ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ချမိကြောင်း အီရန်ဝန်ခံတောင်းပန်

ပျက်ကျခဲ့သည့်ယူကရိန်းလေယာဉ်အပိုင်းအစများ / Photographer: Ali Mohammadi/Bloomberg

တီဟီရန်၊ ဇန်နဝါရီ ၁၁

ခရီးသည် (၁၇၆)ဦးစလုံး သေဆုံးခဲ့ရသည့် ယူကရိန်းလေယာဉ်ပေါက်ကွဲမှု၏ အကြောင်းရင်းမှာ အီရန်လေကြောင်းတပ်ဖွဲ့မှ မှားယွင်း ပစ်ချမိခဲ့ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံက စနေနေ့နံနက်ပိုင်းက ဝန်ခံပြောကြားသည်။

အီရန်လေတပ်မှ တာဝန်ရှိသူတစ်ဦး၏ ထုတ်ပြန်ချက်အရ အီရန်လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ကို သတိပေးတပ်လှန့်မှုအမြင့်ဆုံး တပ်လှန့်ထားချိန်တွင် ရန်သူပစ်မှတ်နှင့် မှားယွင်းကာ ယူကရိန်းလေယာဉ်ကို ပစ်ချမိခြင်းဖြစ်ပြီး အဆိုပါအမှားအတွက် တောင်းပန်ပါကြောင်း ဖော်ပြထားသည်။

မှားယွင်းပစ်ခတ်မိသည့် တရားခံကိုလည်း ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း ကတိပေးခဲ့သည်။

ဗုဒ္ဓဟူးနေ့က ၃နှစ်သက်တမ်းရှိ ဘိုအင်း ၇၃၇ လေယာဉ် တီဟီရန်လေဆိပ်မှ ထွက်ခွာပြီး မကြာမီ ပေါက်ကွဲခဲ့မှုကြောင့် ခရီးသည် ၁၇၆ဦးနှင့် လေယာဉ်ဝန်ထမ်းအားလုံး သေဆုံးခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လေယာဉ်ကို အီရန်ဘက်မှ ဒုံးကျည်ဖြင့် ပစ်လိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများနှင့် ပတ်သက်ပြီး သောကြာနေ့က အီရန်က ငြင်းချက်ထုတ်ခဲ့ပြီး ထိုသို့စွပ်စွဲခြင်းမှာ စိတ်ဓာတ်ရေးရာတိုက်ခိုက်မှု ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

Ref: Bloomberg

MeKongNews

၀န်ထမ်းကောင်းများအတွက် မော်တော်ယာဉ် အရစ်ကျရောင်းချမှု ရွေးကောက်ပွဲနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုဝန်ကြီးဆို

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ် ဒေါက်တာသန်းမြင့် / Photo by Wai Moe(NPT)/MeKong News

နေပြည်တော်၊ ဇန်နဝါရီ ၁၀
ဝေမိုး(နေပြည်တော်)

လုပ်သက်(၂၅)နှစ် ပြည့်ပြီးသည့် ဝန်ထမ်းကောင်းများအား မော်တော်ယာဉ်များ အရစ်ကျရောင်းချပေးမှု စီစဉ်ရာ၌ လာမည့်(၂၀၂၀)ခုနှစ် ရွေးကောက်ပွဲနှင့် ဆက်စပ်မှုမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ် ဒေါက်တာသန်းမြင့်မှ ပြောသည်။

ဇန်နဝါရီလ(၉)ရက်နေ့ နေပြည်တော် ဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ဝန်ထမ်းများနှင့် နိူင်ငံ့ဝန်ထမ်းများအား မော်တော်ယာဉ်အရစ်ကျ ရောင်းချရေး အစီအစဉ်နှင့်စပ်လျဉ်း၍ အထက်ပါအတိုင်း သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဝေဖန်သုံးသပ်မှုတွေရှိနေတယ် အမြင်အမျိုးမျိုးတော့ ရှိတာပေါ့ ဒီလိုလုပ်လိုက်တဲ့ကိစ္စက ရည်ရွယ်ချက်တော့မရှိဘူး အန်ကယ်တို့ အစိုးရအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲနီးမှ ဒါမျိုးလုပ်တယ်ဆိုတာ မရှိပါဘူး။ သို့သော် လုပ်သင့်လုပ်ထိုက်တာတော့ လုပ်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိဖို့လုပ်တာ။ ရွေးကောက်ပွဲနဲ့တော့ မသက်ဆိုင်ဘူး”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် ဝေဖန်မှုအမျိုးမျိုး ရှိနေသည့်အပေါ် ဒီမိုကရေစီခေတ်၌ ကြိုဆိုရမည်ဖြစ်ပြီး ယင်းဝေဖန်မှုများ အမျိုးမျိုးကြားနေရသည့်အပေါ် မထူးဆန်းကြောင်းနှင့် အများပြည်သူများ၏ ဝေဖန်မှုများကို ကြိုဆိုပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုခဲ့သည်။

