တာချီလိတ်ဆေးရုံသို့ တရုတ်နိုင်ငံသားတစ်ဦး သံသယလူနာအဖြစ် ထပ်မံရောက်ရှိ

တာချီလိတ်၊ ဧပြီ ၃

ရန်ကုန်မှတဆင့် တာချီလိတ်သို့ လေကြောင်းဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ကိုယ်အပူချိန်မြင့်မားနေသဖြင့် ကိုဗစ်-၁၉ သံသယလူနာအဖြစ် တာချီလိတ်ဆေးရုံသို့ ဧပြီလ ၂ရက် ညပိုင်းက ပို့ဆောင်ထားကြောင်း တာချီလိတ်ဆေးရုံကြီးမှ သိရသည်။

“၂ရက်နေ့ည ၁၂နာရီလောက်က ရောက်လာတာ၊ တရုတ်နိုင်ငံသား ဟုတ်တယ်” ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းကပြောသည်။

အသက် ၄၇နှစ်အရွယ် တရုတ်နိုင်ငံသားသည် ချော်လဲပြီး လက်မောင်းနာသဖြင့် ဆေးရုံသို့ သွားပြရာတွင် ကိုယ်အပူချိန်တိုင်းရာ ၃၈ ဒဿမ ၃ ဒီဂရီစင်တီဂရိတ်ဖြစ်နေသဖြင့် ၎င်း၏ ခရီးသွားရာဇဝင်ကို ဆက်လက်မေးမြန်ရာ မတ်လ ၂၄ရက်တွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်လာပြီး မတ်လ ၂၅ရက်တွင် ရန်ကုန်မှတာချီလိတ်သို့ လေယာဉ်ဖြင့်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း၏ ခရီးသွားရာဇဝင်နှင့် ရောဂါလက္ခဏာမှာ ကိုဗစ်-၁၉ သံသယလူနာ သတ်မှတ်ချက်များနှင့် ကိုက်ညီနေသဖြင့် သံသယလူနာအဖြစ်သတ်မှတ်ကာ ဆေးရုံသို့ တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ တာချီလိတ်ဆေးရုံကြီးတွင် သံသယလူနာ ၃ဦး ရှိသွားပြီဖြစ်သည်။

MK – 001

MeKongNews

COVID-19 ကုသရာတွင် ထိရောက်မှုရှိသည့်ကိုယ်ခံအားစနစ်များ တရုတ်ရှာတွေ့

ဘေကျင်း၊ ဧပြီ ၂

တရုတ်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က ဆဲလ်အတွင်းဝင်ရောက်မည့်ကိုရိုနာဗိုင်းရပ်စ်၏အစွမ်းကို တားဆီးနိုင်ပြီး ကုသရာနှင့်ကာကွယ်ရာတွင်အထိ အကူအညီဖြစ်လာနိုင်သော ကိုယ်ခံအားစနစ်များကို သီးသန့်ထားရှိထားသည်။

လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကိုင်တွယ်ဖြေရှင်းရန် သက်သေပြထားသောနည်းလမ်းများမရှိသေးချေ။

ဆဲလ်ရည်ကြည်ကဲ့သို့ လက်ရှိရှေ့တန်းကုသမှုများထက် သူတို့အဖွဲ့ရှာတွေ့ထားသည့် ကိုယ်ခံအားစနစ်သုံးဆေးဝါးတစ်မျိုးကို ပိုပြီးအကျိုးရှိရှိသုံးနိုင်ကြောင်း ဘေကျင်းတွင်ရှိသည့်ဆင်းဟွာတက္ကသိုလ်မှကျန်းလီကီကပြောသည်။

ဆဲလ်ရည်ကြည်များတွင် ကိုယ်ခံအားစနစ်များပါဝင်သော်လည်း သွေးအမျိုးအစားအရ ကန့်သတ်ထားသည်။

ဇန်နဝါရီအစောပိုင်းတွင် ကျန်း၏အဖွဲ့နှင့် ရှန်ကျန်းမြို့မှ တတိယပြည်သူ့ဆေးရုံမှအဖွဲ့တစ်ဖွဲ့က COVID-19ရောဂါသက်သာသွားသည့် လူနာများ၏ သွေးတွင်ပါသောကိုယ်ခံအားများကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ဗိုင်းရပ်စ်ထံမှာပရိုတင်း(အသားဓာတ်)နှင့် ပေါင်းနိုင်သည့်ကိုယ်ခံအားစနစ် ၂၀၆ မျိ​ုးကို သီးသန့်ထားခြင်းဖြစ်သည်။

ထို့နောက် ဗိုင်းရပ်စ်ဆဲလ်အတွင်းဝင်သည်ကို ထိုကိုယ်ခံအားစနစ်များက အမှန်တကယ်တားဆီးခြင်းရှိ၊ မရှိ နောက်ထပ်စမ်းသပ်မှုများ သူတို့ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီနှင့် အင်တာဗျူးတွင် ကျန်းကပြောသည်။

