ကေတီဗီမှ အမျိုးသမီးများကို သေနတ်ထုတ်ပြရင်း ကျည်ထွက်သွားသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးကို စုံခုံဖွဲ့စစ်

တာချီလိတ်၊ ဇန်နဝါရီ ၂၀

ကေတီဗီတွင် သီချင်းသွားဆိုရင်း ကေတီဗီမှ အမျိုးသမီးများအား “ငါ့မှာသေနတ်ပါတယ်” ဟုဆိုကာ သေနတ်ထုတ်ပြရာမှ မတော်တဆ ကျည်ထွက်သွားသဖြင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီမှူးကို ဇန်နဝါရီလ ၁၈ရက်ညပိုင်းမှ စတင်ကာ ထိန်းသိမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ထွန်းထွန်းသန်းသည် ဇန်နဝါရီ ၁၈ရက် နေ့လည် (၂)နာရီခွဲခန့်က တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကေတီဗီတစ်ခုတွင် သီချင်းသွားရောက် သီဆိုခဲ့ပြီး ညနေ (၃)နာရီခွဲခန့်တွင် ဆိုင်မှ ပြန်ထွက်လာစဉ် ကေတီဗီဆိုင်ရှိ အမျိုးသမီးများအား သေနတ်ကို ထုတ်ပြရန် ဆွဲထုတ်စဉ် ၎င်း၏ ၃၂ဗို့ခြောက်လုံးပြူး သေနတ်မှ မတော်တဆ ကျည်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါကေတီဗီသို့ မရောက်မီ ယာယီ ရဲမှူး ထွန်းထွန်းသန်းသည် အမှုတစ်ခုမှ တရားခံကို စုံစမ်းရန်မှုများပြုလုပ်ပြီး ဇန်နဝါရီ ၁၈ရက် နေ့လည် (၂)နာရီခန့်တွင် ရဲဒုတပ်ကြပ် တစ်ဦးနှင့်အတူ မယ်ယန်းကုန်သွယ်ရေးစခန်းဘက်မှ တာချီလိတ်ဘက်သို့ ပြန်လာစဉ် ဟွေခိုက်ကျေးရွာ ဗျူဟာကုန်းရှေ့တွင် အမျိုးသား (၃)ဦးစီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို တိုက်မိခဲ့သော်လည်း ယာဉ်ကိုရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်များအတွက် ယာယီ ရဲမှူး ထွန်းထွန်းသန်းကို ဇန်နဝါရီလ ၁၈ရက် ညတွင်းချင်းပင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူနိုင်ရန် စုံခုံဖွဲ့စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

MeKongNEws

နည်းပညာအမှားကြောင့် တရုတ်သမ္မတနာမည်ကို ရိုင်းပြစွာ ဘာသာပြန်မိခဲ့ကြောင်း Facebook ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တရုတ်ခေါင်းဆောင် ရှီကျင့်ပင်အမည်ကို ဗမာဘာသာကနေ အင်္ဂလိပ်ဘာသာပြန်ဆိုရာမှာ “Mr Shithole” “မစ္စတာမိလ္လာတွင်း” ဟု ရိုင်းရိုင်းပျပျဘာသာပြန်ဆိုဖော်ခဲ့ခြင်းမှာ နည်းပညာပိုင်းအမှားအယွင်းကြောင့်ဟု Facebookကုမ္ပဏီက စနေနေ့တွင် ထုတ်ပြန်သည်။

ယခုဖြစ်ရပ်ကြောင့် စော်ကားမှုဖြစ်ခဲ့ခြင်းကိုလည်း တောင်းပန်ခဲ့သည်။

တရုတ်သမ္မတ၏မြန်မာနိုင်ငံ ဒုတိယနေ့ခရီးစဉ်တွင် ရိုင်းရိုင်းပျပျဘာသာပြန်ဆိုမှုဖြစ်ခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံ းFacebookစာမျက်နှာမှထုတ်ပြန်သည့် ခရီးစဉ်အကြောင် းသတင်းထုတ်ပြန်ချက်ကို ဗမာဘာသာကနေပြန်ဆိုရာ တရုတ်သမ္မတမစ္စတာ ရှီကျင့်ပင်ကို “Mr Shithole” ဟု ဘာသာပြန်ဆိုထားခြင်း မြင်တွေ့ခဲ့ရသည်။

