ကမ္ဘောဒီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ့ရှိကြောင်းအတည်ပြု


ဖနွမ်းပင်၊ ဇန်နဝါရီ ၂၇


ကမ္ဘောဒီးယားနိုင်ငံမှာလည်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်ပြန့်နှံ့သည့် ကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ခံရကြောင်း ကမ္ဘောဒီးယညးကျန်းမာရေးဝန်ကြီးမန် ဘန်ဟန်က တနလ်ာနေ့တွင် အတည်ပြုသည်။


ဝေဒနါရှင်မှာ ကမ်းရိုးတန်းမြို့ဆီဟန်အုတ်ဗီးမှတရုတ်နိုင်ငံသားဖြစ်ကြောင်းလည်းပြောသည်။
သူနှင့်အတူပါသည့်မိသားစုဝင် ၃ ဦးတွင်တော့ ဗိုင်းရပ်စ်မကူးစက်ကြောင်း စစ်ဆေးတွေ့ရှိသည်။


တုပ်ကွေးနှင့်တူသောဗိုင်းရပ်စ်ပိုးသစ်ကြောင့် တရုတ်နိုင်ငံမှလူ ၈၁ ဦးသေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၂၇၀၀ ကျော်ရှိနေသည်။


ကူးစက်ခံရသူအများစုမှာ တရုတ်နိုင်ငံမှဖြစ်သော်လည်း နောက်ထပ်နိုင်ငံတစ်ဒါဇင်ကျော်တွင် ကူးစက်ခံရမှုများရှိနေသည်။


အရှေ့တောင်အာရှနိုင်ငံများထဲမှ ထိုင်း၊ စင်ကာပူနှင့် ကမ္ဘောဒီးယားတို့တွင် ကူးစက်ခံရမှုများရှိနေသည်။
Source- Reuters and Kyodo

ဥက္ကာ #MeKongNews

Photo- Bangkok Post

ဝူဟန်ဗိုင်းရပ်စ်ကာကွယ်ရန် အလိုအလျောက်အပူချိန်တိုင်းစက်ဖြင့် စစ်ဆေးမှု တာချီလိတ်တွင် စတင်

တာချီလိတ်၊ ဇန်နဝါရီ ၂၇

လတ်တလောဖြစ်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု ကြိုတင်ကာကွယ်သည့် အနေဖြင့် တာချီလိတ်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား (၁)တွင် အနီအောက်ရောင်ခြည်သုံး အလိုအလျောက် အပူချိန်တိုင်းစက်ဖြင့် ခရီးသွားများကို စစ်ဆေးမှု ဇန်နဝါရီလ ၂၇ရက် ညနေပိုင်းက စတင်နေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အပူချိန်တိုင်းစက်ကို နိုင်ငံခြားသားခရီးသွားအများဆုံး ဝင်ရောက်သည့် တံတား (၁)၏ ပြည်ပအဝင်ဘက်ခြမ်းတွင် ထားရှိထားပြီး ဝန်ထမ်းအင်အားလည်း ထပ်မံတိုးမြှင့်ကာ ခရီးသွားများကို စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။

“အရင်က လက်ကိုင်အဖျားတိုင်းစက်နဲ့တိုင်းတယ်။ အခုတော့ အလိုအလျောက်တိုင်းစက်နဲ့ ဝန်ထမ်းအင်အားကိုလည်း ၂ယောက် သို့မဟုတ် ၃ယောက်ထားပြီး စောင့်ကြည့်စစ်ဆေးသွားမယ်” ဟု ဒေါက်တာ ဘစိုးသက်က ပြောသည်။

စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်နေစဉ် အပူချိန်မြင့်မားသည့် လူနာတွေ့ရှိပါက အပူချိန်ကို သေချာစွာ ထပ်မံစစ်ဆေးခြင်း၊ ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ဒေသများသို့ (၂)ပတ်အတွင်းသွားလာခြင်း ရှိမရှိ စစ်ဆေးခြင်းတို့ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သံသယဖြစ်ဖွယ်ရှိပါက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ တင်ဆောင်ကာ ကုသမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တာချီလိတ်ခရိုင်အတွင်း နေထိုင်သူများအနေဖြင့်လည်း လူစုလူဝေးနေရာများကို တတ်နိုင်သမျှရှောင်ကျဉ်ရန်၊ နှာစေးချောင်းဆိုး ဖြစ်ပါက နှာခေါင်းစည်းသုံးရန်၊ ကျန်းမာရေးဌာနများတွင် စစ်ဆေးကုသမှု ခံယူရန်နှင့် လက်ကိုသေချာစွား ဆေးကြောကြရန် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
MK – 001

