
ဝာချီလိတ်၊ ဖေဖော်ဝါရီ ၂၂
တာချီလိတ်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသည်ကို ခုခံရန်ကြိုးပမ်းသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ရက် နံနက် အစောပိုင်းက အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။
တာချီလိတ်မူးယစ်တပ်ဖွဲမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၆နာရီခွဲခန့်က ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်ရွာရှိ နေအိမ်တအိမ်အား ဝင်ရောက်ဖမ်းဆီးရာ ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပြန်လည်ခုခံရန်ကြိုးပမ်း သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ဦးမှုရရှိရန် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ပစ်ခတ်ခံရသူမှာ ညာဘက်ပါးမှ ကျည်ဆံဖောက်ဝင်ကာ သေဆုံးသွားသည်။
မဲခေါင်သတင်းဌာနက ရရှိသည့် ဓာတ်ပုံထဲတွင် သေဆုံးသွားသည့် ထိုင်းနိုင်ငံသား တစ်ဦးအပြင် နောက်ထပ်ဖမ်းဆီးထားသူ ၃ဦးကို တွေ့ရသည်။
ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည်ဟု ကနဦးသိရသော်လည်း အသေးစိတ်ကို မသိရသေးပေ။
MK-001
#MeKongNews