ဝင်ငွေမရှိတာ ၂ပတ်ရှိပြီဟု အန်နာက ပြောသည်။ သူက ပတ္တယား၏ ညလမ်းတွင် ကျင်လည်သည့် အသက် ၃၃နှစ်အရွယ် လိင်လုပ်သားတစ်ဦး ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကို ထိန်းသိမ်းရန် အစိုးရက ပတ္တယားညလမ်းကို ပိတ်ခိုင်းလိုက်ကတည်းက အန်နာ့မှာ ဝင်ငွေမရှိတော့ဘဲ လက်ထဲတွင် ဘတ် ၁၁၀၀၀ သာ ကျန်သည်။
ကျန်တဲ့ငွေထဲက ဘတ် ၇၀၀၀ထောင်က အိမ်လခနှင့် ရေဖိုး၊ မီးဖိုး ပေးရန် ရှိနေသည်။
“အချိန်းပိုင်း တစ်နာရီ၊ နှစ်နာရီဆို ဘတ် ၂၀၀၀ ယူတယ်(လိင်ဝန်ဆောင်မှုအတွက်)။ ကြာကြာ ၅နာရီလောက်ဆိုရင်တော့ ဘတ် ၅၀၀၀ ယူတယ်။ အခုတော့ အချိန်ပိုင်းရော၊ ကြာကြာရော၊ လိုင်းပေါ်က ချိတ်တာရော ဘာမှ မရှိတော့ဘူး” ဟု အန်နာက ကြာသပတေးနေ့က ပြောသည်။
အန်နာက လိင်ပြောင်းထားသူ တစ်ဦးလည်း ဖြစ်သည်။
အန်နာက ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ပျက်ကပ်ကြောင့်ဖြစ်သည့် စီးပွားရေးပိတ်ဆို့မှု၏ အပြင်းထန်ဆုံးရိုက်ချက်တွေကို ခံစားနေရသော လိင်အလုပ်သမ တစ်သိန်းခန့်ထဲမှ တစ်ဦးဖြစ်သည်။
ထိုင်းနိုင်ငံအနှံ့တွင် လိင်အလုပ်သမများ အနှံ့အပြားရှိနေသော်လည်း ပြည့်တန်ဆာအလုပ်သည် ဥပဒေအရ တရားမဝင်ဟု သတ်မှတ်ပြီးကတည်းက တရားမဝင်လုပ်သားများ ဖြစ်ခဲ့သည့်အတွက် အစိုးရ၏ အထောက်အပံ့လည်း လျှောက်ထားမရပေ။
Lockdown ပြုလုပ်ခြင်းသည် လိင်ခရီးသွားလုပ်ငန်းကဏ္ဍရှိ လူထောင်ပေါင်းများစွာအတွက် ဘေးဆိုးကြီး ဖြစ်လာမည်ဟု ဘန်ကောက်နှင့် ပတ္တယားရှိ လိင်လုပ်သားများကို ကူညီနေသူ စူရန်းကျန်ယန်က သတိပေးသည်။
“မတ်လ ၁၇ရက်က ကျွန်တော်မျက်ရည်ကျမိပါတယ်။ ကျွန်တော်တို့ စိတ်နှလုံးတွေ ကြိုတင်ပြင်ဆင်မထားတဲ့ ကပ်ဆိုးကြောင့် မဟုတ်ပါဘူး။ သူတို့(လိင်လုပ်သားတွေ) ခုကစပြီး ဘယ်လိုဆက်လက်ရပ်တည်မလဲ ဆိုပြီး မတွေးနိုင်တော့လို့ပါ။ သူတို့မှာ ဘာအထောက်အပံ့မှ မရှိဘူး” ဟု စူရန်းက ပြောသည်။
“ပက်ပုန်းက မီးရောင်တွေ မှောင်သွားတဲ့ညမှာ ကျွန်တော်အော်ငိုနေမိတယ်” ဟု သူက ဆက်ပြောသည်။
အစိုးရက ပတ္တယားရှိ ညအပျော်တန်းများကို ပိတ်လိုက်ပြီးနောက်ပိုင်း ပတ္တယားရှိ လိင်လုပ်သား ငါးသောင်းခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့သည်။ အများစုမှာ နေရပ်ပြန်သွားကြောင်း အန်နာကပြောသည်။ အန်နာကလည်း လိုအီ ခရိုင်က လာသူဖြစ်သည်။
သူ့အနေဖြင့် နေရပ်သို့ မပြန်သို့ မပြန်လိုကြောင်း လိင်အလုပ်သမတစ်ဦးက ပြောသည်။ ပြည့်တန်ဆာလုပ်ကိုင်သည် ဆိုသည့် အမဲစက်ကြောင့်မဟုတ်ဘဲ မြို့မှ ပြန်လာသူများတွင် ဗိုင်းရပ်စ်ပါလာသည်ဟု ကျေးလက်နေသူများက ယူဆထားသည့်အတွက်ဟု သူက ဆိုသည်။
လိင်လုပ်သားများသည့် ဗိုင်းရပ်စ်ပိုး သယ်ဆောင်ဖြန့်ဝေသူများ ဖြစ်သည်ဆိုသည့် စွပ်စွဲချက်ကို ပတ္တယားမြို့၌ပင် ကြုံနေကြရသည်။
“ဆံသတွေ၊ အဝတ်အထည်ရောင်းတဲ့သူတွေ၊ နောက်ဆုံး စားစရာရောင်းတဲ့သူတွေကတောင် ကျွန်မတို့နား မကပ်ချင်ဘူး” ဟု အန်နာက ပြောသည်။
