
နေပြည်တော်၊ ဖေဖော်ဝါရီ(၁၈)
ဝေမိုး(နေပြည်တော်)
(၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်တွင်း ဆွေးနွေးရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၆၆)ဦးရှိသည်အနက် (၁၆၄)ဦးတို့မှ အမည်စာရင်း ပေးသွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးမှ သိရသည်။
ဆွေးနွေးရန်အတွက် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၂၈၂)ဦးမှ အမည်စာရင်း ပေးသွင်းထားကြောင်း သိရသည်။
အဆိုပါ စာရင်းပေးသွင်းထားမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် (၆၉)ဦးနှင့် အခြားပါတီများမှ(၄၉)ဦး ပါဝင်သလို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၂၈၂)ဦး ဆွေးနွေးရန်အတွက် အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။
(၂၀ဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေမူကြမ်း(၇)ခုမှ ပုဒ်မ၄၃၆(က)တွင် အကျုံးဝင်သော ပုဒ်မများနှင့် ပုဒ်မ၄၃၆(ခ)၌ အကျုံးဝင်သော ပြင်ဆင်ချက်များကို ပေါင်းစည်း၍ ဥပဒေမူကြမ်းနှစ်ခုအဖြစ် တင်သွင်းထားခြင်းဖြစ်သည်။
“NLDပါတီက ရွေးကောက်ပွဲစာတမ်းမှာပါတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်တယ်ဆိုတဲ့ သူတို့ရဲ့ အင်းမေ့ချ်ကိုယူတာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေရော ပြည်ခိုင်ဖြိုးပါတီကရော တင်ထားတာလည်းရှိတယ်။ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေး လုပ်တဲ့အခါမှာ သူတို့ပါဝင်တယ်ဆိုတဲ့ ပုံစံယူပြီးတော့မှ ကျန်တဲ့၂၀ရာခိုင်နှုန်းစီ လက်မှတ်ထိုးပြီး အစုအဖွဲ့တွေတင်တဲ့ ဟာတွေ အကုန်လုံးပျောက်သွား အောင် လုပ်လိုက်တဲ့ သဘောဖြစ်ပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်တာကို သူတို့ပါတီကပဲ လုပ်တယ်ဆိုတဲ့ အသွင်ကိုယူထားတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုလျင် (၇၅)ရာခိုင်နှုန်းကျော်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲ အရေအတွက် ရရှိမှသာ ပြင်ဆင်နိူင်မည်ဖြစ်ပြီး လက်ရှိလွှတ်တော်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း(၆၆၅)ဦး ရှိသည်အနက် (၇၅)ရာခိုင်နှုန်းကျော်ဖြစ်သော လွှတ်တော်ကိုယ်စားလှယ် (၄၉၁)ဦး၏ ထောက်ခံဆန္ဒမဲ ရရှိမှသာ ပြင်ဆင်နိူင်မည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ(၁၀)ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိူင်ငံတော် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီမှ လွှတ်တော်သို့ တင်ပြခဲ့ပြီးနောက် ဆွေးနွေးမည့် ကိုယ်စားလှယ်များရှိပါက ဖေဖော်ဝါရီ(၁၇)ရက် နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ အမည်စာရင်း ပေးသွင်းနိူင်ကြောင်း ကြေငြာထားခဲ့သည်။