မော်တော်ယာဉ်အရစ်ကျ ရောင်းချမှု စီစဉ်ရာတွင် အခွန်နှင့်စပ်လျဉ်း၍ မူဘောင်အတွင်းမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
“အခွန်ကင်းလွတ်ခွင့်တွေကိုလည်း ညှိနှိုင်းထားပါတယ်။ သက်ဆိုင်ရာဌာနတွေက သူတို့ရဲ့ဥပဒေအရ ပေးနိုင်တာတွေကို ပေးပါလိမ့်မယ်။ အခွန်ကအမျိုးမျိုးရှိတယ် အကောက်ခွန်၊ ကညနရဲ့အကောက်အခွန်ကြေး သက်ဆိုင်ရာဥပဒေအရ သက်ဆိုင်ရာဌာနတွေက သူတို့လုပ်ပိုင်ခွင့် မူဘောင်အတွင်းကနေ ကင်းလွတ်ခွင့်ပေးလို့ ရတာတွေပေးပါလိမ့်မယ်။ အခုအချိန်မှာတော့ ဘယ်ဟာကို ဘယ်လေက်လျော့မယ် ဆိုတာတော့ အတိအကျပြောလို့မရသေးပါဘူး”ဟု ဒေါက်တာသန်းမြင့်က ပြောသည်။

Showroom အရောင်း စင်တာသမားများမှလည်း အဆိုပါကားများ ဝင်လာပါက လက်ရှိတင်သွင်းထားသည့်ကားများ ဈေးကွက်ပျက်သွားကာ ထိခိုက်သွားမလားဆိုသည့် စိုးရိမ်ပူပန်မှုများ ကြားသိနေရမှုအပေါ် မိမိတို့တင်သွင်းမည့် ကားများသည်လည်း တစ်ဆင့်ပြီးတစ်ဆင့် သွင်းရမှာဖြစ်သလို အရေအတွက်အားဖြင့် အလွန်အရင်းအနှီး မများနိုင်သည့်အတွက် ဈေးကွက်အား ဆိုးဆိုးဝါးဝါး ထိခိုက်နိင်မည်မထင်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနမှ မူလတင်ပြထားချက်အပေါ် ယျေဘူယ သဘောတူညီမှု ရှိခဲ့သလို အချို့နေရာများတွင် မူဝါဒအရ ပြန်လည်ညှိနှိုင်းရန် ရှိနေသည့်အတွက် လောလောဆယ်အားဖြင့် အသေးစိတ်ပြောမရကြောင်း၊ တကယ်ပေးတော့မည်ဆိုပါက သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများ၏ ကိုယ်စားလှယ် ညွှန်ကြားရေးမှူးများမှတစ်ဆင့် သက်ဆိုင်ရာဌာနအလိုက် ရှင်းပြပြီးပါက ဝန်ထမ်းများအနေဖြင့် Show Room အရောင်း စင်တာများဆီ ဆက်သွယ်ဝယ်ယူရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

MeKongNews

ဆိုင်ကယ်မောင်းလာသည့် လူနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၀ ဖမ်းမိ

တာချီလိတ်၊ ဇန်နဝါရီ ၁၀

တာချီလိတ်ဘက်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို လွယ်တော်ခမ်းစစ်ဆေးရေးဂိတ် ကွင်းရှောင်လမ်းတွင် ဇန်နဝါရီလ ၉ရက် နေ့လည်ပိုင်းက စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၀၀၀ ပြား ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၉ရက် နံနက် ၁၁နာရီခွဲခန့်က လွမ်တော်ခမ်းဂိတ်ကွင်းရှောင်လမ်းတွင် မူးယစ်တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် လီဆော်ဆိုသူ မောင်းနှင်ပြီး အားဆားလိုက်ပါလာသည့် ဆိုင်ကယ်ကို တားဆီးစစ်ဆေးရာ အားဆားကိုင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၀၀၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသည့် လီဆောနှင့် အားဆားဆိုသူကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MeKongNews

