တောင်ယာတဲအတွင်းမှ ဘိန်းဖြူ (၁၄၀)ဂရမ်ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၄

တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းဘေးရှိ တောင်ယာတဲတစ်ခုကို ဝင်ရောက်ရှာဖွေရာ Sponsor အချိုရည်ပုလင်းဖြင့် ထည့်ထားသည့် ဘိန်းဖြူ (၁၄၀)ဂရမ်ကို ဇန်နဝါရီလ ၂၃ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိသည်။

မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ လွယ်တော်ခမ်းကျေးရွာအုပ်စု တာချီလတ်-မိုင်းဆတ်သွားကားလမ်းဘေး ဟွေရဲမြို့ရှောင်လမ်းအနီးရှိ တောင်ယာတဲတစ်ခုကို ဝင်ရောက်ရှာဖွေရာ အားရှင်ဆိုသူကို ဘိန်းဖြူမှုန့် ထည့်ထားသည့် Sponsor အချိုရည်ပုလင်းနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၄၇)နှစ်အရွယ် အားရှင်ဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား

ဝူဟန်ဗိုင်းရပ်စ် စောင့်ကြည့်ရေးအတွက် တာချီလိတ်တွင် အင်အားတိုးမြှင့်ထား

တာချီလိတ်၊ ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားပြီး ထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံအထိ ကူးစက်ပြန့်ပွားနေသည့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ခရီးသွားများကို စစ်ဆေးရန် တာချီလိတ်မြို့တွင် အင်အားတိုးမြှင့်ထားကြောင်း တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း နိုင်ငံတကာ ခရီးသွားများဝင်ထွက်သည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား(၁)အပါအဝင် လာအိုနယ်စပ် ကျိုင်းလပ်တံတားနှင့် ဝမ်ပုံဆိပ်ကမ်းတို့တွင် စောင့်ကြည့် စစ်ဆေးရေးအတွက် အင်အားတိုးမြှင်ကာ သတိပေးတပ်လှန်မှုများ ပြုလုပ်ထားကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက ပြောသည်။

“စောင့်ကြည့် စစ်ဆေးမှုတွေကို အင်အားတိုးမြှင့်ထားတယ်။ ဆေးရုံမှာလည်း Isolation Ward (သီးသန့်လူနာဆောင်) ပြင်ဆင်ထားတယ်” ဟု ၎င်းက ပြောသည်။

တာချီလိတ်လေဆိပ်တွင်မှု ပြည်တွင်းလေကြောင်းလိုင်းများသာ အတက်အဆင်းပြုလုပ်သည့်အတွက် စောင့်ကြည့်စစ်ဆေးမှုများ မလုပ်ကြောင်း ဒေါက်တာရွှေဝင်းက ပြောသည်။

ဇန်နဝါရီလ ၂၄ရက် နေ့လည်ပိုင်းက ရန်ကုန်တွင် ဝူဟမ်ဗိုင်းရပ်စ် သံသယရှိလူနာတစ်ဦး တွေ့ရှိထားကြောင်း သတင်းများထွက်ပေါ်နေပြီး နေပြည်တော်တွင် နေ့လည် တစ်နာရီက ဝူဟမ်ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်နှိမ်နင်းရေး အစည်းအဝေး လုပ်ဆောင်လျှက်ရှိသည်။

ဝူဟမ်ဗိုင်းရပ်စ်ပျံ့နှံမှုပြမြေပုံ/ Source – USCDC

စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် ဝူဟမ်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူလူနာဦးရေမှာ ဇန်နဝါရီ ၂၄ရက် နံနက် အစောပိုင်း စာရင်းများအရ ၂၅ဦးအထိ ရှိလာပြီး ကူးစက်ခံရသူ ၈၀၀ ကျော်ရှိလာသည်။ တရုတ်နိုင်ငံပြင်ပတွင်မူ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့တွင် ရောဂါကူးစက်ခံထားရသည့် လူနာများ တွေ့ရှိထားသည်။

ဝူဟမ်ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး စတင်ဖြစ်ပွားသည့် အကြောင်းအရင်းကို မသိရသေးသလို ကုသနည်းနှင့် ကာကွယ်နည်းများလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
MK – 001

MeKongNews

အိမ်ခန်းငှားနေထိုင်သူ တစ်ဦးထံမှ စိတ်ကြွဆေးပြား (၈၀၀)ကျော် ဖမ်းဆီးရမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၄

တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်အတွင်း အိမ်ခန်းငှားနေထိုင်သူတစ်ဦးထံမှ ဇန်နဝါရီလ ၂၃ရက် နံနက်ပိုင်းက စိတ်ကြွဆေးပြား (၈၀၀)ကျော် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဇန်နဝါရီလ ၂၃ရက် နံနက် ၁၁နာရီခွဲခန့်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂) ရှိနေအိမ်တစ်အိမ်တွင် အိမ်ခန်းငှားနေထိုင်သည့် ဆိုင်ဖုန်းဆိုသူ၏ နေအိမ်အခန်းကို ဝင်ရောက်စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွဆေးပြား (၈၇၅)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၆၈)နှစ်အရွယ် ‘ဝ’ လူမျိုး ဆိုင်ဖုန်းဆိုသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းရမိရေး လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

MeKongNews

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅ဦးအထိရှိလာပြီး မြန်မာနှင့်နီးစပ်သည့် ချင်းမိုင်နှင့် ယူနန်အထိပျံ့လာ

Photo – BBC

တာချီလိတ်၊ ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ တင်သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရည်အတွက်မှာ ၂၅ဦးအထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်းများက သောကြာနေ့ နံနက်အစောပိုင်းက ထုတ်ပြန်လိုက်သည်။

ကြာသပတေးနေ့ညနေပိုင်းက ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၈ဦးရှိရာမှ သောကြာနံနက် အစောပိုင်း ထုတ်ပြန်ချိန်တွင် ၂၅ဦးအထိ တိုးပွားလာကြောင်း Bloomberg သတင်းက ဖော်ပြသည်။

အဆိုပါဗိုင်းရပ်စ်ကြောင့် စတင်တွေ့ရှိသည့် တရုတ်နိုင်ငံ ဝူဟန်မြို့ကို အာဏာပိုင်များက ကြာသပတေးနေ့ အစောပိုင်းကစတင်ကာ ပိတ်ဆို့လိုက်ပြီး ခရီးသွားလာမှုအားလုံးကို ဖြတ်တောက်ခဲ့သည်။

ပင်လယ်စာ အဓိကထားရောင်းချသည့် ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့သည့် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၅၀၀ ခန့်ရှိနေပြီး တရုတ်နိုင်ငံသာမက၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ အမေရိကန်နိုင်ငံများအထိ ပျံ့နှံနေသည်။

မြန်မာနိုင်ငံနှင့် နီးစပ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဗိုင်းရပ်စ်ပိုး ပျံ့နှံလာပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးမှာ ဆားစ်ရောဂါနှင့် ဆင်တူကြောင်းသိရသည်။

အဆိုပါဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်ပြီး ဆေးသိပ္ပံပညာရှင်များ ကိုယ်တိုင် သေချာစွာ မသိရသေးသလို မည်သို့ ကုသကာကွယ်ရမည်ကိုလည်း သေချာစွာ မသိကြသေးပေ။

Ref: Bloomberg

MeKongNews

မိုင်းကြောင့် ၂၀၁၉ခုနှစ်အတွင်း လူပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့ရပြီး ရှမ်းပြည်နယ်က တစ်ဝက်နီးပါး ပါဝင်

နေပြည်တော်၊ ဇန်နဝါရီ ၂၃
ဝေမိုး(နေပြည်တော်)

မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက် ပစ္စည်းများတို့ကြောင့် ၂၀၁၉ခုနှစ်အတွင်း လူပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့သလို တိုင်းဒေသကြီးများ၊ နေပြည်တော်အပါအဝင် (၁၅)ခုရှိသည့်အနက် (၉)ခုတို့တွင် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဝင်းနိုင်ထွန်းမှ ပြောကြားခဲ့သည်။

