ဘေကျင်း၊ ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများစုမှာ အပျော့စားကူးစက်ခံရသူများဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့်အိပ်ရာထဲလဲနေသူများ ပိုမိုသေဆုံးနိုင်ကြောင်း တရုတ်သုတေသီများကထုတ်ပြန်သည်။

တရုတ်နိုင်ငံမှEpidemiologyဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်အထိ တရုတ်နိုင်ငံတဝန်းမှကူးစက်ခံရသူ ၇၂၃၁၄ ယောက်ကိုလေ့လာပြီးနောက်ထုတ်ပြန်ခြင်းဖြစ်သည်။

ဒီဇင်ဘာလကုန်ပိုင်းတွင်း ဗိုင်းရပ်စ်စတင်ပြန့်နှံ့ပြီးနောက် ယခုလေ့လာမှုသည် လူနာများအပေါ်အကြီးမားဆုံးလေ့လာမှုဖြစ်သည်။

ကူးစက်မှု ၈၀.၉ ရာခိုင်နှုန်းမှာ အပျော့စားကူးစက်ခံရမှုများဖြစ်ပြီး ၁၃.၈ ရာခိုင်နှုန်းမှာ ပြင်းထန်သော်လည်း ၄.၇ ရာခိုင်နှုန်းသာ စိုးရိမ်ရသည်။

အသက် ၈၀ နှင့်အထက်လူများမှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်ပြီး ၁၄.၈ ရာခိုင်နှုန်းသေဆုံးနိုင်သည်။

အသက် ၉ နှစ်အထိကလေးငယ်များ သေဆုံးနိုင်ချေမရှိကြောင်းလည်း သိရသည်။

အသက် ၃၉ နှစ်အထိ သေဆုံးမှုနှုန်းမှာ ကူးစက်ခံရမှု၏ ၀.၂ ရာခိုင်နှုန်းသာရှိသည်။

အသက် ၄၀ ဝန်းကျင်တွင် သေဆုံးနိုင်ချေ ၀.၄ ရာခိုင်နှုန်းရှိပြီး ၅၀ ဝန်းကျင်မှာတော့ သေဆုံးနိုင်ချေ ၁.၃ ရာခိုင်နှုန်းရှိသည်။

၆၀ ဝန်းကျင်များတွင် သေဆုံးနိုင်ချေ ၃.၆ ရာခိုင်နှုန်းရှိပြီး အသက် ၇၀ ဝန်းကျင်များတွင် ၈ ရာခိုင်နှုန်းသေဆုံးနိုင်သည်။

အမျိုးသားများသေဆုံးနိုင်ချေ ၂.၈ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများသေဆုံးနိုင်ချေ ၁.၇ ရာခိုင်နှုန်းရှိသည်။

ပျမ်းမျှအားဖြင့် သေဆုံးနိုင်ချေ ၂.၃ ရာခိုင်နှုန်းရှိသည်။

၂၀၀၄ ခုနှစ်တွင် ဆားစ်ရောဂါဖြစ်ပွားခဲ့စဉ်က ကူးစက်ခံရသူပိုနည်းသော်လည်း သေဆုံးသူ ၁၀ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်။

ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်COVID-19ကြောင့် သေဆုံးသူ ၂၀၀၄ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၇၄၁၈၅ ယောက်ရှိနေသည်။

Source – AFP
#ဥက္ကာ  #MeKongNews
Photo – People’s Daily China

Leave a comment

Design a site like this with WordPress.com
Get started