Photo – NCA-S-EAO

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၈

နှစ်ရက်တာကျင်းပခဲ့သည့် အစိုးရနှင့် NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCA-S-EAO တွေ့ဆုံပွဲ ရလဒ်ကြောင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ လမ်းပွင့်သွားပြီ ဖြစ်ကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

NRPC တွင် ဖေဖော်ဝါရီလ ၁၇ရက်နှင့် ၁၈ရက် နှစ်ရက်တာကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် (၈)ကြိမ်မြောက် JICM အစည်းအဝေးမှ ချမှတ်ခဲ့သည့် အချိန်ဇယားအလိုက် ပြည်ထောင်စု ငြိမ်းချမ်ရေးညီလာခံ – UPC ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် အစည်းအဝေးများ ပြုလုပ်ရန် သဘောတူညီချက်ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – UPC ကျင်းပရန်အတွက် လိုအပ်သည့် UPDJC အတွင်းရေးမှူးများ အစည်းအဝေး၊ UPDJC အစည်းအဝေး၊ လုပ်ငန်းကော်မတီအစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ JMC အစည်းအဝေး၊ JICM အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပသွားရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

“အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများနဲ့ Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မကြာမီကျင်းပမယ့် UPDJC အစည်းအဝေးမှာ အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး လမ်းပွင့်သွားပြီလို့ ဆိုနိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်း နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်ရာတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးမှာ အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရာ၌ တပ်မတော်နှင့် RCSSတို့ကြား နေရာရွေးချယ်မှု ညှိနှိုင်းအဆင်မပြေခြင်း၊ အစိုးရဘက်မှ ဆွေးနွေးပွဲလုပ်ဆောင်ရာတွင် အစောတလျင် ပြုလုပ်ခြင်းများအပေါ် ရှမ်းတိုင်းရင်းသားပါတီများနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များက သဘောကျမှုမရှိခြင်းတို့ကြောင့် ရှမ်းပြည်နယ်အတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းနေခြင်း ဖြစ်သည်။
MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started