“ပြည်နယ်နဲ့ တိုင်းဒေသကြီးများ နေပြည်တော်အပါအဝင် (၁၅)ခုရှိတဲ့အနက်က (၉)ခုမှာ မြေမြုပ်မိုင်းများနဲ့ စစ်ကျန်လက်နက်ပစ္စည်းများရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။ မှတ်တမ်းများအရ မြန်မာနိူင်ငံမှာ ၂၀၁၉ခုနှစ်အတွင်း မိုင်းနဲ့စစ်ကျန်လက်နက် ပစ္စည်းများကြောင့် စုစုပေါင်း(၂၂၁)ဦး ထိခိုက်ခံစားခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မြန်မာနိူင်ငံ၏ မိုင်းအန္တရာယ် အသိပညာပေးရေးတွင် ယူနီဆက်နှင့် (၈)နှစ်နီးပါးခန့် ပူးပေါင်းကာ ဇန်နဝါရီလ ၂၃ရက်ကပြုလုပ်သည့် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် (၂၃)ကြိမ်မြောက် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ခုနှစ်အတွင်း မိုင်းအန္တရာယ်ကြောင့် ရှမ်းပြည်နယ်တွင် (၄၆)ရာခိုင်နှုန်း ရခိုင်ပြည်နယ်၌ (၂၄)ရာခိုင်နှုန်းနှင့် ကချင်ပြည်နယ်တို့တွင် (၁၈)ရာခိုင်နှုန်းအထိ မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် မှတ်တမ်းများ တွေ့ရှိရကြောင်း ဦးဝင်းနိုင်ထွန်းမှ ပြောကြားခဲ့သလို မိုင်းအန္တရာယ်ကြောင့် နိုင်ငံခြားသားတစ်ဦး အပါအဝင် (၅၇)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၁၆၄)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ဆိုခဲ့သည်။

“ပြီးခဲ့တဲ့(၃)ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသားအဆင့် မိုင်းလုပ်ငန်း အာဏာပိုင်အဖွဲ့ ဖွဲ့စည်းနိူင်ရေးအတွက် အဆင့်ဆင့်ဆောင်ရွက်နိူင်ဖို့ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အပေါ်မှာ ဒီကနေ့ အစည်းအဝေးမှာတော့ မိုင်းအန္တရာယ် အသိပညာပေးရေး လုပ်ငန်းအဖွဲ့ရဲ့ ၂၀၂၀-၂၀၂၁ခုနှစ်များအတွက် မဟာဗျူဟာ လုပ်ငန်းစီမံချက်များကို ဆွေးနွေး အတည်ပြုကြဖို့ရှိပါတယ်”ဟု ဦးဝင်းနိုင်ထွန်းက ပြောသည်။

မိုင်းရှင်းလင်းရေး ကိစ္စရပ်များနှင့် မိုင်းအန္တရာယ်လုပ်ငန်းများတွင် တပ်မတော်ဘက်မှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို ၂၀၁၂ခုနှစ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများတွင် ကာကွယ်ရေး ဝန်ကြီးဌာနအပြင် ဝန်ကြီးဌာန(၈)ခု ဖွဲ့စည်းသည့်အခါ ကာကွယ်ရေးဝန်ကြီးဌာနမှ လုပ်ငန်းစဉ်(၅)ရပ် အောင်မြင်ရေးအတွက် တပ်မတော်မှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှူးကြီး အေးဝင်းမှ ပြောကြားခဲ့သည်။

“၂၀၁၉ခုနှစ်မှာဆို အသက်ဆုံးရှုံးခဲ့တဲ့ သူတွေဟာဆိုရင် သူတို့တွေသည် လူသားတွေဖြစ်ပါတယ်။ သာမန်လူတွေဖြစ်ပါတယ်။ (၄၀)ရာခိုင်နှုန်းဟာ အမျိုးသမီးများနဲ့ ကလေးသူငယ်များ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ထည်ထည်ဝင်ဝင် တစ်ဖက်က လုပ်ဆောင်သော်ငြားလည်း တစ်ဖက်ကလည်း ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေမှာ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်ရမယ်ဆို ထင်ထင်ရှားရှား ပြနေတာဖြစ်ပါတယ်”ဟု ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၈ခုနှစ်အတွင်း ပြည်နယ်(၇)ခုနှင့် တိုင်းဒေသကြီး(၂)တို့မှ လူဦးရေသုံးသိန်းနီးပါးအား မိုင်းအန္တရာယ် အသိပညာများပေးနိုင်ခဲ့သလို ၂၀၁၉ခုနှစ် ကိုးလတာ ကာလအတွင်း လူဦးရေသုံးသိန်းနီးပါးအား မိုင်းအန္တရာယ် အသိပညာများပေးနိုင်ခဲ့ပြီး မိုင်းကြောင့် ထိခိုက်ခံစားရသူ (၅၅၉)ဦးအတွက် တစ်ဦးလျင် ထောက်ပံ့ကြေး ငွေကျပ်(၂)သိန်းနှုန်းဖြင့် စုစုပေါင်း(၁၁၁၈)ကျပ်သိန်းအား ဝန်ကြီးဌာန၏ ဘတ်ဂျက်ရံပုံငွေဖြင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