တနင်္ဂနွေနေ့မနက်ပိုင်းတွင် Facebook၏ ဘာသာပြန်ဆိုမှုကို မြင်တွေ့ရခြင်းမရှိသော်လည်း Google၏ဘာသာပြန်ဆိုမှုတွင် အလားတူအမှားမျိုးမရှိခဲ့ချေ။

“Facebookပေါ်မှာ ဗမာကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုရာမှာ မမှန်ကန်တဲ့ဘာသာပြန်ဆိုမှုပြဿနာကို ကျွန်တော်တို့ဖြေရှင်းခဲ့ပါတယ်။ မဖြစ်သင့်တဲ့ပြဿနာပါ။ နောက်တစ်ကြိမ်ထပ်မဖြစ်အောင် ကျွန်တော်တို့ အဆင့်ဆင့်ဆောင်ရွက်နေပါတယ်။ ဒီဖြစ်ရပ်ကြောင့် စော်ကားမှုတွေဖြစ်သွားတာကိုလည်း လေးလေးနက်နက်တောင်းပန်ပါတယ်”ဟု Facebookကထုတ်ပြန်သည်။

ဗမာဒေတာဘေ့စ်စနစ်တွင် ရှီကျင့်ပင်နာမည်မရှိသေးဘဲ မှန်းဆပြန်ဆိုခဲ့ကြောင်းလည်းပြောသည်။

“xi” နဲ့ “shi”ဟုစသည်များကို ဗမာဘာသာမှစမ်းသပ်ပြန်ဆိုကြည့်ရာမှာ မိလ္လာတွင်းဟု ဘာသာပြန်ဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

တရုတ်ပြည်မကြီးတွင် Facebookအသုံးပြုခွင့် ပိတ်ပင်ခံထားရသည်။

Source- Reuters

ဥက္ကာ #MeKongNews

Photo- State Counsellor Office

PPST မှာ ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်းစဉ် (၃)ဆင့် အသေးစိတ်ဆွေးနွေးနိုင်ခဲ့ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

Photo – NCA-S-EAO

တာချီလိတ်၊ ဇန်နဝါရီ ၁၈

NCAလက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ – Peace Process Steering Team – PPST ၏ ချင်းမိုင်မြို့ အစည်းအဝေးတွင် ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၃)ဆင့်ကို အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဇန်နဝါရီလ ၁၈ရက်က ပြောသည်။

PPSTအစည်းအဝေးကို ချင်းမိုင်မြို့တွင် ဇန်နဝါရီလ ၁၇ရက်မှ ၁၉ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်ရန် လျာထားသော်လည်း ဆွေးနွေးမှု ပြီးပြတ်သဖြင့် ဇန်နဝါရီလ ၁၈ရက်တွင် တစ်ရက်စောကာ ရပ်နားခဲ့ပြီး အစည်းအဝေးအပိတ်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ဖက်ဒရယ်မူများကို သဘောတူခဲ့သလို ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် (၃)ဆင့်ကိုလည်း အသေးစိတ်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၃)တွင် ပါဝင်မည့် အကြောင်းအရာများကိုလည်း ညှိနှိုင်းနိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