MeKongNews

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ‘ဝ’နှင့် မိုင်းလားတွင် သားရဲတိရိစ္ဆာန်ရောင်းချမှု ပိတ်ပင်

တာချီလိတ်၊ ဇန်နဝါရီ ၂၇

ဝူဟန်ဗိုင်းရပ်စ် ကြိုတင်ကာကွယ်မှု လုပ်ငန်းတစ်ရပ်အနေဖြင့် သားရဲတိရိစ္ဆာန်ရောင်းချမှုကို ဇန်နဝါရီလ ၂၆ရက်မှ စတင်ကာ ပိတ်ပင်လိုက်ကြောင်း အထူးဒေသ (၂) ‘ဝ’နှင့် အထူးဒေသ (၄)  မိုင်းလားတို့က ထုတ်ပြန်ထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး သတိပေးပြီးနောက် တရုတ်နိုင်ငံတွင်လည်း ဇန်နဝါရီလ ၂၆ ရက်မှ စတင်ကာ သားရဲတိရိစ္ဆာန် ရောင်းချမှု၊ သယ်ယူမှုကို ပိတ်ပင်လိုက်သလို တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ အထူးဒေသ(၂) ‘ဝ’နှင့် အထူးဒေသ (၄) မိုင်းလာတို့တွင်လည်း ပိတ်ပင်လိုက်သည်။

အထူးဒေသ နှစ်ခုစလုံးတွင် ဇန်နဝါရီ ၂၆ရက်မှ စတင်ကာ ဝူဟန်ဗိုင်းရပ်စ် ကာကွယ်ရန်အတွက် တရုတ်နိုင်ငံတွင်းမှ ဝင်ရောက်လာသူများကို အပူချိန် စစ်ဆေးမှု ပြုလုပ်ခြင်း၊ လူစုလူဝေးသည့် ရုပ်ရှင်ရုံ၊ ကစားရုံကဲ့သို့ နေရာများကို ပိတ်ပင်ခြင်း၊ ကျန်မာရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းစွာ နေထိုင်ရန် တိုက်တွန်းခြင်း၊ မမှန်သတင်းများကို မလွှင့်ရန်နှင့် ကောလာဟလများကို မယုံကြည်ကြရန်တို့ကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ရာတွင် တောရိုင်းတိရိစ္ဆာန်များကို ရောင်းချခြင်း မပြုလုပ်ရန်လည်း ထည့်သွင်းတားမြစ်ခဲ့ကြောင်း အထူးဒေသ (၂) ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မဲခေါင်သတင်းဌာနသို့ ပြောသည်။

ထို့ပြင် အထူးဒေသ (၄) မိုင်းလား၏ ထုတ်ပြန်ချက်တွင်လည်း မြို့မဈေးနှင့် စားသောက်ဆိုင်များတွင် တောရိုင်း တိရိစ္ဆာန်များ ရောင်းချရန် မပြုလုပ်ရန် ထည့်သွင်းဖော်ြပထားသည်။

လင်းနို့နှင့် မြွေကဲ့သို့ တောရိုင်းတိရိစ္ဆာန်များမှ တဆင့်ကူးစက်ခံရသည်ဟု ယူဆရသည့် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီလ ၂၇ရက်အထိ တရုတ်နိုင်ငံတွင်း သေဆုံးသူ ၈၀ ဦး၊ ကူးစက်ခံရသူ ၂၈၀၀ ကျော် ရှိနေပြီး အခြားနိုင်ငံများဖြစ်သည့် ထိုင်း၊ ဩစတျေးလျ၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ အမေရိကန်၊ ဗီယက်နမ်၊ နီပေါ၊ ကနေဒါ၊ ပါကစ္စတန် အထိ ပျံ့နှံလျှက်ရှိသည်။

MK – 001

Photo – Ko Z

#MeKongNews

ညွှန်ချုပ်များ ကားတင်သွင်းခွင့်ပြုပြီးပါက ကျန်ဝန်ထမ်းများကို ဆက်တိုက်တင်သွင်းခွင့်ပြုမည်ဟု ဝန်ကြီးဆို

စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်/ Photo by MeKongNews

တာချီလိတ်၊ ဇန်နဝါရီ ၂၆

ညွှန်ချုပ်အဆင့်ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုပြီးပါက ကျန်ဝန်ထမ်းများကို ဆက်တိုက်ကားတင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ဇန်နဝါရီလ ၂၆ရက်က ကျိုင်းလပ်မြို့သို့ ရောက်ရှိစဉ် မဲခေါင်သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“ဆက်တိုက်သွားမှာပဲ။ ပထမ အဆင်ပြေအောင်လို့ ညွှန်ချုပ်အကြီးတန်းတွေကို ယာယီခွင့်ပြုလိုက်တာ။ ဆင့်ကဲ ဆင့်ကဲသွားမှာပဲ။ နောက်ချန်တာတော့ မဟုတ်ဘူး။ ညွှန်ချုပ်အဆင့်က လူနည်းတော့ ပထမဆုံး စနစ်တကျဖြစ်အောင် လုပ်လိုက်တာ။ ဒါတွေက နောက်ဆက်တိုက်သွားမှာ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

ကားတင်သွင်းခွင့်ပြုမည့် အစီအစဉ်များကို မကြာမီ ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး အမှားအယွင်း မရှိအောင် ညှိနှိုင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုမည်ဆိုသည့် အစိုးရ၏ မူဝါဒကြောင့် ဝန်ထမ်းများအနေဖြင့် စိတ်လှုပ်ရှားမိသလို ကိုယ့်အလှည့်ရောက်မည့် အချိန်ကို စောင့်ဆိုင်းနေကြောင်း တာချီလိတ်မြို့မှ ဦီးစီးအရာရှိ အဆင့်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

“မျှော်လင့်နေတာပေါ့။ ဒါပေမယ့် ညွှန်ချုပ်တွေကိုပဲ အရင်ပေးဦးမယ်ဆိုတော့ ကိုယ်တွေအလှည့် ဘယ်တော့ရောက်မလဲ စောင့်နေရတာပေါ့” ဟု ၎င်းက ပြောသည်။

အစိုးရဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုမည့် မူဝါဒကြောင့် အစိုးရဝန်ထမ်းများအကြား မျှော်လင့်စောင့်စားမှုများ ရှိနေပြီး အစိုးရအနေဖြင့် ပထမဆုံး ညွှန်ချုပ်အဆင့်ရှိ ဝန်ထမ်းများကို ကားတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။

MK – 001

MeKongNews

ဝမ်တာပင်းလမ်းကြောင်း ဖွင့်ပေးရန် မဖြစ်နိုင်သေးကြောင်း ကုန်သွယ်ရေးညွှန်ချုပ်ဆို

တာချီလိတ်၊ ဇန်နဝါရီ ၂၆

ကာလကြာရှည်ပိတ်ထားသည့် ကျိုင်းတုံ-မိုင်းလားဆက်သွယ်ထားသော ဝမ်တာပင်းလမ်းကြောင်းကို လုံခြုံရေးအရ ဆက်လက်ပိတ်ထားရဦးမည် ဖြစ်သည့်အတွက် အဆိုပါလမ်းကြောင်းမှ ကုန်သွယ်ရန် မဖြစ်နိုင်သေးကြောင်း ကုန်သွယ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။

တာချီလိတ်မြို့၊ မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာချီလိတ်မြို့မှ ကုန်သွယ်လုပ်ငန်းရှင်များ ဇန်နဝါရီလ ၂၆ရက် ညနေပိုင်းက တွေ့ဆုံရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ် ကုန်သွယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး က တရုတ်နိုင်ငံသို့ ဆန်နှင့် စပါး တင်ပို့ရာတွင် ဝမ်တာပင်းလမ်းကြောင်းမှတဆင့် ဖြတ်သန်းတင်ပို့ခွင့်ပြုရန် ပြည်ထောင်စုဝန်ကြီးကို တင်ပြတောင်းဆိုရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြန်လည်ဖြေကြားခဲ့သည်။

“အဲဒီလမ်း(ဝမ်တာပင်းလမ်း)ကတော့ လုံခြုံရေးအရ ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးဘူး။ အဲဒါကြောင့် ဒီဘက် ကျိုင်းလတ်ဘက်ကနေ တင်ပို့နိုင်ဖို့ လမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဦးမင်းမင်းက ပြန်လည်ဖြေဆိုသည်။