MeKongNews

အဲန်တိုင်းရင်းသား (၇၀) ဗုဒ္ဓဘာသာခံယူ ရှင်ပြုမည်

တာချီလိတ်၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်တွင် နေထိုင်သည့် အဲန်လူမျိုး (၇၀)ဦးကို ဗုဒ္ဓဘာသာခံယူပြီး ရှင်ပြုသည့် အခမ်းအနားကို ဇန်နဝါရီလ ၂၆ရက်တွင် တာချီလိတ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိရိုးဖလာ နတ်ကိုးကွယ်သည့် အဲန်လူမျိုး ကလေးငယ် (၇၀)ကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းကာ ရှင်ပြုမည့် အစီအစဉ်ကို တာချီလိတ်မြို့ ဝါးကျောင်းဆရာတော်၊ တာချီလိတ်မြို့ ဝေဠုဝန်ဆရာတော်နှင့် ကျိုင်းတုံမြို့နယ်မှ ကိုရင်လေးတို့မှ ဦးစီးပြုလုပ်ခြင်း ဖြစ်ပြီ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းတိုက်တွင် ပထမဆုံးအကြိမ် အဲန်လူမျိုးများ ရှင်ပြုခြင်းဖြစ်ကြောင်း ဝေဠုဝန်ကျောင်းတိုက်ဆရာတော်က မိန့်ကြားသည်။

“ကျုပ်တို့၊ ဝါးကျောင်းဘုန်းကြီးတို့က အဲန်ရွာမှာ လိုအပ်တာလေးတွေ၊ စောင်တို့၊ ခြင်ထောင်တို့ ပေးပြီးဝင်တာ။ အဲဒီမှာ ကိုရင်လေး တို့က အဲန်စကားပေါက်တော့ ဗုဒ္ဓဘာသာဝင်ချင်တဲ့လူ ခေါ်လာတာ” ဟု ဆရာတော်က မိန့်သည်။

လက်ရှိတွင် ဗုဒ္ဓဘာသာခံယူမည့် ကိုရင်လောင်း (၇၀)မှာ တာချီလိတ်မြို့ ဝေဠုဝန်ကျောင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့ကို ခေတ်ပညာများတတ်မြောက်ကာ အမြင်ကျယ်စေရန်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ရှင်ပြုပွဲကို အစပြုခဲ့သည့် ဦးကျော်ဌေးဝင်းက ပြောသည်။

“ကိုရင်လေးကျောင်းကို သွားနေတဲ့အချိန်မှာ ကလေးတွေက ဒီအတိုင်း ပညာမတတ်ဘဲ လျှောက်သွားနေတာ မြင်လို့ ကိုရင်လေးနဲ့တိုင်ပင်ပြီး အခုလို စီစဉ်လိုက်တာ ဖြစ်ပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါ ရှင်ပြု မင်္ဂလာပွဲတွင် ပါဝင်လှူဒါန်းလိုသူများ အနေဖြင့် ရှင်တစ်ပါးလျှင် ဘတ် ၂၀၀၀ နှုန်းဖြင့် လှူဒါန်းနိုင်ပြီး ခြင်ထောင်၊ စောင်၊ ခေါင်းအုံ၊ ဆန်၊ ဆီ၊ ဆေးတို့ကိုလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

အဲန်လူမျိုးများမှာ မိရိုးဖလာ နတ်ကိုးကွယ်ကြပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံနှင့် မိုင်းခတ်မြို့နယ်တို့တွင် အများဆုံး ပျံ့နှံနေထိုင်ကြသည်။

MeKongNews

ဂမ်ဘီယာ၏စွဲချက်များလက်ခံပြီး ကြားဖြတ်ကာကွယ်ရေးအစီအစဉ်များချမှတ်ရန် နိုင်ငံတကာတရားရုံးဆုံးဖြတ်

The Hague၊ ဇန်နဝါရီ ၂၃

ဘင်္ဂါလီများကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံ၏ စွဲချက်ကိုလက်ခံပြီး ကြားဖြတ်ကာကွယ်ရေးအစီအစဉ်များလည်း ချမှတ်လိုက်ကြောင်း နိုင်ငံတကာတရားရုံး ICJက ဇန်နဝါရီ ၂၃ ရက် ကြာသပတေးနေ့တွင် ဆုံးဖြတ်လိုက်သည်။