“မကြာခင်ကာလမှာ ကျင်းပမယ့် တပ်၊ တပ်ချင်းတွေ့တဲ့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ၊ နှစ်ဖက်ညှိနှိုင်းရေး အဖွဲ့တွေ တွေ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲတွေအတွက် ဒီအစည်းအဝေးကနေ လမ်းညွှန်ချက်တွေ၊ မူဝါဒတွေကို တိတိကျကျ ချမှတ်ပေးနိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ဒါ့အပြင် PPSTအစည်းအဝေးတွင် အရေးကြီးသည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့နှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ညှိနှိုင်းရေးအဖွဲ့များ အနေဖြင့်လည်း PPST မှ ချမှတ်ပေးထားသည့် လမ်းညွှန်ချက်အတိုင်း လိုက်နာကာ စိတ်ခံသည်းခံပြီး ဆောင်ရွက်ရန်နှင့် လိုအပ်ပါက အလျှော့အတင်းပြုလုပ်ပြီး ဆွေးနွေးပါက လိုချင်သည့် ရလဒ်ကို ရရှိမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်းက နိဂုံးချုပ် မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။

MK – 001

MeKongNews

တံတား(၁)တွင် တပ်ဆင်မည့် အလိုအလျောက်အဖျားတိုင်းတာစက် တာချီလိတ်သို့ ရောက်ရှိ

တာချီလိတ်၊ ဇန်နဝါရီ ၁၈

နေ့စဉ် ခရီးသွားဝင်ထွက်မှုများပြားသည့် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် တပ်ဆင်မည့် အနီအောက်ရောင်ခြည်သုံး အလိုအလျောက်အဖျားတိုင်းတာစက် – Infrared Fever Screening System (IFSS) မှာ တာချီလိတ်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်မြို့မှာ နယ်စပ်ဝင်ပေါက်မြို့ဖြစ်ပြီး လူဝင်ထွက်မှု အများဆုံးဖြစ်သည့် တံတား (၁)တွင် ပထမဆုံး တပ်ဆင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ခရီးသည်ဝင်ရောက်သည့်ဘက်အခြမ်းတွင် အဆိုပါစက်ကို ထားရှိသွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။

“စက်က ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်တယ်။ မြန်မာဘက်ထဲကို ဝင်တဲ့ဘက်မှာ အခန်းလုပ်ပြီး ထားရှိသွားမယ်။ အခန်းကပြင်ဆင်ရဦးမှာဆိုတော့ လာမယ့်လပိုင်း အတွင်းလောက်တော့ စတင်တပ်ဆင်ဖြစ်မှာပါ” ဟု ဒေါက်တာရွှေဝင်းက ပြောသည်။

အဆိုပါ အနီအောက်ရောင်ခြည်သုံး အလိုအလျောက်အဖျားတိုင်းတာစက် – Infrared Fever Screening System (IFSS)မှာ ရန်ကုန်လေဆိပ်အပါအဝင် တစ်နိုင်ငံလုံးတွင် အသုံးပြုနေသည့် စက်အမျိုးအစားဖြစ်ပြီး စက်ရှေ့မှ ဖြတ်သွားသူများထဲတွင် ဖျားနာနေသူ ပါဝင်ပါက စက်၏မျက်နှာပြင်တွင် အလိုအလျောက်တွေ့မြင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစက်အမျိုးအစားကို ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားတွင်လည်း တပ်ဆင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများကို စောင့်ကြည့်နိုင်ရန်အတွင် မြန်မာနိုင်ငံအတွင်းရှိ ဝင်ပေါက်ထွက်ပေါက်များတွင် ဖျားနာမှုတိုင်းတာခြင်းကို လုပ်ဆောင်လျှက်ရှိသည်။

MK – 001

MeKongNews

HIV လူနာများကို လွှဲပြောင်းရာတွင် တာချီလိတ်ဆေးရုံအရောက် ပို့ဆောင်ပေးရန် ထိုင်းဘက်က သဘောတူ

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး/ Photo by MeKong News

တာချီလိတ်၊ ဇန်နဝါရီ ၁၈

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား HIV ပိုးရှိသည့် လူနာများကို ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းရာတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့အရောက် ပို့ဆောင်ပေးရန် ထိုင်းနိုင်ငံဘက်မှ သဘောတူညီခဲ့ကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။

