ဝမ်ပုံတွင် ရွာသား(၂)ဦး ဆင်ရိုင်းနင်းခံရ

တာချီလိတ်၊ ဇန်နဝါရီ ၁၇

တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာတွင် ထင်းခုတ်နေသည့် ကျေးရွာသား(၂)ဦး ဇန်နဝါရီလ ၁၆ရက် နံနက် ၁၁နာရီခန့်က ဆင်နင်းခံရသဖြင့် ဆေးရုံတက်ခဲ့ရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ ၁၆ရက် နံနက် ၁၁နာရီခန့်တွင် ဝမ်ပုံကျေးရွာ၌ ထင်ခုတ်နေသည့် ဦီးလုံကျောက်နှင့် ဦးအိုက်ပျဲန် တို့ (၂)ဦးကို ဆင်ရိုင်းတစ်ကောင်က နောက်မှလိုက်ကာ တက်နင်းခဲ့သဖြင့် တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် မစိုးရိမ်ရ လူနာအဖြစ် တက်ရောက်ကုသနေရကြောင်း မိုင်းဖုန်းဘိနယ် တာဝန်ကျ သစ်တော ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဆင်ကတော့ လာအိုဘက်ကလာတဲ့ ဆင်ရိုင်းလို့ပဲ ယူဆရတယ်။ ဒီဘက်မှာ ပုံမှန်အားဖြင့် ဆင်ရိုင်းမရှိဘူး” ဟု က ပြောသည်။

အခင်းဖြစ်ရာ နတ်စင်တောအတွင်း ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကာ ဆင်ရိုင်းကို တောနင်းရှာဖွေလျက်ရှိကြောင်း သိရသည်။

MeKongNews

မူးယစ်ဝရမ်းဖြင့် ရှာဖွေခံရသည့် ထိုင်းနိုင်ငံသားထံမှ သေနတ် (၂)လက်နှင့် ကျည်ဆံများဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၁၇

တာချီလိတ်မြို့တွင် နေထိုင်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ၎င်းနေအိမ်တွင် ဝင်ရောက်ဖမ်းရာ ပစ္စတို (၂)လက်နှင့် ကျည်ဆံအချို့ကို ဇန်နဝါရီလ ၁၆ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ(၂) ရှိ ထိုင်းနိုင်ငံသား နိုင်ဝမ်နိုင် ထောင်ပိုင်ထောင်း(ခ) စိုင်းလုံနေထိုင်သည့် အိမ်ကို ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၁၆ရက် နေ့လည့်ပိုင်းက ဝင်ရောက်ရှာဖွေရာ အဆိုပါထိုင်းနိုင်ငံသားကို Glock အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်ကတ်တစ်ခုနှင့် ကျည်ဆံ (၉)တောင့်၊ Para အမျိုးအစား ပစ္စတိုတစ်လက်၊ ကျည်ကတ်တစ်ခုနှင့် ကျည် (၈)တောင့်၊ လိုင်စင်မဲ့ ကား (၂)စီး၊ ထိုင်းနိုင်ငံ K-Bank စာအုပ် (၅)အုပ်နှင့် SCB Bank စာအုပ် တစ်အုပ်တို့ကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မ ရဲခစခန်းမှ သိရသည်။

“လောလောဆယ်မှာ ရှမ်းလက်နက်မှုနဲ့ အမှုဖွင့်ထားတယ်။ ပြီးရင် လဝကမှု၊ လိုင်စင်မဲ့ကား လက်ဝယ်ထားမှု တွေနဲ့ ထပ်ဖွင့်မယ်။ ထိုင်းနိုင်ငံက အလိုရှိတဲ့ တရားခံပြေး ဟုတ်၊ မဟုတ်တော့ အတည်ပြုမေးမြန်းဖို့ လုပ်ဆောင်နေပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်းဦးက ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသား နိုင်ဝမ်နိုင် ထောင်ပိုင်ထောင်း(ခ) စိုင်းလုံကို တာချီလိတ်မြို့မရဲစခန်းတွင် ဇန်နဝါရီလ (၁၆)ရက် ညပိုင်းက တရားမဝင်လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