စွဲချက်လက်ခံ၊ မခံ နှစ်ဖက်အပြန်အလှန်လျှောက်လဲခွင့်ပေးရန် ICJက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာတွင် စွပ်စွဲခံမြန်မာနိုင်ငံနှင့် စွဲချက်ရန်စီစဉ်သည့် ဂမ်ဘီယာနိုင်ငံတို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လျှောက်လဲချက်ပေးခဲ့ပြီးနောက် ယခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကြားဖြတ်ကာကွယ်ရေး အစီအစဉ်များအနေနှင့် ဘင်္ဂါလီများကို လူမျိုးတုန်းသတ်ဖြတ်သည်ဟု ဆိုသည့်ကိစ္စများကို မြန်မာအစိုးရက ရပ်တန့်ပေးရန်၊ ၄ လအတွင်းဆောင်ရွက်မှုအားလုံးကို တရားရုံးဆီ အစီရင်ခံရန်အပါအဝင် အချက် ၄ ချက်ကိုလည်း ဆုံးဖြတ်လိုက်သည်။

ကြိုတင်ကာကွယ်ရေး အစီအစဉ်များချမှတ်ရန် တရားသူကြီး ၁၇ ယောက်စလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်သည်။

ဒီဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံအနေနှင့် နိုင်ငံတကာတရားရုံးတွင် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်၊ မမြောက်ဆက်ပြီး တရားရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဥက္ကာ

MeKongNews

လောင်းကစားဂိမ်းခုံတွင် မူးယစ်ဆေးသုံးစွဲရင်း ခင်မင်လာသူများထံမှ စိတ်ကြွဆေးပြား (၄၀၀၀)ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၂၃

တာချီလိတ်မြို့အတွင်းရှိ လောင်းကစားဂိမ်းခုံများတွင် မူးယစ်ဆေးဝါသုံးစွဲရင်းဖြင့် ခင်မင်ရင်းနှီးလာသည့် လူငယ်တစ်စုထံမှ စိတ်ကြွဆေးပြား အပြား (၄၀၀၀)ကျော်ကို ဇန်နဝါရီလ ၂၂ ညပိုင်းက တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ဖမ်းဆီးရမိသည်။

မူးယစ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် ဇန်နဝါရီလ ၂၂ရက် ညပိုင်းက သတင်းအရ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ (၃)ရှိ တည်းခိုခန်းတစ်ခုတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသည့် ဝေယံ(ခ) ရီဝေယံ၊ တင်အောင်လင်း(ခ)ကုလားနှင့် ရဲရင့်သူရတို့ကို စစ်ဆေးရာ ဝေယံလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား (၄၀၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရသည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ၎င်းတို့ (၃)ဦးသည် မယ်ခေါင်ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံတွင် မူးယစ်ဆေးဝါ သုံးစွဲရင်း ခင်မင်ရင်းနှီးကာ စိတ်ကြွဆေးပြားများကို ဝယ်ယူရောင်းချဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်ဖမ်းမိသည့် အသက် (၂၂)အရွယ် ဝေယံ(ခ) ရီဝေယံ၊ အသက် (၃၉)နှစ်အရွယ် တင်အောင်လင်း(ခ)ကုလားနှင့် အသက် ၃၃နှစ်အရွယ် ရဲရင့်သူရတို့ကို တာချီလိတ်မြို့မ ရဲစခန်းတွင် မူးစိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

နိုင်ငံသားပိုင် ရေကြောင်းလုပ်ငန်းများနေရာ၌ ပြည်ပသင်္ဘောများ ဝင်ရောက်လုပ်ကိုင်နေမှုအပေါ် ကာကွယ်ပေးရန် တင်ပြ

နေပြည်တော်၊ ဇန်နဝါရီ ၂၂
ဝေမိုး(နေပြည်တော်)

မြန်မာနိုင်ငံသားများပိုင် ရေကြောင်းလုပ်ငန်းများနေရာ၌ နိုင်ငံခြားသင်္ဘောများ တိုးချဲ့ဝင်ရောက် လုပ်ကိုင်နေမှုအပေါ် နိုင်ငံတော်မှ ဥပဒေအရ ထိန်းသိမ်းကာကွယ်ပေးရန် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ ဇန်နဝါရီ(၁၇)ရက် နေ့စွဲဖြင့် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ တင်ပြထားချက်အရ သိရသည်။

