
တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တိုင်းတာချက်များအရ တာချီလိတ်မြို့၏ လေထုအရည်အသွေး အညွှန်းကိန်း- AQI မှာ အစိမ်းရောင် အဆင့်တွင်သာ ရှိနေကြောင်း တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းရေး ဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီလ ၈ရက်မှ ၁၄ရက်အထိ (၇)ရက်တာ တိုင်းတာချက်များအရ တာချီလိတ်မြို့၏ လေထုထဲတွင် PM 10 အမှုန်ပါဝင်မှုမှာ အနိမ့်ဆုံး ၆မှ အမြင့်ဆုံး ၈ အထိသာ ရှိပြီး ဆာလဖာဒိုင်အောက်ဆိုဒ် – SO2 ပါဝင်မှုမှာ အနိမ့်ဆုံး ၀ မှ အမြင့်ဆုံး ၁၀၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် – NO2 ပါဝင်မှုမှာ အနိမ့်ဆုံး ၇မှ အမြင့်ဆုံး ၈ နှင့် ကာဗွန်မိုနောက်ဆိုဒ် CO ပါဝင်မှုမှာ သုံညသာ ရှိကြောင်း သိရသည်။
“ကျန်းမာရေး သတ်မှတ်ချက်အရ သုံညကနေ ၅၀ အထိက ကောင်းမွန်တဲ့အဆင့် အစိမ်းရောင်သတ်မှတ် ထားတဲ့အတွက် တာချီလိတ်မှာ အစိမ်းရောင်အဆင့်ပဲ ရှိပါတယ်” ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
တာချီလိတ်တွင် မီးခိုမြူ ပြသနာဖြေရှင်းရေးအတွက် ဌာနပေါင်းစုံပါသည့် ခရိုင်အဆင့် ကော်မတီဖွဲ့စည်းပြီး တောင်ယာမီးရှို့မှုများကို အလှည့်ကျ ပြုလုပ်ရန် ကွင်းဆင်းပညာပေးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း ဦးထွန်းထွန်းဦးက ပြောသည်။
“လက်ရှိအချိန်မှာ လေကလည်း အနောက်တောင်ဘက်က တိုက်ခတ်တာများနေတယ်။ တာချီလိတ်ဘက်ကို ရောက်တဲ့လေက ထိုင်းဘက်က လာတဲ့ သဘောပေါ့” ဟု၎င်းက ရှင်းပြသည်။
နိုင်ငံတကာ လေထု အရည်အသွေးဖော်ပြသည့် ဝက်ဘ်ဆိုဒ်များတွင်မူ တာချီလိတ်မြို့နှင့်ကပ်လျက်ရှိသည့် မယ်ဆိုင်မြို့၏ လေထုအခြေအနေမှာ ဖေဖော်ဝါရီလ ၁၈ရက် နံနက်ပိုင်း ဖော်ပြချက်များအရ အညွှန်းကိန်း ၁၁၇ ရှိပြီး လိမ္မော်ရောင် ရှိနေသည်။
တာချီလိတ်မြို့တွင်ရှိသည့် လေထုအရည်အသွေးတိုင်းစက်မှာ PM 10 ပမာဏ အမှုန်ကိုသာ တိုင်းတာနိုင်သေးပြီး နိုင်ငံတကာတွင် PM 2.5 ပမာဏအထိ တိုင်းတာနိုင်သည့်အတွက် လေထုအရည်အသွေးအညွှန်းကိန်းမှာ အနည်းငယ် ကွာဟမှုရှိနိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။
တာချီလိတ်အပါအဝင် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် ဆောင်းအကုန် နွေအကူးကာလဖြစ်သည့် ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းရောက်တိုင်း မီးခိုးမြူပြသနာကို ရင်ဆိုင်ရလေ့ရှိသည်။
MK – 001