MeKongNews

လမ်းဘေးပစ်ထားသည့် အချိုရည်ကတ်ထူဖာအတွင်းမှ စိတ်ကြွဆေးပြား တစ်သိန်းခန့်သိမ်းဆည်းရမိ

တာချီလိတ်၊ ဇန်နဝါရီ ၁၆

လမ်းဘေးတွင် ပစ်ထားသည့် Red Kangaroo အချိုရည်ဖာကို ရဲတပ်ဖွဲ့မှ မသင်္ကာသဖြင့် ရှာဖွေ စစ်ဆေးရာ အတွင်းမှ စိတ်ကြွဆေးပြား တစ်သိန်းခန့်ကို ဇန်နဝါရီလ ၁၆ရက် နံနက်အစောပိုင်းက သိမ်းဆည်းရမိသည်။

ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် မြို့ပေါ်ရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်အတွင်းတွင် မသင်္ကာဖွယ် Red Kangaroo အချိုရည်ဖာကို တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွဆေးပြား (၉၉၆၀၀)ပြားကို သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းတမ်းအရ သိရသည်။

ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများနှင့် ပတ်သက်သည့် တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

ပျောက်ဆုံးနေသည့် ၅ လသား ကလေးငယ် အလောင်းကို ရွာအနီးခြုံပုတ်အတွင်းပြန်တွေ့

ကလေးငယ်အလောင်းကို ကြည့်ရှု့နေစဉ်/ Photo by U Nyein Thung

တာချီလိတ်၊ ဇန်နဝါရီ ၁၆

လွန်ခဲ့သည့် (၁၀)ရက်ခန့်က တာလေမြို့ရှိ နေအိမ်တွင် အိမ်နေရင်း ပျောက်ဆုံးသွားသည့် ကလေးငယ်၏ အလောင်းကို ဇန်နဝါရီလ ၁၅ရက် ညပိုင်းက အခင်းဖြစ်ရာ ကျေးရွာအနီးရှိ ခြုံပုတ်အတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း တာလေမြို့အခြေစိုက် လောကပါလ ပရဟိတအသင်းမှ သိရသည်။

အဆိုပါ (၅)လသားအရွယ် ကလေးငယ်မှာ ဇန်နဝါရီလ ၆ရက် ည ၈နာရီခန့်က တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးအောက်ကျေးရွာရှိ နေအိမ်တွင် သိပ်ထားစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၅ရက်က ညပိုင်းက ကလေးငယ်၏ အလောင်းကို ယင်းကျေးရွာအနီးရှိ ကိုင်းတောထဲတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း လောကပါလ ပရဟိတအသင်း ဥက္ကဌ ဦညိမ်းက ပြောသည်။

“ည ၉နာရီခွဲလောက်မှာ ပြန်တွေ့တာပေါ့။ အများကတော့ ကလေးကို ရောင်းစားဖို့ ခိုးသွားပြီးမှ အဆင်မပြေတော့ ပြန်လာထားတဲ့ပုံစံမျိုး သုံးသပ်ပြောဆိုကြတယ်”ဟု ၎င်းက ပြောသည်။

ကလေးငယ်အလောင်းကို ပြန်တွေ့သည့် နေရာမှာ စတင်ပျောက်ဆုံးစဉ်ကတည်းက အကြိမ်ကြိမ်ရှာဖွေပြီး ဖြစ်ကာ စတင်ရှာဖွေစဉ်က တွေ့ရှိခြင်းမရှိကြောင်း နားယောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်က ပြောသည်။