ဝမ်တာပင်းလမ်းကြောင်းမှတဆင့် တင်ပို့ခွင့်ရပါက လမ်းကြောင်းတိုသည့်အတွက် ကုန်စည်တင်ပို့မှုစရိတ် ပိုမိုသက်သာပြီး လုပ်ကိုင်ရန်ပိုမှုလွယ်ကူလာမည် ဖြစ်ကြောင်း ကုန်သည်များက ပြောဆိုသည်။

ဝမ်တာပင်းလမ်းကြောင်းကို ၂၀၁၆ ခုနှစ်စက်တင်ဘာလအတွင်းက အထူးဒေသ (၄) ‘ဝ’နှင့် အထူးဒေသ (၂) မိုင်းလားတို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီးနောက် တပ်မတော်မှ လုံခြုံရေးအရ ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။

ကျိုင်းတုံမှတဆင့် မိုင်းလားမြို့သို့ သွားမည်ဆိုပါက ဝမ်တာပင်းလမ်းကြောင်းမှ သွားပါက ၂နာရီခန့်သာ ကြာမြင့်မည် ဖြစ်ပြီး မိုင်းခတ်ဘက်မှ သွားပါက ကြာမြင့်ချိန် ၅နာရီခွဲခန့် ကြာမြင့်သည်။

MK – 001

MeKongNews

ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားမှု အရှိန်မြင့်တက်နေကြောင်း တရုတ်သမ္မတသတိပေး

ဇန်နဝါရီ ၂၆၊ ဘေကျင်း

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှစတင်​​ပြန့်ပွားခဲ့သောဗိုင်းရပ်စ်ပိုး ကူးစက်သည့်အရှိန်မြင့်တက်နေကြောင်း ​တရုတ်နှစ်သစ်ကူးအားလပ်ရက်တွင် အစိုးရအထူးအစည်းအဝေးပြုလုပ်ပြီးနောက် သမ္မတရှီကျင့်ပင်က သတိပေးသည်။
တရုတ်နိုင်ငံဟာ လက်ရှိတွင် ဆိုးရွားသည့်အခြေအနေကြုံနေရကြောင်းလည်း ရှီက အရာရှိကြီးများကိုပြောသည်။

ဒီဇင်ဘာလကုန်ပိုင်းတွင် ဝူဟန်မြို့မှစတင်တွေ့ရှိသည့်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂ ယောက်ရှိလာပြီး ကူးစက်ခံထားရသူ ၁၄၀၀ ရှိနေသည်။

ကူးစက်ခံရသည့်မြို့တော်တော်များများတွင် ခရီးသွားလာခွင့်ပိတ်ထားပြီး တနဂ်နွေနေ့မျိစတင်ကာ ဝူဟန်မြို့လယ်ခရိုင်များတွင် ကိုယ်ပိုင်ယာဉ်သွားလာခွင့်ပိတ်ထားမည်ဖြစ်သည်။

လူနာသစ် ၁၃၀၀ ကိုကုသရန် ၁၅ ရက်အတွင်း ဆေးရုံသစ်တစ်ရုံအပြီးတည်ဆောက်မည်ဟု တရုတ်အစိုးရပိုင်People’s Dailyသတင်းစာတွင်ဖော်ပြသည်။

နောက်ထပ်ကုတင် ၁၀၀၀ ဆန့်ဆေးရုံအတွက်ဆောက်လုပ်ရေးလုပ်ငန်းများစနေပြီဖြစ်သည်။

ဝူဟန်မြို့ရှိသည့်ဟူဘေးပြည်နယ်သို့ အထူးစစ်တပ်ဆေးအဖွဲ့များလည်း ရောက်ရှိနေသည်။

စနေနေ့တွင်စတင်သည့် တရုတ်နှစ်သစ်ကူးကြွက်နှစ်အတွက် အခမ်းအနားများကိုလည်း တရုတ်မြို့ကြီးတချို့တွင် ဖျက်သိမ်းထားသည်။

တရုတ်ပြည်မကြီးတွင် ခရီးသွားများကို ဖျားနာနေခြင်းရှိ၊ မရှိ ကိုယ်အပူချိန်စစ်ဆေးနေပြီး မြို့ကြီးတချို့တွင် ရထားခရီးစဉ်များ ဖျက်သိမ်းထားသည်။

ဟောင်ကောင်တွင် အမြင့်ဆုံးအဆင့်အရေးပေါ်အခြေအနေကြေညာထားပြီး ကျောင်းပိတ်ရက်များထပ်တိုးထားသည်။