ဇန်နဝါရီလ ၁၇ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ၊ တာချီလိတ်ခရိုင်မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး HIV ပိုးရှိသည့် လူနာများကို လွှဲပြောင်းရာ၌ လမ်းခုလပ်တွင် ပျောက်ဆုံးသွားခြင်းများ ရှိသည့် ထိုသို့ မဖြစ်စေရန် ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့အရောက် စေတနာဖြင့် အခမဲ့ လိုက်ပါပို့ဆောင်ပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာရွှေဝင်းက မဲခေါင်သတင်းဌာနသို့ ပြောသည်။

“တချို့ကျတော့ မယ်ဆိုင်ဘက်ကနေ လွှဲပေးလိုက်ရင် တာချီလိတ်ဆေးရုံဘက်ကို မလာတော့ဘူး။ နေရပ်ကို တန်းပြန်သွားတော့ ကြားထဲမှာပျောက်သွားတယ်။ ဒါမျိုးမဖြစ်အောင် ထိုင်းဘက်က ဗော်လန်တီယာအနေနဲ့ အရောက်ပို့ပေးဖို့ သဘောတူလိုက်ပါတယ်”ဟု ၎င်းက ပြောသည်။

တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ လွဲပြောင်း ရောက်ရှိလာသည့် HIV လူနာများကို လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပြုလုပ်ပေးပြီး ၎င်းတို့နေရပ်သို့ ပြန်လိုပါကလည်း သက်ဆိုင်ရာ ဆေးရုံနှင့် ချိတ်ဆက်ကာ လွှဲပြောင်းပေးကြောင်း သိရသည်။

၂၀၁၉ ခုနှစ်အတွင်း မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းလာသည့် HIV ပိုးရှိသူ ၇၀ဦးခန့်ရှိပြီး အများစုမှာ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း တာချီလိတ်ခရိုင်ဆေးရုံကြီးမှ အချက်အလက်များ အရ သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ART ဆေးသောက်သုံးနေသည့် HIV ပိုးရှိသူ လူကြီး ၁၀၀၀ကျော်နှင့် အသက် (၁၃)နှစ်အောက် ကလေး ၃၉ဦးရှိကြောင်း သိရသည်။

MK – 001

MeKongNews

သေနတ်(၂)လက်ဖြင့် ဖမ်းမိသည့်ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့် အလိုရှိသူဖြစ်နေ

တာချီလိတ်၊ ဇန်နဝါရီ ၁၈

တာချီလိတ်မြို့တွင် ပစ္စတိုသေနတ် (၂)လက်၊ လိုင်စင်မဲ့ကား (၂)စီး၊ ဘဏ်စာအုပ်(၆)အုပ်နှင့်အတူ နေအိမ်၌ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံဘက်မှ မူးယစ်ဆေးဝါမှုဖြင့် အလိုရှိနေသူ ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်းရင်းမြစ်များထံမှ သိရသည်။

“မူးယစ်မှုနဲ့ အလိုရှိနေတဲ့သူ ဖြစ်ပါတယ်။ တခြားအမှုတွေတော့ မရှိပါဘူး”ဟု အဆိုပါသတင်းရင်းမြစ်က မဲခေါင်သတင်းဌာနကို ပြောသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂) ရှိ ထိုင်းနိုင်ငံသား နိုင်ဝမ်နိုင် ထောင်ပိုင်ထောင်း(ခ) စိုင်းလုံနေထိုင်သည့် အိမ်ကို ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၆ရက် နေ့လည့်ပိုင်းက ဝင်ရောက်ရှာဖွေရာ အဆိုပါထိုင်းနိုင်ငံသားကို Glock အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်ကတ်တစ်ခုနှင့် ကျည်ဆံ (၉)တောင့်၊ Para အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်ကတ်တစ်ခုနှင့် ကျည် (၈)တောင့်၊ လိုင်စင်မဲ့ ကား (၂)စီး၊ ထိုင်းနိုင်ငံ K-Bank စာအုပ် (၅)အုပ်နှင့် SCB Bank စာအုပ် တစ်အုပ်တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