“စပြီးပျောက်သွားကတည်းက အခုတွေ့တဲ့နေရာကို အကြိမ်ကြိမ် ကျွန်တော်ကိုယ်တိုင် ဦးစီးပြီး ရှာခဲ့ပါတယ်။ မတွေ့ပါဘူး။ ပတ်ဝန်းကျင်မှာတော့ ကလေးကို ဒုစရိုက်မှုတစ်ခုခုမှာ အသုံးပြုဖို့ ခိုးသွားပြီး အဆင်မပြေတော့မှ လာပြန်ပစ်သွားတယ်လို့ ပြောဆိုနေကြပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ နားယောင်းကျေးရွာအုပ်စုအတွင်း ကလေးငယ်ခိုးယူခံရခြင်းမှာ ယခုတစ်ကြိမ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ကလေးငယ်အလောင်းကို ဆေးရုံတွင် စစ်ဆေးမှုများ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

MK – 001

MeKongNews

အမေရိကန်နှင့် ပူးပေါင်းကြံစည်မှုမရှိကြောင်း ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ငြင်းဆို

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၅

ကမ္ဘောဒီးယားနိုင်ငံမြို့တော်ဖနွမ်းပင်တွင် နိုင်ငံတော်သစ္စာဖောက်မှု တရားခွင်စတင်ချိန် နိုင်ငံခြားအင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် ကမ်ဆွတ်ခက ငြင်းဆိုခဲ့သည်။

“ကမ္ဘောဒီးယားနိုင်ငံကို ကျူးကျော်ဖို့၊ အတိုက်အခံလုပ်ဖို့ တခြားနိုင်ငံတွေနဲ့ နိုင်ငံခြားအေးဂျင်တွေကို ကျွန်တော်ခေါ်မလာခဲ့ပါဘူး” ဟု ဆွတ်ခကပြောသည်။

သတင်းထောက်များကို တရားရုံးဝင်ခွင့်ပိတ်ခံထားရသော်လည်း အမေရိကန်အထောက်အပံ့ယူထားသည်ဟု ဆွတ်ခကိုစွပ်စွဲကြောင်း သူ့ရှေ့နေကပြောသည်။

တရားခွင်ကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကပြောသည်။

အမေရိကန်အထောက်အပံ့ကို ဆွတ်ခကာလရှည်ရခဲ့ကြောင်း စွပ်စွဲချက်များမှာ ၂၀၁၃ ခုနှစ်က သြစတြေးလျတွင် ပြောခဲ့သောမိန့်ခွန်းမှတ်တမ်းဗီဒီယိုကိုအခြေခံကြောင်း သူ့ရှေ့နေက သတင်းထောက်များကို တရားရုံးခေတ္တရပ်နားစဉ်ပြောသည်။

တရားရုံးတွင် အစိုးရရှေ့နေက ဗီဒီယိုမှတ်တမ်းတိုတစ်ခုပြသခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာများတွင် ဖော်ပြသည်။

နာရီပိုင်းကြာသည့် ဗီဒီယိုအပြည့်အဝကိုပြသနိုင်ခြင်းရှိ၊ မရှိ ဆွတ်ခ၏ရှေ့နေကမေးခဲ့သည်။

၃၅ နှစ်ကြာအာဏာချုပ်ကိုင်ထားသည့် ဝန်ကြီးချုပ်ဟွန်ဆန်ထံမှ အာဏာသိမ်းရန်စီစဉ်ခဲ့ကြောင်း ဆွတ်ခကို စွပ်စွဲထားသည်။

သတင်းသမားအနည်းငယ်ကိုသာ တရားရုံးတွင်းဝင်ရောက်ခဲ့ကြောင်း သတင်းစာဆရာတချို့ကပြောသည်။

တရားခွင် ၃ လ ခန့်ကြာမြင့်နိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုနေသည်။

အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်အနှစ် ၃၀ ကျခံရနိုင်သည်။

Source- BBC

ဥက္ကာ #MeKongNews

Photo- Phnom Penh Post

ယူကရိန်းလေယာဉ်ကိုပစ်ချခဲ့သူများကို ဖမ်းဆီးထားကြောင်း အီရန်သမ္မတထုတ်ပြော

တီဟီရန်၊ ဇန်နဝါရီ ၁၅

ယူကရိန်းအရပ်သားလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းကို ပစ်ချခဲ့သူတွေကို ဖမ်းဆီလိုက်ကြောင်း အီရန်က အင်္ဂါနေ့တွင်ပြောသည်။