“ယခုအခါ နိုင်ငံခြားသင်္ဘောများသည် နိုင်ငံသားများ လုပ်ကိုင်လျက်ရှိသည့် ရေကြောင်းဆိုင်ရာ လုပ်ငန်းများတွင် တိုးချဲ့နေရာယူ ဝင်ရောက်လုပ်ကိုင်လာသည့်အတွက် နိုင်ငံသား ရေယာဉ်ပိုင်ရှင်များအနေဖြင့် အလုပ်အကိုင်အခက်အခဲများ တွေ့ကြုံလာရပါသည်။ ထို့အပြင် နိူင်ငံခြားသင်္ဘောများသည် နိုင်ငံခြားရေယာဉ်များထက် သာလွန်သည့်အခွင့်အရေးများ ရရှိခြင်းကြောင့် မည်သို့မျှ ယှဉ်ပြိုင်ဆောင်ရွက်နိုင်ခြင်း မရှိသည့်အတွက် နိိုင်ငံသားများအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဥပဒေအားဖြင့်လည်း နိိုင်ငံတော်မှ ထိန်းသိမ်းကာကွယ်ပေးရန် လိုအပ်လျက်ရှိပါသည်” ဟု တင်ပြရာတွင် ထည့်သွင်း ဖော်ပြထားသည်။

“ကျွန်တော်တို့ဆီကို ပြည်တွင်းမှာရှိတဲ့ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်း သင်္ဘောပိုင်ရှင်အသင်းတွေက အခက်အခဲပြဿနာတွေ နစ်နာနေတဲ့ ကိစ္စရပ်တွေကို တင်ပြထားကြတယ်။ အဲ့ဒီအပေါ်မှ ကျွန်တော်တို့ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းက နေပြည်တော်က ပို့/ဆက် ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြလိုက်ပါတယ်”ဟု အသင်းတာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။

ထို့ပြင် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းသည် စနစ်တကျ စီမံဆောင်ရွက်နိုင်ရန် ရန်ကုန်၊ တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းအား ဖွဲ့စည်းထားခဲ့ရာ ရေကြောင်းဆိုင်ရာ သတင်းအချက်အလက်၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ် ရန်ကုန်မြို့ရှိ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းတွင် တွေ့ဆုံမှုများပြုလုပ်၍ ဆောင်ရွက်ခဲ့ကြသော်လည်း အသင်းမှ ဆုံးဖြတ်နိုင်စွမ်းမရှိသည့် ကိစ္စရပ်များအပေါ် ဌာနဆိုင်ရာသို့ တင်ပြကာ လမ်းညွှန်မှုများ တောင်းခံရခြင်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ရရှိနိူင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဆီသို့ တင်ပြထားချက်တွင် ဖော်ပြထားသည်။

“မော်လမြိုင်၊ပုသိမ်နဲ့ ရခိုင်ဘက်မှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ လုပ်ကွက်တွေအပေါ်မှာ ဝင်လာပြီးတော့ လုပ်ကိုင်နေတဲ့အတွက် အလုပ်အကိုင်တွေ လျော့ကျလာတယ်။ သူတို့က အင်အားလည်းကြီးတယ် ယာဉ်ယန္တားယားတွေလည်းကောင်းတယ် အမှန်တကယ်ဆို နိုင်ငံတကာဥပဒေတွေမှာ ပြဌာန်းပြီးသားဖြစ်တယ်။ ကိုယ့်နိုင်ငံသားတွေ မလုပ်နိူင်မှ သူများနိုင်ငံသားတွေကို လုပ်ခွင့်ပေးတယ်။ ကျွန်တော်တို့ ကမ်းရိုးတန်းအသင်းကလည်း ကိုယ့်အစီအစဉ်နဲ့ကို ဥပဒေတွေရေးဆွဲပြီး နေပြည်တော်ကို ပို့ထားတယ်။ ဒါပေမယ့်လည်း အခုထိ ထွက်မလာဘူး အခုဟာက ကျွန်တော်တိုနိုင်ငံသားတွေကို လုံးဝ အကာအကွယ်မပေးဘူး”ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် မြန်မာနိူင်ငံ၏ သဘာဝရင်းမြစ်ဖြစ်သည့် ပင်လယ်ကမ်းရိုးတန်းအရှည်သည် (၁၉၃၀)ကီလိုမီတာရှိရာ ရေလမ်းကြောင်း အသုံးပြုနိူင်သည့် မြစ်ချောင်းအရှည်မှာ (၆၉၁၅)ကီလိုမီတာ ပိုင်ဆိုင်မှုရှိသော်လည်း ရေကြောင်းကဏ္ဍ၌ ဖွံ့ဖြိုးမှုနောက်ကျခဲ့သဖြင့် အချို့သော ရေယာဉ်ပိုင်ရှင်များမှာ လုပ်ငန်းရပ်ဆိုင်းခဲ့ရပြီး အရည်ကြိုသင်္ဘောအဖြစ် ရောင်းချရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းမှ ဆိုခဲ့သည်။