တခြားနိုင်ငံတော်တော်များများတွင် လက်တစ်ဆုပ်စာရောဂါဖြစ်ပွားမှုများရင်ဆိုင်နေရပြီး လူနာများကို သီးသန့်ကုသမှုပေးနေသည်။

ယခုပြန့်ပွားနေသည့် 2019-nCov ကိုရိုနာဗိုင်းဂပ်စ်သည် တိရစာ္ဆန်များမှတစ်ဆင့် လူများထံကူးစက်ခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်သည် ပြင်းထန်သည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ပွားနိုင်သည်။

ရောဂါလက္ခဏာများမှာ အဖျား၊ ချောင်းခြောက်ဆိုးခြင်းဖြစ်ပြီးနောက် တစ်ပတ်ခန့်အကြာတွင် အသက်ရှူရခက်နိုင်သည့်အပြင် အချို့လူနာများဆေးရုံတွင်ကုသရန်လိုသည်။

Source-BBC
#ဥက္ကာ
#MeKongNews
Photo- CCTV

‘ဝ’ ဒေသတွင် ဝူဟန်ဗိုင်းရပ်စ် ကာကွယ်မှုလုပ်ငန်းများစတင်၊ KTV အပါအဝင် လူစုဝေးနိုင်သည့် နေရာများ ပိတ်ရန် ညွှန်ကြား

ဝ ဒေသမြို့တော်ပန်ဆန်း

တာချီလိတ်၊ ဇန်နဝါရီ ၂၆

တရုတ်နိုင်ငံနှင့်ထိစပ်နေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ‘ဝ’ ဒေသတွင် ဝူဟမ်ဗိုင်းရပ်စ် စစ်ဆေးရန်အတွက် တရုတ်နိုင်ငံမှ ဝင်ရောက်လာသူများကို စတင်စစ်ဆေးနေပြီဖြစ်ကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက မဲခေါင်သတင်းဌာနကို ပြောသည်။

ခရီးသွားများကို စစ်ဆေးမှုများလုပ်ဆောင်နေသလို လူစုဝေးနိုင်သည့် နေရာများဖြစ်သည့် KTV များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များကို ပိတ်သိမ်းရန်လည်း ညွှန်ကြားထားကြောင်း၊ ပြည်သူများအနေဖြင့်လည်း သန့်ရှင်းစွာ နေထိုင်ရန် ညွှန်ကြားထားကြောင်း ဦးညီရမ်းက ပြောသည်။

“သံသယရှိလူနာ၊ အပူချိန်များနေတဲ့လူတွေကို ပေးမဝင်ဘူး။ လက်ရှိကျွန်တော်တို့ဒေသမှာ ဖြစ်ပွားမှုတော့ လုံးဝမရှိသေးပါဘူး။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နည်းပညာ၊ လူအင်အားလည်း အလုံအလောက်ရှိပါတယ်။ ဝိုင်းကူညီတဲ့ နိုင်ငံတကာ NGO တွေလည်း ရှိပါတယ်” ဟု၎င်းက ပြောသည်။

ထို့ပြင် ဒေသတွင်းပြည်သူများအနေဖြင့် သတင်းမှားများကို သတိပြုရန်နှင့် သတင်းမှားများကို ဖြန့်ဝေခြင်း မပြုရန်လည်း တားမြစ်ထားကြောင်း သိရသည်။
MK – 001
#MeKongNews

ပို့ကုန်သွင်းကုန်များကို ထပ်မံဖြည်လျှော့ပေးရန်ရှိဟု ပြည်ထောင်စုဝန်ကြီးဆို

ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့် ဝမ်ပုံဆိပ်ကမ်းတွင် ဆွေးနွေးနေစဉ်/ Photo by MeKongNews

တာချီလိတ်၊ ဇန်နဝါရီ ၂၅

ပြည်ပပို့ကုန်သွင်းကုန်များနှင့် ပတ်သက်ပြီး လာမည့် ရက်ပိုင်းအတွင်း ဖြေလျှော့မှုများ ထပ်မံပြုလုပ်ရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်သန်းက ၎င်း၏ တာချီလိတ်ခရီးစဉ်အတွင်း ထည့်သွင်းပြောဆိုသည်။