မှားယွင်းပစ်ချခဲ့ကြောင်း အီရန်စစ်တပ်က နောက်ပိုင်းမှာဝန်ခံခဲ့ပြီးနောက် နိုင်ငံတဝန်းမှာ ၄ ရက်ကြာဆန္ဒပြမှုများတွင်ပါဝင်သူ ၃၀ ခန့်ကို ထိန်းသိမ်းထားကြောင်းလည်းပြောသည်။

စေစေ့စပ်စပ်စစ်ဆေးသွားမည်ဟုလည်း အီရန်သမ္မတဟတ်ဆန် ရိုဟာနီက အင်္ဂါနေ့တွင် ကတိပြုခဲ့သည်။

လုံခြုံရေးကင်မရာမှတ်တမ်းများအရ လေဆိပ်ကခွာပြီး စက္ကန့် ၃၀ အကြာမှာ လေယာဉ်ကို ဒုံးကျည် ၂ စင်းထိမှန်ခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက အင်္ဂါနေ့တွင်ဖော်ပြသည်။

မြေပြင်မှဝေဟင်ပစ်ဒုံးကျည် ၂ စင်း၏ အပူများကို လေယာဉ်နားတွင် ထောက်လှမ်းမိခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။

ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း အီရန်ကို သံတမန်ရေးဖိအားတွေတိုးမြှင့်ပေးနေပြီး ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ် (JCPOA)က ကန့်သတ်ချက်များကို အီရန်ချိုးဖောက်ခဲ့ကြောင်း စိန်ခေါ်ရန် အငြင်းပွားမှုဖြေရှင်းရေးယန္တရား စတင်ခဲ့သည်။

ဇန်နဝါရီ ၃ ရက်တွင် အီရန်မှအာဏာအရှိဆုံးတပ်မှူးတစ်ယောက်ကို အမေရိကန်က အီရတ်တွင် မောင်းသူမဲ့ဒရုန်းလေယာဉ်ဖြင့် လုပ်ကြံခဲ့ပြီးနောက် အီရန်နှင့် အနောက်ကမ္ဘာထိပ်တိုက်တွေ့ဆုံမှုပိုမြင့်တက်နေသည်။

Source- Reuters

ဥက္ကာ #MeKongNews

Photo- Press TV

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျေးရွာ ၁၄ ရွာအတွက် စိမ့်စမ်းရေ သွယ်တန်းမည့်လုပ်ငန်းများအတွက် ရှင်းလင်းဆွေးနွေး

တာချီလိတ်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ ၁၄ ရွာ သောက်သုံးရေ ရရှိရေးအတွက် စိမ့်စမ်းရေ သွယ်တန်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးရွာ ၁၄ ရွာ သောက်သုံးရေ ရရှိရေးအတွက် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းနှင့် ဝန်ထမ်းအိမ်ယာတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၁၃ရက် နံနက် (၁၀)နာရီတွင် တာချီလိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးတွင် ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ တာချီလိတ်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ၊ တာချီလိတ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးနှင့် ကျေးရွာများမှ တာဝန်ရှိသူများ၊ တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ မုန်းမွန်းပလောင်ပါ (၆)ရွာ၊ ပါဘီး-၃ ကျေးရွာ၊ ကျတဲတိုဘိုကျေးရွာ၊ တာပုံကျေးရွာ၊ ဖက်ဟိ(အာခါ)ကျေးရွာ၊ ရွှေပြည်အေးကျေးရွာ၊ ဖလောက်ကျေးရွာ၊ လွန်းကျိုင်းကျေးရွာနှင့် ပါခါးကျေးရွာတို့တွင် သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေးသွယ်တန်းခြင်းနှင့် ဂါလံ ၁၀ဝဝဝ ဆံ့ကန် တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်ရာတွင် တင်ဒါပါ စည်းမျဉ်း၊ စည်းကမ်းအညီ လုပ်ဆောင်ရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြအကူအညီတောင်းခံရန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောဆိုရှင်းလင်းခဲ့သည်။