အမေရိကန်-အီရန် စစ်ရေးတင်းမာနေစဉ် တာချီလိတ်တွင် စက်သုံးဆီဈေးတက်

တာချီလိတ်၊ ဇန်နဝါရီ ၉

ရေနံထွက်သည့် အရှေ့အလယ်ပိုင်းဒေသမှ အီရန်နိုင်ငံနှင့် ကမ္ဘာ့အင်အားကြီး အမေရိကန်တို့ စစ်ရေးတင်းမာမှု ဖြစ်နေစဉ် တာချီလတ်မြို့တွင် စက်သုံးဆီဈေး တက်သွားကြောင်း တာချီလိတ်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။

ဇန်နဝါရီလ ၇ရက်က တာချီလိတ်မြို့ စက်သုံးဆီဆိုင်များတွင် ဒီဇယ်တစ် တစ်လီတာလျှင် ၂၂ဘတ်နှင့် ဓာတ်ဆီ တစ်လီတာလျှင် ၂၁ ဘတ်ရောင်းချနေရာမှ ဇန်နဝါရီလ ၈ရက်တွင် ဒီဇယ်တစ်လီတာလျှင် ၂၃ဘတ်၊ ဓာတ်ဆီ တစ်လီတာလျှင် ၂၁ ဒဿမ ၅ဘတ်သို့ တက်သွားကြောင်း တာချီလိတ်မြို့ စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

“ယိုးဒယားဘက်က ဝယ်ရတဲ့ စက်သုံးဆီဈေးကိုက တက်သွားလို့ ကျွန်တော်တို့ လိုက်တက်ရတာပါ။ သူတို့ကလည်း ကမ္ဘာ့ဆီဈေးတက်လို့ လိုက်တက်ရတယ် ပြောပါတယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့တွင် သုံးစွဲသည့် စက်သုံးဆီကို ထိုင်းနိုင်ငံမှ တိုက်ရိုက်တင်သွင်း ရောင်းချနေခြင်း ဖြစ်သည်။

MK – 001

MeKongNews

အီရတ်မှသံတမန်နှင့် အစိုးရရုံးဝင်းအတွင်း ဒုံးကျည်နှစ်စင်းကျရောက်၊ အသေအပျောက်မရှိဟု ထုတ်ပြန်

ဇန်နဝါရီ ၉၊ ဘက္ကဒက်

အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်က အစိုးရရုံးများနှင့်သံရုံးများရှိရာအစိမ်းရောင်နယ်မြေအတွင်း ဒုံးကျည်နှစ်စင်းထိမှန်ခဲ့ကြောင်း အီရတ်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။

ဒါပေမဲ့ အသေအပျောက်မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
အသေးစိတ်အချက်အလက်များတော့ ထုတ်ပြန်ချက်တွင်မပါဝင်ချေ။

Katyushaဒုံးကျည်နှစ်စင်း အစိမ်းရောင်နယ်မြေအတွင်းကျရောက်ခဲ့ပြီး အသေအပျောက်မရှိ၊ အသေးစိတ်အချက်အလက်များဆက်လက်ထုတ်ပြန်ရန်ရှိဟု အီရတ်စစ်တပ်က ထုတ်ပြန်သည်။

ထိုဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားပြီး မီးသတ်ကားသံများကြားနေရသည်ဟု အီရတ်ရဲသတင်းရင်းမြစ်များကပြောသည်။

ဒုံးကျည်တစ်စင်း အမေရိကန်သံရုံးနှင့်မီတာ ၁၀ဝ ခန့်အကွာသို့ကျရောက်ခဲ့ကြောင်းလည်း ပြောကြသည်။

Source- Reuters

ဥက္ကာ#MeKongNews

Photo- Raw Story

သြစတြေးလျတောမီးငြှိမ်းရာတွင် ဒေါ်လာတစ်သန်းကူညီရန် Thor သရုပ်ဆောင် ခရစ္စဟမ်းစ်ဝေါ့သ် ကတိပြု