MeKongNews

တရုတ်သမ္မတ၏ ၂ ရက်ကြာခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှုမြှင့်တင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးများပြောဆို

နေပြည်တော်၊ ဇန်နဝါရီ ၁၇

တရုတ်သမ္မတရှီကျင့်ပင်၏ ၂ ရက်ကြာမြန်မာနိုင်ငံခရီးစဉ်ကြောင့် နှစ်နိုင်ငံရင်းနှီးမှုပိုမြင့်တင်နိုင်မည်ဟု မျှော်လင့်နေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့် သူရဦးအောင်ကိုတို့က ပြောသည်။

တရုတ်အစိုးရပိုင် CCTVရုပ်သံနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင်ပြောခဲ့သည်။

“တစ်ဦးနှင့် တစ်ဦးသိသင့်သလောက် ကျွန်တော်တို့သိကြပါတယ်။ သို့သော် ပိုမိုသိနားလည်လေ ပိုပြီးတော့နှစ်နိုင်ငံဆက်ဆံရေးက ပိုကောင်းလေလို့ ကျွန်တော်တော့မြင်ပါတယ်။ ကျွန်တော်တို့တရုတ်နဲ့ မြန်မာဆက်ဆံရေးက နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ လူမှုရေးအရရောအရေးကြီးပါတယ်။ အဲဒီဟာတွေကို ဒီအကြောင်းအရာအချက်အလက်တွေကို သိရှိဖို့ မီဒီယာများကပဲဖော်ထုတ်နိုင်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် ကပြောသည်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ပေါ့လေ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက နှစ်ပေါင်း ၇၀ ကာလအတွင်းမှာ ရရှိခဲ့တဲ့ပေါ့။ ခုနကပေါ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအတွေ့အကြုံတွေ၊ သင်ခန်းစာတွေကိုလည်း မြန်မာနိုင်ငံက ရယူနိုင်တယ်ဆိုတာလည်း သဘောပေါက်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြင့်မားလှတဲ့ယဉ်ကျေးမှုနဲ့ ခုနကအနုပညာပိုင်းဆိုင်ရာမှာလည်း မြန်မာနိုင်ငံရယူနိုင်တယ်လို့ ခံယူပါတယ်”ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ပြောသည်။

ယနေ့တွင် တရုတ်သမ္မတရှီကျင့်ပင်ရောက်ရှိနေပြီး ယခုနှစ်တွင် မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့်ချိန်တွင် ပြည်ထောင်စုဝန်ကြီးများက ယခုလိုမှတ်ချက်ပြုခြင်းဖြစ်သည်။
သမ္မတဦးဝင်းမြင့်၏ဖိတ်ကြားချက်နှင့်လာရောက်သည့်ရှီ၏ယခုခရီးစဉ်ဟာ ပြီးခဲ့သည့် ၁၉ နှစ်အတွင်း မြန်မာနိုင်ငံကို တရုတ်သမ္မတတစ်ယောက်၏ပထမဆုံးနိုင်ငံတော်အဆင့်ခရီးစဉ်ဖြစ်သည်။

၂၀၁၈- ၂၀၁၉ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၃၆၃.၅၈၇ သန်းရှိခဲ့ပြီး အောက်တိုဘာတွင်စသည့်ယခု ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ဇန်နဝါရီအထိ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၀ဝ၆.၇၆၈ သန်းရှိနေသည်။

ဥက္ကာ #MeKongNews

Photo- MOFA

ရှမ်းဝန်ကြီးချုပ် ချီးမြှင့်သည့် ထူးချွန်ဆုအချို့ တာချီလိတ်မြို့မှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရရှိ

တာချီလိတ်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ချီးမြှင့်သည့် ထူးချွန်ဆုများထဲမှ လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် လူမှုထူးချွန်ဆု တစ်ဆုစီကို တာချီလိတ်မြို့မှ လူပုဂ္ဂိုလ် (၂)ဦးနှင့် ပရဟိတအသင်း တစ်သင်းမှ ရရှိခဲ့သည်။