ပထမဆုံးအမျိုး ၂၀ ကိုစမ်းသပ်ရာတွင် ၄ မျိုးမှာ ဆဲလ်အတွင်းဗိုင်းရပ်စ်ဝင်ရောက်မှုကို ကာကွယ်နိုင်ပြီး ၂ မျိုးမှာ ကောင်းသည်ထက် ပိုနေကြောင်းသိရသည်။

လက်ရှိတွင်တော့ စွမ်းအားအမြင့်ဆုံးကိုယ်ခံအားစနစ်ကိုဖော်ထုတ်ရန် အမျိုးအစားခွဲထုတ်နေပြီး ကိုရိုနာဗိုင်းရပ်စ်သစ်​ဗီဇပြောင်းလာခြင်းလျော့ပါးစေရန် ကိုယ်ခံအားစနစ်များကို ပေါင်းသွားရန်လည်းရှိနေသည်။

အဆင်ပြေပါက စိတ်ဝင်စားသည့်ထုတ်လုပ်သူများက ပထမဆုံး တိရစ္ဆာန်များတွင်စမ်းသပ်နိုင်ပြီး နောက်ပိုင်းတွင် လူများ၌စမ်းသပ်နိုင်မည်ဖြစ်သည်။

ကိုယ်ခံအားစနစ်များမှာ ကာကွယ်ဆေးများမဟုတ်သော်လည်း COVID-19 ကူးစက်ခံရနိုင်ချေအများဆုံးရှိသည့်လူများကို ပေးနိုင်မည်ဖြစ်သည်။

ပုံမှန်အားဖြင့် ဆေးဝါးတစ်ခုကိုအတည်ပြုရန် နှစ်နှစ်မျှကြာသော်လည်း COVID-19ကို ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ထားသဖြင့် ပိုမြန်နိုင်ကြောင်းလည်း ကျန်းကပြောသည်။

လူများတွင် ၆ လအတွင်း စမ်းသပ်နိုင်မည်ဟုမျှော်လင့်ကြောင်း ကျန်းက အင်တာနက်တွင်ပြောထားသည်။

လူများကိုစမ်းသပ်ရာတွင် အောင်မြင်သော်လည်း ကုသရာတွင် အမှန်တကယ်အသုံးပြုရေး ပိုကြာနိုင်ချေရှိသည်။

ယခုတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားမိသော်လည်း သတိထားလုပ်ဆောင်ကြရန် အခြားဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက သတိပေးသည်။

Source – Reuters

ဥက္ကာ #MeKongNews

Photo – Reuters.

အိမ်ရှင်များအနေဖြင့်တတ်နိုင်သမျှ အိမ်ခန်းငှာခလျှော့ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ မေတ္တာရပ်ခံ

တာချီလိတ်၊ ဧပြီ ၂

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လမ်းဘေးဈေးရောင်းသူမှအစ စီးပွားရေးလုပ်ငန်းများ အားလုံးနီးပါး ရပ်ဆိုင်းသွားသည့်အတွက် တာချီလိတ်မြို့နယ်အတွင်းရှိ အိမ်ပိုင်ရှင်များအနေဖြင့် အိမ်ခန်းငှားခများကို တတ်နိုင်သမျှလျှော့ချပေးရန် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှ တစ်ဆင့် မေတ္တာရပ်ခံလိုက်သည်။

လုပ်ငန်းများ ရပ်ဆိုင်းပြီး ဝင်ငွေမရှိတော့သည့် အခြေခံလူတန်းစားများအတွက် တတ်နိုင်သမျှ သက်သာရာ ရစေရန် အိမ်ငှားချကို လျှော့ချပေးရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တဆင့် မေတ္တာရပ်ခံပေးရန် ဧပြီလ ၂ရက် ညနေပိုင်းက အကြောင်းကြားစာပေးပို့ခဲ့ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

“အဓိက ကတော့ ဒီ ၄လပိုင်းနဲ့ ၅လပိုင်းပေါ့။ အားလုံးသိတဲ့အတိုင်း အလုပ်တွေကရပ်ပြီး ဝင်ငွေမရှိတော့ အခက်အခဲ ဖြစ်နေကြတယ်” ဟု၎င်းက ပြောသည်။

ကျန်းမာရေးအတွက် အလုပ်များရပ်လိုက်ရသည်ကို နားလည်သော်လည်း အိမ်ခန်းငှားခအတွက် စိုးရိမ်ပူပန်နေရကြောင်း တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အခြေခံလူတန်းစား အများစုမှာ အိမ်ခန်းငှားနေထိုင်ရသည့်အတွက် အလုပ်မရှိချိန်တွင် အိမ်ခန်းငှားခများ လျှော့ချပေးရန် လိုလားနေကြသည်။