ဇန်နဝါရီလ ၂၅ရက် တာချီလိတ်မြို့နယ် နယ်စပ်ဂိတ်များကို လိုက်လံစစ်ဆေးစဉ်ရာ ဝမ်ပုံဆိပ်ကမ်းတွင် ဌာနဆိုင်ရာများနှင့် ပြောဆိုဆွေးနွေးရာတွင် ဒေါက်တာသန်းမြင့်က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကုန်သွယ်မှု ဖြေလျှော့မှု အပိုင်းတွေရှိပါတယ်။ ပို့ကုန်သွင်းကုန်နဲ့ ပတ်သက်ပြီးတော့ အများကြီး ဖြေလျှော့ပေးဦးမှာ။ အထူးသဖြင့် ကန့်သတ်စာရင်းကနေ အများကြီးလျှော့ပေးဦးမှာ။ မကြာခင်ပေါ့နော်” ဟု၎င်းက ပြောသည်။

အဆိုပါဖြေလျှော့မှုနှင့် ပတ်သက်ပြီး မဲခေါင်သတင်းဌာနက ပြည်ထောင်စု ဝန်ကြီးကို ထပ်မံမေးမြန်းရာ လက်ရှိအချိန်တွင် တိုင်ပင်ဆွေးနွေးနေဆဲဖြစ်ပြီး အထူးသဖြင့် ပို့ကုန်နှင့် ပတ်သက်ပြီး ပိုမိုဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် တာချီလိတ်မြို့ကို ဇန်နဝါရီလ ၂၅ရက် နေ့လည်ပိုင်းက ရောက်ရှိလာပြီး တာချီလိတ်မြို့နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

MK – 001

MeKongNews

ကဖင်း ကီလို ၁၀၀၀၀ နှင့် စိတ်ကြွဆေးပြား ၃၀၀၀၀၀ ကျော် ပိုင်ရှင်မဲ့ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၅

တာချီလိတ်မြို့၊ မယ်ယန်းဂိတ်ရေ‌ှာင်လမ်းတွင် ဇန်နဝါရီလ ၂၄ရက် ညပိုင်းက ကဖင်း ကီလို ၁၀၀၀၀နှင့် စိတ်ကြွဆေးပြား ၃၆၀၀၀၀ ကို ပိုင်ရှင်မဲ့အဖြစ် သီးခြား၏ီ ဖမ်းဆီးရမိသည်။

စစ်ဗျူဟာ အ‌ခြေချမှ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၅ရက် ည ၈နာရီကျော်ခန့်တွင် သတင်းအရ တာချီလိတ်မြို့၊ မယ်ယန်းဂိတ်ရှောင်လမ်း(မယ်လိပါကော်သွားလမ်း) တွင် သွားရောက်စစ်ဆေးရာ တိုယိုတာ ဟိုင်းလပ် အနက်ရောင်ယာဉ်ကို ရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၃၆၀၀၀၀ ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင်နောက်ထပ် ပူးပေါင်းအဖွဲ့ တစ်ဖွဲ့က ယင်းလမ်းပေါ်ရှိ ရာဘာခြံအနီးတွင် ရပ်တန့်ထားသည့် တိုယိုတာဟိုင်းလပ် VIGO ယာဉ်ပေါ်မှ ကဖင်း ကီလို ၁၀၀၀၀ ကို ပိုင်ရှင်မဲ့ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး တာချီလိတ်မြို့မ ရဲစခန်း‌တွင် အမှုဖွင့်လှစ်ကာ ပိုင်ရှင်များကို ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#MeKongNews

ကျိုင်းတုံတွင် ကျပ် ၈ဘီလီယံ ကျော်တန်ဖိုးရှိ အိုက်စ်နှင့် သေနတ်တစ်လက်ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂‌၅

ကျိုင်းတုံမြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက် ည ၁၁နာရီခွဲခန့်က ကားတစ်စ‌ီးပေါ်မှ ကျပ် ၈ ဒသမ ၄ ဘီလိယံ တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေး ၃၃၆ ကီလိုဂရမ်ကို ဖမ်းဆီးရမိသည်။

မူးယစ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝမ်ကျန်ကျေးရွာတွင် ကင်းပုန်းစောင့်နေစဉ် လောတာမောင်းနှင်ပြီး လီဆူ လိုက်ပါလာသည့် ကားကိုစစ်ဆေးရာ အိုက်စ် ၃၃၆ ကီလိုနှင့် M 22 သေနတ်တစ်လက်နှင့် ကျည် ဆံများကို ဖမ်းဆီးရမိသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူ ၂ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။
#MeKongNews

Design a site like this with WordPress.com
Get started