ဇန်နဝါရီလ ၇ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထူးချွန်ဆု ချီးမြှင့်စာတွင် လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေးဆိုင်ရာ လုံခြုံဆု (တတိယအဆင့်)ကို တာချီလိတ်မြို့နယ် ခရိုင်လုံခြုံရေးတပ်ဖွဲ့မှူး ဒုရဲမှူးစံသိန်းက လည်ကောင်း၊ မွေးမြူရေးထူးချွန်ဆု (တတိယအဆင့်)ကို တာချီလိတ်မြို့နယ်မှ အသားတိုး ကျွဲ/နွား မွေးမြူရေးခြံလုပ်ကိုင်သူ ဦးဝင်းလွင်ဦးက လည်ကောင်း၊ လူမှုထူးချွန်ဆု (တတိယအဆင့်)ကို တာချီလိတ်နာရေးကူညီမှုအသင်းကလည်ကောင်း ရရှိခဲ့သည်။

ထူးခြားမှုအနေဖြင့် စီမံထူးချွန်မှု ပထမအဆင့်ကို ရှမ်းယူနိုက်တက်အသင်းမှ ရရှိခဲ့ပြီး လူမှုထူးချွန်ဆု (ပထမ)အဆင့်ကို နိုင်ငံကျော် ရှမ်းလူမျိုး ဂီတပညာရှင်များဖြစ်သည့် စိုင်းထီးဆိုင်၊ ဒေါက်တာစိုင်းခမ်းလိတ်နှင့် စိုင်းဆိုင်မောဝ် တို့က ရရှိခဲ့ကြောင်း သိရသည်။

ဆုရရှိသူစာရင်း အပြည့်အစုံကို အောက်တွင် ကြည့်ရှု့နိုင်သည်။

MK-001

MeKongNews

တာချီလိတ်တံတား (၁)တွင် ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်မည်

တာချီလိတ်၊ ဇန်နဝါရီ ၁၇

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တို့ကို ဆက်သွယ်ထားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား (၁)ပေါ်မှ ဖြတ်သန်းသွားလာသည့် ခရီးသွားများကို ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး စောင့်ကြည့်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဆားစ်ရောဂါနှင့် ဆင်တူသည့် အဆိုပါ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် ပတ်သက်ပြီး အမှတ်(၁) တံတားပေါ်မှ ဖြတ်သန်းသွားသည့် ခရီးသွားများကို အဖျားတိုင်းတာမှု ပြုလုပ်သွားမည် ဖြစ်ပြီး ဖျားနာမှုရှိပါက လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်မာရေးဦးစီးမှူး ဒေါက်တာရွှေဝင်းက မဲခေါင်သတင်းဌာနကိုပြောသည်။

“အဖျားတိုင်းမယ်။ ဖျားတယ်ဆိုရင် လွန်ခဲ့တဲ့ ၁၄ရက်အတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ကို သွားခဲ့ဖူးသလား စစ်ဆေးမယ်။ ဝူဟန်ကို သွားခဲ့ဖူးတယ်ဆိုရင်တော့ လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါ ကော်ရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်သည့် ပညာပေး ဗီနိုင်းများလည်း တံတား (၁)တွင် ချိတ်ဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကော်ရိုနာဗိုင်းရပ်စ်မှာ လူလူခြင်း ကူးစက်မှု မရှိဘဲ မည်သို့ ကူးစက်တတ်သည်ကို လက်ရှိအချိန်တွင် လေ့လာနေဆဲဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် အဓိက ဖြစ်ပွားနေသည့် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်များတွင် တရုတ်နိုင်ငံမှ လာသည့် ခရီးသွားများကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ရောဂါကူးစက်ခံထားရသူ ထိုင်းနိုင်ငံတွင် ၂ဦး၊ ဂျပန်နိုင်ငံတွင် တစ်ဦး တွေ့ရှိထားသည်။

