါရီလ ၁၇ရက် ညနေပိုင်းက တာချီလိတ်မြို့တွင် ဖမ်းဆီး ရမိသည်။
ဖေဖော်ဝါရီလ ၁၇ ရက် ည ၄နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် မော်တော်ယာဉ်ဖြင့်ရောက်ရှိလာသူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာ အုပ်စု၊ ဝမ်တုံကျေးရွာနေ စိုင်းရှဲန်ဝန်း ၂၀ နှစ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသော ကတ်တမင်းအလေးချိန် ၉၀ဝ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီး စိုင်းရှဲန်ဝန်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ အမေရိကန်နိုင်ငံလုပ် M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 9 MM Luger ကျည် ၁၀ဝ တောင့်တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းရှဲန်ဝန်းကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MeKongNews
Source – CCDAC Myanmar