တာချီလိတ်မြို့နယ်အတွင်း ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်မှ စတင်လုပ်ဆောင်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း (၃၂၀) တွင် သောက်သုံးရေ ရရှိရန် စိမ့်စမ်းရေ သွယ်တန်းသည့် လုပ်ငန်းပေါင်း (၇၈)ခုလုပ်ဆောင်ပြီးစီးကြောင်း သိရသည်။

MeKongNews

မြန်မာနိုင်ငံကို ကြားဖြတ်ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေ သတ်မှတ်ပေး၊ မပေး လာမည့်တစ်ပတ်တွင် ICJ ဆုံးဖြတ်မည်

မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားခဲ့ကြောင်း ဂမ်ဘီယာနိုင်ငံ၏စွပ်စွဲချက်နှင့် ဂမ်ဘီယာနိုင်ငံတောင်းဆိုထားသည့် မြန်မာနိုင်ငံအပေါ် ကြားဖြတ်ကြိုတင် ကာကွယ်ရေးအစီအစဉ် (Provisional Measures)များသတ်မှတ်ပေး၊ မပေး ဇန်နဝါရီ ၂၃ ရက် ကြာသပတေးနေ့တွင် နိုင်ငံတကာတရားရုံး ICJက ဆုံးဖြတ်ရန်ရှိနေသည်။

ဆုံးဖြတ်ရန်ရှိနေကြောင်း ဂမ်ဘီယာတရားရေးဝန်ကြီးဌာန၏ တွစ်တာစာမျက်နှာတွင် ကြေညာထားသည်။

ဘင်္ဂါလီများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းကိုချိုးဖောက်ထားလို့ ကြိုတင်ကာကွယ်သည့် လုပ်ငန်းစဉ်များစတင်ရန် နိုဝင်ဘာ ၁၁ ရက်တွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း(OIC)ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲချက်တင်ရန်လျှောက်ထားခဲ့သည်။

ICJမှ ဂမ်ဘီယာ၏လျှောက်တင်မှုတွင် တပ်မတော်က ဘင်္ဂါလီအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြောင်း၊ မီးရှို့ခဲ့ကြောင်း၊ ဘင်္ဂါလီများ၏စိုက်ပျိုးမြေများကိုသိမ်းယူခဲ့ကြောင်း မြန်မာအစိုးရကပြည်ဝင်ခွင့်ပိတ်ထားသည့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် FFMကိုကိုးကားပြီး မြန်မာနိုင်ငံကို စွပ်စွဲခဲ့သည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSAအကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးလုပ်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂါလီ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးခဲ့ကြသည်။

ကြားဖြတ်ကြိုတင်ကာကွယ်ရေး အစီအစဉ်လုပ်ရန် ICJ တွင် ဂမ်ဘီယာတောင်းဆိုခြင်းကိုပယ်ချရန်နှင့် ဂမ်ဘီယာနိုင်ငံ၏စွဲချက်ကို ရုတ်သိမ်းပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးနေ့တွင် တောင်းဆိုခဲ့သည်။

MeKongNews

ဆိုလမ်မာနီကိုသတ်ခဲ့ခြင်း ရန်သူများကိုတားဆီးရန်မဟာဗျူဟာတစိတ်တပိုင်းဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁၄

တရုတ်နှင့်ရုရှားအပါအဝင် အမေရိကန်၏ ရန်သူများခြိမ်းခြောက်နေမှုများကိုတားဆီးရန် ကျယ်ပြန့်သည့် မဟာဗျူဟာတစိတ်တပိုင်းအနေဖြင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အထူးစစ်ဆင်ရေးနှင့် aထာက်လှမ်းရေးဆိုင်ရာတပ်မှူး ဒုတိယဗိုလ်ချုပ် ကာဆမ် ဆိုလမ်မာနီကိုလုပ်ကြံခဲ့ရခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွန်ပီယိုက တနင်္လာနေ့တွင်ပြောသည်။

