တပ်ပိုင် MEC တည်ဆောက်ခဲ့သည့် သံမဏိစက်ရုံအတွက် နေ့စဉ် ကျပ်သိန်း ၅၀၀၀ နီးပါး တရုတ်ကို အကြွေးဆပ်နေရ

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း/ Photo – MOI

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၉

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း – MEC က ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်ငွေဖြင့် တည်ဆောက်ခဲ့သည့် မြင်းခြံသံမဏိစက်ရုံမှာ လက်ရှိအချိန်တွင် လုပ်ငန်းရပ်ဆိုင်းထား သော်လည်း ၎င်းကို တည်ဆောက်စဉ်က ချေးထားသည့် အကြွေးအတွက် နေ့စဉ်ကျပ်သိန်း ၅၀၀၀နီးပါး တရုတ်ကို အကြွေးဆပ်နေရကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်က ပြောသည်။

စီမံကိန်း ရပ်ဆိုင်းထားသော်လည်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းအတွက် တရုတ်နိုင်ငံ China Development Bank (CDB) သို့ နေ့စဉ် ငွေကျပ် သိန်းငါးထောင်နီးပါး (ကျပ်သိန်း၄၉၃၀) ပေးဆပ်နေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

မန္တလေးတိုင်းဒေကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံစီမံကိန်း (မြင်းခြံ) ဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံ China Development Bank(CDB)ထံမှ ယူရိုငွေ (၁ဒဿမ၁၁၇) ဘီလီယံကို ချေးယူခဲ့ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)မှ လုပ်ငန်းဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့နောက် အဆိုပါစီမံကိန်းအား MEC မှ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၇ က ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရပ်ဆိုင်းထားခဲ့သည်ဟု ဦးဇာနည်အောင်က ပြောသည်။

ထိုသို့ ရပ်ဆိုင်းထားသော်လည်း စက်ရုံစီမံကိန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ CDB ဘဏ်မှ ငွေချေးယူထားမှုအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း CDBသို့ နေ့စဉ် ယူရိုငွေ (၃၁၅၂၇၁ဒဿမ၁၂) ပေးဆပ်နေရပြီး မြန်မာငွေနှင့်ဆိုလျှင် နေ့စဉ်ကျပ်သိန်း ငါးထောင်နီးပါး ပေးဆပ်နေရကြောင်း ဦးဇာနည်အောင်က ပြောသည်။

“MECအနေဖြင့် တရုတ်နိုင်ငံ CDBမှ ယူရိုငွေ ၁ဒဿမ၁၁၇ ဘီလီယံ ချေးယူခဲ့ပြီး ယခုအချိန်တွင် အတိုးပေါင်းအရင်း ၁ဒဿမ၆၂၅ ဘီလီယံကျော် ဖြစ်နေပါသည်။ ယခုလက်ရှိ အချိန်အထိ ရင်းနှီးမြုပ်နှံငွေမှာ ကျပ်ငွေ(၂၃၆)ဘီလီယံ ဖြစ်ပြီး စီမံကိန်းအပြီးသတ်ရန် ထပ်မံလိုငွေမှာ (ကျပ်) (၂၂၅)ဘီလီယံ ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် CDB သို့ နေ့စဉ်ပေးဆပ်နေရသည့် အတိုးပေါင်းအရင်းမှာ ယူရိုငွေ (၃၁၅၂၇၁ဒဿမ၁၂) ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ယူရိုငွေ (၃၀၆၀၅၆ဒဿမ၅၅) ဖြစ်ပါသည်။ နေ့စဉ်ပေးနေရသည့်ငွေမှာ မြန်မာကျပ်ငွေဖြင့် ကြည့်လျှင် ကျပ်ငွေသိန်းပေါင်း (၄၉၃၀)ကို နေ့စဉ်ပေးဆောင်နေရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ(၁၈)ရက်က ကျင်းပသည့် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းစာရင်းစစ်ချုပ်က တင်သွင်းထားသည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် ပတ်သက်၍ နွားထိုးကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၏ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းရာတွင် ဝန်ကြီး ဦးဇာနည်အောင်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ သံမဏိစက်ရုံစီမံကိန်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)က ၂၀၀၄ တွင် နိုင်ငံတော်ငွေဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ တွင် စက်မှုဝန်ကြီးဌာနသို့ ပြန်လည်လွဲပြောင်းပေးခဲ့သည်ဟု ဦးဇာနည်အောင်က ပြောသည်

စက်ရုံစီမံကိန်းကို အတိုးနှုန်းကြီးမားသည့် ပြည်ပချေးငွေဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းမအောင်မြင်ဘဲ ချေးငွေများကို ပြည်သူမှ ဆပ်နေရသည့်ပုံစံ ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအား ပြည်ထောင်စု အစိုးရအနေဖြင့် မည်ကဲ့သို့ အကြံပြု ပြင်ဆင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မြင်းခြံသံမဏိစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ စာရင်းစစ်ချုပ် အစီရင်ခံစာပါ တွေ့ရှိချက်များကို ကိုးကား၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ဆွေးနွေးသည်။

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းသည် ခွင့်ပြုရန်ပုံငွေ မရှိဘဲ ကြိုတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်း၊ စီမံကိန်းကာလအတွင်း Semi-Product သာ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းလစာနှင့် စရိတ်၊ အတိုးနှုန်းများကြောင့် အရှုံးများဆက်တိုက် ဖြစ်ပေါ်နေခြင်းတို့အပေါ် လိုအပ်သော စီမံခန့်ခွဲမှု၊ စီမံကိန်း ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်ရန်လိုအပ်သည်ဟု မန္တလေးတိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာက ပြောသည်။