ကန်ဘာရာ၊ ဇန်နဝါရီ ၈

သြစတြေးလျနိုင်ငံမှာ အခုနှစ်အစပိုင်းမှာ အခြေအနေပိုဆိုးလာသည့် တောမီးများငြှိမ်းနိုင်ရန် အမေရိကန်ဒေါ်လာတစ်သန်း အကူအညီပေးသွားမည်ဟု သြစတြေးလျနိုင်ငံသား Thor ဇာတ်ကောင် သရုပ်ဆောင်ခရစ္စ ဟမ်းစ်ဝေါ့သ်ကတိပြုခဲ့သည်။

ဇန်နဝါရီ ၇ ရက်က သူ့အင်စတာဂရမ်တွင် အတည်ပြုပြောဆိုခဲ့ပြီး သူ့ညီ လီယမ် ဟမ်းစ်ဝေါ့သ်ကလည်း အလားတူကတိပြုခဲ့သည်။

သြစတြေးလျ သရုပ်ဆောင်အဆိုတော်ကိုင်လီ မင်နို့နှင့်မိသားစုကလည်း ဒေါ်လာ ၅ သိန်းလှူဒါန်းခဲ့ပြီး အင်္ဂါနေ့က ဆစ်ဒနီမြို့တွင်ပြုလုပ်ခဲ့သည်ဖျော်ဖြေပွဲတွင် ဒေါ်လာတစ်သန်းလှူဒါန်းသွားမည်ဟု အဆိုတော်အယ်တန် ဂျွန်ကလည်းကြေညာခဲ့သည်။

မကြာမီသြစတြေးလျတွင် နယ်လှည့်ဖျော်ဖြေရန်ရှိနေသည့် ကိုရီးယား-အမေရိကန်အဆိုတော်ဂျေး ပါ့က်ကလည်း ဒေါ်လာ ၃၀ဝ၀ဝ လှူဒါန်းမည်ဟု တွစ်တာတွင်အတည်ပြုခဲ့သည်။

တနင်္ဂနွေနေ့က ရွှေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲတွင်လည်း ကြယ်ပွင့်သရုပ်ဆောင်များက တောမီးလောင်မှုများကိုအာရုံစိုက်ရန်လှုံ့ဆော်ခဲ့ကြပြီး မီးဘေးဒုက္ခသည်များကို စာနာကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

လက်ရှိတွင် တောမီးများကြောင့် လူ ၂၅ ယောက်သေဆုံးခဲ့ပြီး တိရစ္ဆာန်သန်းချီသေဆုံးခဲ့သည့်အပြင် အိမ်ထောင်ချီပျက်စီးခဲ့သည်။

နိုင်ငံအရှေ့တောင်ပိုင်းတွင် အပူချိန်ပြန်မြင့်တက်လာချေရှိနေပြီး မီးတောက်များပြန်အရှိန်ရလာနိုင်သဖြင့် နောက်ထပ်ရွှေ့ပြောင်းရနိုင်ကြောင်း ဒေသခံများကို သြစတြေးလျအာဏာပိုင်များက သတိပေးထားသည်။

မကြာသေးခင်သီတင်းပတ်များအတွင်း ထိုတောမီးများကြောင့် စတုရန်းဟက်တာ ၁၀.၃ သန်း (စတုရန်းဧက ၂၅.၅ သန်း) (တောင်ကိုရီးယားနိုင်ငံ၏အကျယ်အဝန်းခန့်)တွင် တောမီးများလောင်ခဲ့သည်။

Source- CNA, Reuters

ဥက္ကာ #MeKongNews

Photo- Chris Hemsworth Instagram

တာလေ၌ အိမ်ပေါ်တွင်အိပ်နေသည့် (၅)လသားအရွယ်ကလေးတစ်ဦး ပျောက်ဆုံးနေ

ပျောက်ဆုံးသွားသည့်ကလေးငယ် အိပ်နေခဲ့သည့် အိပ်ရာ/ Photo by MeKong News

တာချီလိတ်၊ ဇန်နဝါရီ ၈

ဖခင်ဖြစ်သူနှင့်အတူ အိမ်ပေါ်တွင် အိပ်နေသည့် (၅)လသားအရွယ် ကလေးငယ်တစ်ဦး ဇန်နဝါရီလ ၆ရက် ညပိုင်းက တာလေမြို့တွင် ပျောက်ဆုံးသွားကြောင်း မိသားစုထံမှ သိရသည်။

တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးအောက်ကျေးရွာတွင် ဇန်နဝါရီလ ၆ရက် ည ၈နာရီခန့်က ဒေါ်ဘူးကြားဆိုသူမှာ ဘုရားဝတ်ပြုဆုတောင်းပွဲ ရှိသည့်အတွက် သွားရောက်စဉ် အိမ်တွင် ၎င်း၏ သားဖြစ်သူ (၅)လသားအရွယ် ကလေးတစ်ဦး၊ (၅)နှစ်သားအရွယ် ကလေးတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ ကျန်ခဲ့ကြောင်း ဒေါ်ဘူးကြားက မဲခေါင်သတင်းဌာနသို့ ပြောသည်။

ဝတ်ပြုဆုတောင်းပြီးနောက် ၎င်းနေအိမ်သို့ ပြန်ရောက်လာသည့်အခါ ဖခင်ဖြစ်သူနှင့် (၅)နှစ်သားအရွယ် ကလေးငယ်မှာ အိပ်လျှက်ရှိနေပြီး (၅)လသားအရွယ်ကလေးငယ်မှာ ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပျောက်ဆုံးသွားသည့် ကလေးအိမ်အနီးတွင် နေထိုင်သူတစ်ဦးကမူ “ကျွန်မတို့က ပုံမှန်ဆို ည၈နာရီ၊ ၉နာရီ အိပ်လေ့ မရှိဘူး။ အဲဒီနေ့ကျမှ အိပ်ပျော်သွားတာ။ သူ(ဒေါ်ဘူးကြား) ကလေးပျောက်လို့ ငိုသံကြားမှ လန့်နိုးလာတာ”ဟု မဲခေါင်သတင်းဌာနသို့ ပြောသည်။

အဆိုပါကလေးငယ် ပျောက်ဆုံးမှုအတွက် တာလေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

MeKongNews

လက်မှတ်မထိုးရသေးသည့်အဖွဲ့များ NCA ထီးရိပ်အောက်ဝင်လာဖို့ အတိုင်ပင်ခံထပ်မံတိုက်တွန်း

Photo – Myanmar State Counsellor Office

တာချီလိတ်၊ ဇန်နဝါရီ ၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် – NCA တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ အနေဖြင့် NCA ထီးရိပ်အောက်သို့ ဝင်ရောက်လာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၈ရက်၌ နေပြည်တော်ရှိ NRPC ဗဟိုဌာနတွင် ကျင်းပသည့် (၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအဝေး – JICM အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ဒီကနေ့ တရားဝင်အစည်းအဝေးမှာ တွေ့ဆုံပြီး လက်ရှိအစိုးရသက်တမ်းသာမက နောင်အစိုးရလက်ထက်မှာပါ ဆက်လက်ဖော်ဆောင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းကြချိန်မှာ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲနိုင်သေးတဲ့ အဖွဲ့တွေ ကျန်နေပါသေးတယ်။ ဒီအဖွဲ့တွေအားလုံးနဲ့ စဉ်ဆက်မပြတ်ထိတွေ့ ဆက်ဆံပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ NCA မှာ ပါဝင်နိုင်ဖို့ ကျွန်မတို့ရဲ့ NRPC နဲ့ငြိမ်းချမ်းရေး ကော်မရှင်က ကြိုးပမ်းဆောင်ရွက်နေပါတယ်။ NCA ထီးရိပ်အောက်မှာ ရောက်ရှိလာဖို့ ကျွန်မတို့ အမြဲတမ်း ဖိတ်ခေါ်ကမ်းလမ်းနေပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆို ခဲ့သည်။

လက်မှတ်ထိုးပြီးပါက တိုင်းရင်းသားလက်နက်အဖွဲ့များအနေဖြင့် NCA အောက်တွင် စုပေါင်းဆွေးနွေးနိုင်သလို လိုအပ်ပါက သီးခြားဆွေးနွေးနိုင်ဖို့ကိုလည်း အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း၊ ယင်းအချက်ကို NCA တွင်လည်း အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း အတိုင်ပင်ခံက ဆက်လက်ပြောကြားသည်။