ထိုပြောဆိုမှုကြောင့် အီရန်ဗိုလ်ချုပ်က အမေရိကန်အပေါ် တိုက်ခိုက်နိုင်ချေရှိသည့်ဖြစ်ရပ်များစီစဉ်နေကြောင်း ခိုင်ခိုင်မာမာပြောဆိုခြင်းများကို အားလျော့သွားစေသည်။

စတန်းဖို့တက္ကသိုလ်တွင် မိန့်ခွန်းပြောစဉ်ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး အီရန်ကိုအမှန်တကယ်တားဆီးနိုင်ရန် အမေရိကန်အစိုးရမူဝါဒများကို မိန့်ခွန်းတွင် အလေးပေးပြောဆိုခဲ့သည်။

အစောပိုင်းရီပတ်ဘလစ်ကန်နှင့် ဒီမိုကရတ်မူဝါဒများက အီရန်၏ မလိုမုန်းထားမှုရှိသည့်လုပ်ရပ်များကို အားပေးခဲ့ကြောင်းမူဝါဒများဟု ပြောခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပစ်မှတ်မျာ းတိုက်ခိုက်ခံရနိုင်ကြောင်း မဖွင့်ချထားသည့်ထောက်လှမ်းရေး အချက်အလက်များကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်ခဲ့ခြင်းဆိုသည့် အမေရိကန်အစိုးရ၏ပြောဆိုမှုကို ဒီမိုကရက်နှင့် ရီပတ်ဘလစ်ကန်အမတ်တချို့က စိန်ခေါ်ပြောဆိုခဲ့သည်။

ပစ်မှတ်ထားခံနိုင်ချေရှိသည်များတွင် အမေရိကန်သံရုံး ၄ ခုပါဝင်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောထားသည်။

သံရုံးများတိုက်ခိုက်ခံရနိုင်ချေရှိကြောင်း ကြိုတင်သတိပေးသည့်ထောက်လှမ်းရေးအချက်အလက်များမရထားကြောင်း တနင်္ဂနွေနေ့တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့က် အက်စပါကပြောသည်။

ဆိုလမ်မာနီက ခြိမ်းခြောက်မှုဖြစ်နေနေ၊ မနေနေ အရေးမကြီးကြောင်း ထရမ့်က တနင်္လာနေ့တွင်ပြောခဲ့သည်။

Source- Reuters

ဥက္ကာ #MeKongNews

Photo- US State Department

လူကုန်တားအရေးတွင် လူကုန်ကူးခံရသူများကိုယ်တိုင် ပါဝင်နိူင်ရန် အရေးကြီးကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာနဆို

နေပြည်တော်၊ ဇန်နဝါရီ ၁၄
ဝေမိုး(နေပြည်တော်)