ဝူဟန်မြို့မှပြန်လာပြီး ၁၄ ရက်အတွင်း ဖျားနာ၊ လည်ချောင်းနာ၊ နှာရည်ယို၊ အသက်ရှူကြပ်မှုများခံစားနေရပါက နီးစပ်ရာဆရာဝန်ထံဖြစ်စေ၊ ရောဂါကူးစက်မှု ထိန်းချုပ်ရေးဌာနထံဖြစ်စေ ဆက်သွယ်အသိပေးနိုင်သည်ဟုလည်း ထိုင်းနိုင်ငံတွင် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် တရုတ်ခရီးသွားများ ပုံမှန်ထက်များပြားနေသည်။

MK – 001

MeKongNews

ကုန်သွယ်ရေးစစ်ပွဲအရှိန်လျော့စေမည့် ပထမအဆင့်သဘောတူညီချက် အမေရိကန်နှင့် တရုတ်လက်မှတ်ရေးထိုး

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁၆

ကမ္ဘာ့စီးပွားရေးကိုဝန်ပိစေပြီး ဈေးကွက်ကိုခလောက်ဆန်စေသည့် ကုန်သွယ်ရေးစစ်ပွဲအတွက် အမေရိကန်နှင့်တရုတ် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

သဘောတူညီချက်က အမေရိကန်စီးပွားရေးကို ပြောင်းလဲစေမည်ဟု အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ဝါရှင်တန်တွင်ပြောသည်။

ပိုကောင်းသည့်နှစ်နိုင်ငံဆက်ဆံရေးကို ပျိုးထောင်ပေးနိုင်မည့် နှစ်ဖက်အကျိုးရှိသဘောတူညီချက်ဟုလည်း တရုတ်ခေါင်းဆောင်များက သုံးနှုန်းပြောဆိုနေကြသည်။

နှစ်နှစ်အတွင်း အမေရိကန်သွင်းကုန်များကို ၂၀၁၇ ခုနှစ်ကအခြေအနေထက် ဒေါ်လာဘီလီယံ ၂၀ဝ ဖိုးထက်ပိုဝယ်ရန် တရုတ်ကကတိပြုသလို ဉာဏပစ္စည်းမူပိုင်ခွင်စည်းမျဉ်းများ အားကောင်းလာရန်လည်း သဘောတူညီချက်တွင်ပါဝင်သည်။

တရုတ်ထုတ်ကုန်များကို ကောက်ခံနေသည့် စည်းကြပ်ခွန်သစ်များကို တစ်ဝက်လျှော့ပေးရန် အပြန်အလှန်အားဖြင့် အမေရိကန်ကသဘောတူသည်။

ဒါပေမဲ့ အဓိကနယ်စပ် အကောက်ခွန်များကျန်နေသဖြင့် စီးပွားရေးလုပ်ငန်းများက နောက်ထပ်ဆွေးနွေးမှုတွေ ထပ်လုပ်ရန် တောင်းဆိုနေကြသည်။

အမေရိကန်နဲ့တရုတ်တို့ ၂၀၁၈ ခုနှစ်ကတည်းက တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်တုံ့ပြန်ပြီး ပို့ကုန်ဒေါ်လာဘီလီယံ ၄၀ဝ ကျော်ဖိုးခန့်ကို အခွန်တိုးကောက်ကြသည့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေကြသည်။

အဆိုပါကုန်သွယ်ရေးအငြင်းပွားမှုကြောင့် ကုန်သွယ်ရေးစီးဆင်းမှုနှောင့်နှေးခြင်း၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှောင့်နှေးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ယုံကြည်မှုနည်းစေခြင်းများဖြစ်ခဲ့သည်။

လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်စတော့ ရှယ်ယာတန်ဖိုးများမြင့်တက်ခဲ့သည်။

Source- BBC

ဥက္ကာ #MeKongNews

Photo- The White House

Design a site like this with WordPress.com
Get started