MeKongNews

ဗိုင်းရပ်စ်စတင်ပြန့်ပွားသည့် ဝူဟန်ကိုမသွားကြရန် တရုတ်အာဏာပိုင်အကြံပေး

ဘေကျင်း၊ ဇန်နဝါရီ ၂၂

သေဆုံးသူ ၉ ယောက်ရှိလာပြီး ကူးစက်ခံထားရသူ ၄၀ဝ ကျော်ရှိနေသည့် ဗိုင်းရပ်ပြန့်ပွားမှုအသစ်၏ အချက်အချာဖြစ်နေတဲ့ဝူဟန်မြို့ကို အဝင်အထွက်မလုပ်ကြရန် တရုတ်အစိုးရက အကြံပြုသည်။

လူ ၁၁ သန်းရှိသည့် ဝူဟန်မြို့ခံများကိုလည်း လူစုလူဝေးတွေရှောင်ရန်နှင့် စုဝေးမှုအနည်းဆုံးလျော့ရန်လည်း ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်တစ်မျိး ဖြစ်သည့် ထိုဗိုင်းရပ်စ်က ဝူဟန်မှတရုတ်ပြည်နယ် တော်တော်များများကို ပြန့်နှံ့ခဲ့ရုံသာမက ထိုင်း၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ကိုလည်း ရောက်ရှိနေသည်။

ယခုတစ်ပတ်အတွင်း ထိုင်းတွင် အဆိုပါဗိုင်းရပ်စ်ထပ်ကူးစက်ခံရသူ ၂ ယောက်ရှိကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးအနုတင် ချာဗီရာကူးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

တစ်ယောက်မှာဝူဟန်မှ ပြန်လာသည့်အသက် ၇၃ နှစ်အရွယ်ထိုင်းအမျိုးသမီးဖြစ်ပြီး နခွန်ပသွန်ခရိုင်မှဆေးရုံတစ်ရုံတွင်ကုသပြီး နာလံထူလာပြီဟုသိရသည်။

နောက်ထပ်တစ်ယောက်မှာ တရုတ်နိုင်ငံမှထိုင်းနိုင်ငံသို့ သုဝဏ္ဏဘူမိလေဆိပ်မှဝင်လာသည့် အသက် ၆၈ နှစ်အရွယ်တရုတ်အမျိုးသားဖြစ်သည်။

တောရိုင်းတိရစ္ဆာန်များ တရားမဝင်လွှဲပြောင်းရောင်းချသည့် ပင်လယ်စာဈေးတစ်ဈေးမှစသည့် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အယောက် ၄၄၀ ရှိနေကြောင်းလည်း အတည်ပြုထားသည်။

တရုတ်နိုင်ငံဟာ လက်ရှိမှာ ကာကွယ်မှုနဲ့ထိန်းချုပ်မှု၏ အရေးအကြီးဆုံးအဆင့်ရောက်နေကြောင်း အာဏာပိုင်တွေကဝန်ခံခဲ့သည်။

အစောပိုင်းတုန်းကလည်း လူလူချင်းဗိုင်းရပ်စ်ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။

2019-nCoVဟု သိကြသည့် အဆိုပါဗိုင်းရပ်စ်သည် လူများတွင်အထောက်အထားမရှိသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည်။

ကူးစက်ခံရတဲ့လက္ခဏာများမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ၊ အဖျား၊ ချောင်းဆိုး၊ အသက်ရှူကြပ်နှင့် အသက်ရှူရခက်ခြင်းများဖြစ်သည်။

Source- BBC၊ CNA
Photo – Al Jazeera

ဥက္ကာ #MeKongNews

Design a site like this with WordPress.com
Get started