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတွင် လိုအပ်သည့် အချက်အလက်များနှင့် အခွင့်အရေးများ ရရှိရေးအတွက် လူကုန်ကူးခံရသူများကိုယ်တိုင် ပါဝင်ကာ ဖော်ထုတ်နိုင်ရန် အရေးကြီးကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ဇန်နဝါရီလ(၁၄)ရက် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ပြုလုပ်ခဲ့သည့် “ဝန်ဆောင်မှု ပေးနေသူများအတွက် လူကုန်ကူးမှုနှင့်သက်ဆိုင်သော ထိုင်းနိုင်ငံ၏ တရားစွဲဆိုရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲတွင် သင်တန်းသား(၂၆)ယောက်အား နှစ်ရက်တာသင်ကြားမည့် အခမ်းအနား၌ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးဝင်းနိုင်ထွန်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူကုန်ကူးမှုတွေမှာ လူကုန်ကူးခံရသူဟာ အဓိကသက်သေဖြစ်ပါတယ်။ ဒါကြောင့် ကာယကံရှင်ကိုယ်တိုင် တရားစီရင်ရေး လုပ်ငန်းစဉ်တွေမှာ လိုလိုလားလား ပါဝင်လာဖို့က အရေးကြီးပါတယ်။ ဒီလိုပါဝင်လာခြင်းအားဖြင့် အနီးကပ်စောင့်ရှောက်နေကြတဲ့ လူမှုဝန်ထမ်းသမားများအနေနဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်၊ ဒီလုပ်ငန်းစဉ်ထဲမှာ ရပိုင်ခွင့်နဲ့အခွင့်အရေး၊ ရသင့်ရထိုက်တဲ့ လုပ်ခလစာ၊လျော်ကြေးစတဲ့ သတင်းအချက်တွေကို လူကုန်ကူး ခံရသူများကို ပံ့ပိုးပေးနိူင်မှာဖြစ်ပါတယ်”ဟု ဦးဝင်းနိုင်ထွန်းကပြောသည်။

မြန်မာနိူင်ငံတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစားများမှာ အဓ္ဓမထိမ်းမြားလက်ထပ်ခြင်း ၊ပြည်တန်ဆာပြုခြင်း ကလေးသူငယ်လူကုန်ကူးခြင်းနှင့် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးရှိသည်ကို လေ့လာတွေ့ရှိထားကြောင်း ဒုတိယသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူမှ လူကုန်ကူးမှု တိုက်ဖျက်နေ့တွင် ပြောကြားခဲ့သလို မြန်မာနိူင်ငံတွင် ၂၀၁၈ခုနှစ်အတွင်း ကိန်းဂဏန်းများအရ အဓ္ဓမထိမ်းမြားလက်ထပ်မှုသည် ၇၅ဒသမ၂၄ ရာခိုင်နှုန်းရှိကြောင်း ၎င်းကဆိုခဲ့သည်။

ယခုသင်တန်းသည် ထိုင်းနိူင်ငံ၏ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်းများကို ယင်းနိူင်ငံအတွင်း တရားစီရင်ရေး လုပ်ငန်းစဉ်များတွင် လူကုန်ကူးခံရသူများအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် IJM (Thailand)မှ ကျွမ်းကျင်သူများမှ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုနှင့်သက်ဆိုင်သော တရားစွဲဆိုရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များအား မျှဝေဆွေးနွေးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုခဲ့သည်။

“မြန်မာနိူင်ငံနဲ့ ထိုင်းနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀ဝ၉ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီနားလည်မှု စာချွန်လွှာကို လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ မကြာမီမှာလည်း နှစ်နိူင်ငံအတည်ပြု လက်မှတ်ရေးထိုး သွားမှာဖြစ်ပါတယ်။ ဒီစာချွန်လွှာမှာတော့ ကာကွယ်တားဆီးခြင်း(Prevention)၊ ကြိုတင်ကာကွယ်ခြင်း(Protection)နဲ့ စွဲချက်တင်ခြင်း(Prosecution) ကဏ္ဍတွေပါဝင်ပါတယ်”ဟု ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ ဦးဝင်းနိုင်ထွန်းက ပြောသည်။

ဆဌမအကြိမ်မြောက် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့် အချိန်မှစတင်၍ ယနေ့အချိန်ထိ လူကုန်ကူးမှု(၂၁၀)မှု၊ တရားစွဲတင်ခဲ့မှု(၁၅၆)မှုနှင့် လူကုန်ကူးသူ တရားခံအမျိုးသား (၁၅၂)ဦးအပြင် အမျိုးသမီး(၃၃၄)ဦးအား ထိရောက်သည့်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခဲ့ကြောင်း ဒုတိယသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူမှ စက်တင်ဘာ(၁၃)ရက်နေ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

MeKongNews

Design a site like this with WordPress.com
Get started