လက်နက်ကိုင်တိုက်ပွဲများကြောင့် တိုင်းရင်းသား ပြည်သူများ ဒုက္ခဆင်းရဲသာခံစားရပြီး နှစ်ပေါင်း (၇၀)ကျော်ကြာ ပဋိပက္ခများအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကသာ ထွက်ပေါက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

တစ်နှစ်ကျော်ကြာ မကျင်းပနိုင်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိ နှိုင်းအစည်းအ၀ေး – JICM ကို ဇန်နဝါရီလ ၈ရက်တွင် ပြန်လည်ကျင်းပရာ အစိုးရကိုယ်စားလှယ်၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ကြသည်။

MK – 001

MeKongNews

အီရန်မြို့တော် တီဟီရန်အနီး ယူကရိန်းလေကြောင်းပိုင် လေယာဉ်ပျက်ကျ

လေယာဉ်ပေါက်ကွဲမှုကို အဝေးမှ မြင်ရစဉ်/ Screen Shot form Original Video

တီဟီရန်၊ ဇန်နဝါရီ ၈

အမေရိကန်နှင့် အီရန်အကြား တင်းမာမှုများ ဖြစ်ပွားနေချိန်တွင် ယူကရိန်လေကြောင်းပိုင် လေယာဉ်တစ်စင်း ဇန်နဝါရီလ ၈ရက် နံနက်အစောပိုင်းက အီရန်မြို့တော် တီဟီရန်မှ ထွက်ခွာပြီး မကြာခင်တွင် ပျက်ကျသွားကြောင်း အီရန်မှလာသည့် သတင်းများကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက ဖော်ပြသည်။

ခရီးသည် (၁၈၀)ဦး ပါဝင်သည့် အဆိုပါလေယာဉ်သည် အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်လေဆိပ်ဖြစ်သည့် အိုင်မန်ခိုမေနီ လေဆိပ်မှ ထွက်ခွာသွားပြီး မကြာမီ ပျက်ကျသွားခြင်းဖြစ်သည်။

ပျက်ကျသွားသည့်အကြောင်း သတင်းထုတ်ပြန်ချက်များကို မရှိသေးပေ။

လေယာဉ်လမ်းကြောင်းများကို ဖော်ပြာသည့် Flightradar 24 ဝက်ဘ်ဆိုဒ်မှ အချက်အလက်များအရ ယူကရိန်းလေကြောင်းမှ လေယာဉ် 752 သည် ဒေသစံတော်ချိန် နံနက် ၅နာရီ ၁၅မိနစ်တွင် ထွက်ခွာရမည် ဖြစ်သော်လည်း တစ်နာရီကျော်ကြာသည်အထိ ထွက်ခွာမှုမပြသေးကြောင်းတွေ့ရသည်။

အီရန် ISNA သတင်းအေဂျင်စီမှ ဖော်ပြသည့် ရုပ်သံတွင် ပေါက်ကွဲမှုမဖြစ်ခင် လေယာဉ်မှ မီးရောင်ခပ်မှိန်မှိန်ကို မြင်ခဲ့ရသည်။

Ref: Aljazeera

MeKongNews

တာချီလိတ်ဘက်မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ စိတ်ကြွဆေးပြား (၁၀၀၀၀)ကျော်မိ

တာချီလိတ်၊ ဇန်နဝါရီ ၈

မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို တားဆီးစစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၁၂၀၀၀)ပြားကို ဇန်နဝါရီလ ၇ရက် ညနေပိုင်းက တာချီလိတ်မြို့တွင် ဖမ်းဆီးရမိသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၇ရက် ညနေ ၃နာရီခွဲခန့် အချိန်က တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ နာသာလိ ကျေးရွာ အဝင်တွင် မိုင်းဆက်ဆက်မြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ လော်ဘူဆိုသူမောင်းနှင်လာပြီး မမီညီးဆိုသူ လိုက်ပါလာသည့် Wave-I မော်တော်ဆိုင်ကယ်ကို စစ်ဆေးရာ တူးဘောက်အတွင်းမှ စိတ်ကြွဆေးပြား (၁၂၀၀၀)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

မူးယစ်ဆေးဝါများနှင့်အတူဖမ်းဆီး ရမိသည့် အသက်(၁၉)နှစ်အရွယ် လော်ဘူ(ကျား)နှင့် အသက် (၄၀)အရွယ် မီညီး(မ) တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တရားခံများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

MeKongNews

Design a site like this with WordPress.com
Get started