သံမဏိစက်ရုံ(မြင်းခြံ)သည် စက်မှုဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း စက်ရုံမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စ၍ Steel Billet နှင့် Steel Slab တို့ကို Semi-Product အဆင့်သာ ထုတ်လုပ်နိုင်ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တစ်ခုတည်းကိုသာ ဖြန့်ဖြူးနိုင်ခဲ့ခြင်း၊ လည်ပတ်နေသော စက်ပစ္စည်း (Air Separation Plant) ပျက်စီးသွားသဖြင့် ပြင်ဆင်နိုင်မှု မရှိ၍ ၂၀၁၇ ဇန်နဝါရီ(၁)ရက်မှစတင်ကာ ရပ်ဆိုင်းခဲ့ခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ၂၀၁၇ ဇွန်လမှစတင်ကာ စီမံကိန်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားသည်ကို တွေ့ရကြောင်း မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ယခင်အမှတ်(၄) သံမဏိစက်ရုံ (မြင်းခြံ) ယခု အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၏ တိုးချဲ့စီမံကိန်း အဆင့်များ (Phase -2, 2A,3) တို့အတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် တရုတ်နိုင်ငံ China Development Bank (CDB) တို့ ချေးငွေစာချုပ်ကို ၂၀၁၀ ဇူလိုင်(၁၄)နှင့် ၂၀၁၁ ဇွန်လ(၁၄)ရက်တို့တွင် ချုပ်ဆိုခဲ့ကြောင်း၊ ချေးငွေပမာဏ ယူရို (၁၀၈၁ဒဿမ၈၃၀)သန်း မှ ချေးငွေသုံးစွဲမှု ယူရို (၁၀၄၂ဒဿမ၂၇၉)သန်းဖြစ်ပြီး MEC ဆောင်ရွက်ဆဲကာလတွင် ယူရို (၅၆၆ဒဿမ၉၀၀)သန်းနှင့် စက်မှုဝန်ကြီးဌာန စတင်ဆောင်ရွက်သည့် ကာလတွင် ယူရို (၄၇၅ဒဿမ၃၇၉)သန်း ဖြစ်သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၈ စက်တင်ဘာ(၃၀)အထိ ပေးဆပ်ပြီး ယူရို (၁၃၆ဒဿမ၇၀၀)သန်း ဖြစ်၍ ပေးဆပ်ရန်ကျန် ယူရို (၉၀၅ဒဿမ၅၇၉)သန်း ဖြစ်သည်ဟု ဆိုသည်။ ချေးငွေရရှိမှုအနေဖြင့် Phase 2 အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၊ Phase 2A နှင့် Phase 3 အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဆိုင်းငံ့ကာလ (၅)နှစ်ဖြင့် ချေးယူခဲ့ပြီး အတိုးပေးဆပ်ရန်မှာ စတင်ချေးယူသည့် ဘဏ္ဍာရေးနှစ်မှစ၍ အရင်းကို ဆိုင်းငံ့ကာလကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များမှ စတင်၍ ပေးဆပ်ရပါသည်ဟု တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

CDB ဘဏ်ချေးငွေကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ စတင်ချေးယူ အတိုးပေးဆပ်ခဲ့ရပြီး အရင်းကို ဆိုင်းငံ့ကာလ ကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ပေးဆပ်ခဲ့ရကြောင်း၊ Phase-2 အတွက် အရင်းပေးဆပ်ကာလမှာ ၂၀၁၅-၂၀၁၆မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ၊ Phase -2Aနှင့် Phase-3အတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှ ၂၀၃၂-၂၀၃၃ဘဏ္ဍာရေးနှစ်အထိ ပေးဆပ်ရမည်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

မြင်းခြံသံမဏိစက်ရုံ စီမံကိန်းအတွက် အတိုးနှင့် ကတိခံကြေး ပေးဆပ်ရမှုမှာ စီမံကိန်း Phase -2 အတွက် အတိုးနှုန်း ၄ဒဿမ၅ရာခိုင်နှုန်း၊ Phase-2Aနှင့် Phase-3အတွက် အတိုး ၅ရာခိုင်နှုန်းဖြစ်ပြီး အာမခံကြေး ပေးဆပ်မှုမှာ CDBမှ ထုတ်ယူရန်ကျန် ချေးငွေအပေါ် ကတိခံကြေး ဝဒဿမ၅ရာခိုင်နှုန်းဖြင့် ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။

မြင်းခြံသံမဏိစက်ရုံ၏ ပထမအဆင့်စီမံကိန်းကို နိုင်ငံပိုင်ငွေကြေးများ အသုံးပြုပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အီတလီနိုင်ငံ Danieli Co.,Ltd တို့က ၂၀၀၄ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ China Development Bank (CDB) ၏ ချေးငွေကိုရယူပြီး ဒုတိယအဆင်‌့ Phase 2 နှင့် Phase-2(A) ကို ၂၀၁၀ ဇူလိုင်နှင့် တတိယအဆင့် Phase-3 ကို ၂၀၁၁ ဇွန်လတွင် MEC မှ စာချုပ်များ ဆက်လက်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောကြားထားသည်။

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ရန်ကုန်-မြင်းခြံ ကားလမ်း မိုင်တိုင် အမှတ်(၄၅ဝ/ဝ)၏ အနောက်ဘက် ၃မိုင်ကျော်အကွာ ဆားခါးကျေးရွာအနီးရှိ မြေဧက ၅၇၄ ဒသမ ၂ ဧကပေါ်တွင် တည်ရှိသည်။

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း/ Photo – MOI

Source – Mandalay Indepth News

#MeKongNews

Leave a comment

Design a site like this with WordPress.com
Get started