အစိုးရကပေးသည့် လစဉ်ဘတ် ၅၀၀၀ အထောက်အပံ့အတွက် ကြိုးစားခဲ့သော်လည်း အန်နာ မရခဲ့ပေ။ လိင်ဖျော်ဖြေမှုအလုပ်မှာ အစိုးရက အွန်လိုင်းလျှောက်လွှာတွင် ဖော်ပြထားသည့် သက်မွေးဝမ်းကျောင်းမှု အမျိုးအစားတွင် မပါဝင်ပေ။ ထိုင်းနိုင်ငံအနှံ့တွင် ပြည့်တန်ဆာလုပ်ငန်းများကို တွေ့နိုင်သော်လည်း ထိုင်းဥပဒေများအရ လိင်ဖျော်ဖြေရေးမှာ တရားဝင် သက်မွေးဝမ်းကျောင်းမှု ဖြစ်မလာသေးပေ။
“ပတ္တယားမြို့က ၂၄နာရီ လည်ပတ်လှုပ်ရှားနေကြပါ။ ခုတော့ အိပ်မောကျနေပြီ” ဟု အန်နာက ပြောသည်။
လိင်လုပ်သားပေါင်း တစ်ထောင်ခန့်ဖြင့် ညစဉ်စည်ကားလေ့ရှိသည့် ဘန်ကောက်၏ ညအပျော်ရပ်ကွက် ဆွိုင်ကောင်းဘွိုင်ဘက်တွင်လည်း မတ်လ ၁၇ရက်တွင် ပိတ်ခိုင်းလိုက်သည့်အတွက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
မတ်လ တစ်ဝက်ခန့် လုံးဝပိတ်ထားရပြီး အလုပ်မရှိသော်လည်း လုပ်သား ၈၀ ခန့်ရှိသည့် လုပ်ငန်းကြီးဖြစ်သည့် Country Road ဘားအနေဖြင့် ၎င်း၏ ဝန်ထမ်း ၈၀ ခန့်ကို လစာအပြည့်ပေးထားဆဲဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူ မာမားစံက ပြောသည်။ အလုပ်မရှိဘဲ လစာပေးထားရသည့် အခြေအနေကို ဘယ်အချိန်အထိ ထိန်းထားနိုင်မည်ကို သူမသိကြောင်း မားမားစံက ပြောသည်။
“ဘယ်လိုဖြစ်မယ်မသိဘူး။ ဒီတစ်လအတွက်ပဲလည်း ဖြစ်နိုင်တယ်” ဟု သူကိုယ့်သူ မယ့်ဖတ်ဟု ပြောသည့် အသက် ၅၀ အရွယ်အမျိုးသမီးက ပြောသည်။
လိင်လုပ်သားများ၊ အထူးသဖြင့် လူမှုဘဝလုံခြုံမှုနှင့် အကာအကွယ် မဲ့နေသည့် ဘန်ကောက်ညလမ်းကြားများတွင် ဖောက်သည်စောင့်လေ့ရှိသည့် အလွတ်တန်း လိင်ဖျော်ဖြေရေးလုပ်ဆောင်သူများအတွက် သူ ဝမ်းနည်းမိသည်ဟု ခေါင်းဖြစ်သူ မားမားစံက ပြောသည်။
သူ့ဆီမှ ကောင်မလေး ၇၀ ရာခိုင်နှုန်းခန့်မှာ နေရပ်ပြန်သွားပြီဖြစ်ကြောင်း မားမားစံ မယ့်ဖတ်က ပြောသည်။ သူကတော့ ဘန်ကောက်တွင် ခိုကပ်နေပြီး ဇာတိမေ စီစခတ်သို့ မပြန်နိုင်သေးပေ။
မေလဆန်းတွင် အခြေအနေများ ပုံမှန်ပြန်ဖြစ်လာမည်ဟု ခန့်မှန်းကြောင်း မာမားစံက ပြောသည်။
“ကောင်မလေးတွေက ဧည့်သည်နဲ့ အတူထိုင် စကားပြောရမှာဆိုတော့ စိတ်ပူတယ်” ဟု မားမားစံက ပြောသည်။ ဘားပိတ်လိုက်ကတည်းက သူလည်း သီးခြားခွဲနေနေသည်။
လိင်လုပ်သားများကို ကူညီပေးနေသည့် ဖောင်ဒေးရှင်းမှ စူရန်းက ၎င်းတို့ ဖောင်ဒေးရှင်းအနေဖြင့် ဘန်ကောက်ရှိ အလုပ်လက်မဲ့ဖြစ်ပြီး ကူကယ်ရာမဲ့နေသည့် လိင်အလုပ်သမများ စာရင်းကို ကောက်ယူရန် ကြိုးစားနေသည်ဟု ဆိုသည်။ အစားအသောက်နှင့် အခြားအကူအညီများ အလိုအပ်ဆုံးသူများကို ရှာဖွေနေသည်ဟု သူမက ဆိုသည်။
“ကူးစက်ခံရပြီ(ကိုဗစ်-၁၉)ဆိုတာနဲ့ သူတို့(လိင်အလုပ်သမားတွေ)က ပထမဆုံး စွန့်ပြီးခံရပြီး အကြာဆုံး စွန့်ပစ်ခံရမယ်သူတွေပဲ” ဟု သူမက ဆိုသည်။
“ဒီအချိန်က ဒီအသက်မွေးဝမ်းကျောင်းမှုနယ်ပယ်က လူတွေအတွက် အခက်ဆုံးအချိန်ပါပဲ” ဟု သူက ဆက်ပြောသည်။
Ref: Khaosod English မှ Pravit Rojanaphruk ၏ NO JOB, NO COMPENSATION: SEX WORKERS SUFFER UNDER VIRUS SHUTDOWN ကို ဉာဏ်လင်းထက် ဘာသာပြန်ဆိုသည်။
MeKongNews