တာချီလိတ်၊ ဖေဖော်ဝါရီ ၂၁

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ရက် နေ့လည်ပိုင်းက ငါးမိုင်းခွဲရာတွင် အသုံးပြုလေ့ရှိသည့် လက်လုပ်ယမ်းပျော့ ပေါက်ကွဲပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အရန်မီးသတ်ရုံးအနီးရှိ ရတနာလမ်းသွယ်တွင် ဖေဖော်ဝါရီလ ၂၁ရက် နေ့လည် ၂နာရီခွဲခန့်က အာခါလူမျိုး အမျိုးသားတစ်ဦးသည် လက်ထဲတွင် ကိုင်ထားသည့် အချိုရည်ပုလင်းအတွင်းမှ ယမ်းပျော့ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒလင်းက ပြောသည်။

“ရုံးနားမှာ ပေါက်ကွဲသံကြားပြီး လူတစ်ယောက် ကားတွေကိုလည်း ဗုံးခွဲမယ်ပြောနေတယ်လို့ အသိက ဖုန်းဆက်လာတာနဲ့ လာကြည့်တော့ ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် လဲနေတယ်။ အဲဒါနဲ့ ကိုယ့်ကားနဲ့ကိုယ်ပဲ ဆေးရုံလိုက်ပို့ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရခဲ့သည့်လူမှာ အခင်းဖြစ်ရာနေရာအနီးရှိ မြောင်းအတွင်း ငါးမိုင်းခွဲရန် လုပ်ဆောင်ရာမှ ၎င်းလက်အတွင်း ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ရာအနီးမှ လူများက ကသုံးသပ်သည်။

“အရင်ကတော့ ဒီနေရာက ငါးမျှားတဲ့လူတွေ လာတတ်တယ်။ အရင်ကဆို လိပ်တွေတောင်ရှိတယ်။ ငါးမိုင်းလာခွဲတာမျိုးတော့ မရှိဘူး” ဟု အခင်းဖြစ်ရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပျော့ပေါက်ကွဲပြီး ဒဏ်ရာ ရရှိခဲ့သူကို တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ဆောင်ထားကြောင်း သိရသည်။

MK – 001

MeKongNews

Leave a comment

Design a site like this with WordPress.com
Get started