မိုင်းပျဉ်းမြို့နယ်ကို ဧပြီလအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် အစိုးရရည်ရွယ်ထား

ကာလိ-မိုင်းပျဉ်းလမ်းပိုင်းတွင်တွေ့ရသည့် မဟာဓာတ်အားလိုင်းတိုင်များ/ Photo by MeKong News

တာချီလိတ်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မဟာဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းများ အတန်အသင့်ပြီးစီး နေပြီဖြစ်၍ မိုင်းပျဉ်းမြို့နယ်ကို လာမည့် ဧပြီလအတွင်း အစိုးရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ခန့်မှန်းထားကြောင်း ရှမ်းပြည်နယ်အစိုးရ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ရက်ကကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“နမ့်စမ်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗီ မဟာဓာတ်အားလိုင်းကို ၁၅၇မိုင်၊ မိုင်းပျဉ်းမှာ ဓာတ်အားခွဲစက်ရုံတစ်ခု၊ ကျိုင်းတုံမှာ ၂၃၀/၆၆/၁၁ ကေဗီအေ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်လျှက်ရှိပါတယ်။ နမ့်စမ်ဓာတ်အားခွဲရုံများလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ မိုင်းပျဉ်းကို ဓာတ်အား စတင်ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

ထို့အပြင် မိုင်းပျဉ်နှင့် ကျိုင်းတုံ ၂၃၀ကေဗီဓာတ်အားလိုင်းအတွက် တိုင်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဖြစ်သလို ဓာတ်အားကြိုးသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ကျိုင်းတုံမြို့နယ်အတွက်ကိုလည်း ၂၀၂၀ပြည့်နှစ် ဩဂုတ်လအတွင်း အားလုံးပြီးစီးအောင် ကျိုးစားဆောင်ရွက်လျှက်ရှိပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတဆင့် တင်ပြအပ်ပါသည်” ဟု လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

လက်ရှိအချိန်တွင် မိုင်းပျဉ်းမြို့နယ်၌ ည ၆နာရီ ၁၅မိနစ်ခန့်မှ ည ၉နာရီ ၁၅အထိ တစ်နေ့ ၃နာရီ မီးစက်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိကြောင်း မိုင်းပျဉ်းမြို့ခံတစ်ဦးက ပြောသည်။

“ပုံမှန်က EPC က မီးစက်မောင်းပြီး တစ်နေ့ (၃)နာရီပေးတယ်။ အခုတော့ ဆယ်တန်း စာမေးပွဲရှိလို့ ညကို ၁၀ နာရီအထိ တိုးပေးထားတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ငွေကြေးတတ်နိုင်သူများအနေဖြင့် ကိုယ်ပိုင်ရေးအားလျှပ်စစ်ဖြင့် သုံးစွဲလျှက်ရှိကြောင်း သိရသည်။
MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started