MK – 001

MeKongNews

မြန်မာနိုင်ငံတွင် ကိုရိုနာကူးစက်ခံရသူ ၄ဦးထပ်တိုး

တာချီလိတ်၊ ဧပြီ ၂

ဧပြီလ ၂ရက် ညပိုင်း ဓာတ်ခွဲအဖြေထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၄ဦးထပ်တိုးလာသည်။

ထပ်မံပိုးတွေ့သူများမှာ လူနာနံပတ် ၁၅နှင့် ထိတွေ့ခဲ့သည့် ၎င်း၏ အမျိုးသား၊ သားတစ်ဦး၊ သမီးတစ်ဦးနှင့် တူမ ဖြစ်သူတို့ ဖြစ်သည်။
လူနာနံပတ် ၁၅မှာ နိုင်ငံခြားသားများကို ဝန်ဆောင်မှုပေးနေသည့် ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဖြစ်သည်။

ယခုအခါမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ၂၀ ဦးရှိလာပြီဖြစ်သည်။

MeKongNews

တာချီလိတ်တွင် ကိုဗစ်-၁၉ သံသယလူနာ ၂ဦးထပ်ရှိလာ

တာချီလိတ်၊ ဧပြီ ၂

ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦး နေအိမ်တွင် တည်းခိုခဲ့ပြီးနောက် ဖျားနာခဲ့သည့် အမျိုးသမီး တစ်ဦး အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ သံသယလူနာ ၂ဦး ထပ်ရှိလာကြောင်း ဧပြီလ ၂ရက် ညနေပိုင်းက သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းမှာ အသက် ၃၄နှစ်အရွယ် အမျိုးသမီး တစ်ဦးမှာ ပြီးခဲ့သည့် ၂ပတ်ခန့်က ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦး ၎င်း၏ နေအိမ်တွင် ၂ရက်ခန့် တည်းခိုခဲ့ပြီးနောက် လွန်ခဲ့သည့် ၅ရက်ခန့်မှ စတင်ကာ ချောင်းဆိုလာသဖြင့် သံသယလူနာအဖြစ် သတ်မှတ်ကာ ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း တာချီလိတ်ခရိုင်ကျန်းမာရေးမှူး ဒေါက်တာရွှေဝင်းက ပြောသည်။

ထို့အပြင် မိုင်းလင်းကျေးရွာအုပ်စုမှ အသက် ၂၅အရွယ် အမျိုးသားတစ်ဦးမှာလည်း ပြီးခဲ့သည့် ရက်ပိုင်းက တာချီလိတ်ချစ်ကြည်ရေး တံတား ၁ပေါ်သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂ရက်ခန့်မှ စတင်ကာ ချောင်းဆိုးလာသဖြင့် သံသယလူနာအဖြစ် သတ်မှတ်ကာ ဆေးရုံတင်ရန် စီစဉ်ခဲ့ကြောင်း ဒေါက်တာရွှေဝင်းက ပြောသည်။

ဧပြီလ ၁ရက် ညပိုင်း ဓာတ်ခွဲရလဒ်အဖြေများအရ တာချီလိတ်ဆေးရုံကြီးရှိ သံသယလူနားအားလုံးတွင် ရောဂါပိုး မရှိကြောင်း အဖြေထွက်ခဲ့သော်လည်း ညနေပိုင်းတွင် သံသယလူနာ ၂ဦး ပြန်ရှိလာသည်။

MK – 001

MeKongNews

ဘုရင့်နောင်ဈေး ဆိုင်ခန်းများ အခန်းခလျှော့ချ ကောက်ခံ

တာချီလိတ်၊ ဧပြီ ၂

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ ရှိနေသည့်အတွက် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ဈေးအတွင်းမှ ဆိုင်ခန်းခများကို ဈေးနှုန်းလျှော့ချကောက်သွားမည် ဖြစ်ကြောင်း ဘုရင့်နောင်ဈေး တာဝန်ခံရုံးက ဧပြီလ ၂ရက် နံနက်ပိုင်းက ထုတ်ပြန်သည်။

ဧပြီလအတွက် အခန်းခများ ကောက်ခံရာတွင် တစ်လလျှင် ဘတ် ၄၀၀၀ ကျသင့်သည့် အခန်းများကို ဘတ် ၅၀၀လျှော့ပေးမည်ဖြစ်ပြီး တစ်လလျှင် ဘတ် ၂၀၀၀ ကျသင့်သည့် အခန်းများကို ဘတ် ၂၀၀ လျှော့ပေးသွားမည် ဖြစ်ကြောင်း ဈေးတာဝန်ခံရုံးကထုတ်ပြန်ထားသည်။

သို့သော် အခန်းခများကို သတ်မှတ်ရက်ဖြစ်သည့် ဧပြီလ ၅ရက်နေ့မတိုင်မီ ပေးသွင်းမှသာ ဈေးနှုန်းလျှော့ပေးခြင်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဖြစ်ပွားနေသည့် ကိုဗစ် – ၁၉ ရောဂါဂယက်ကြောင့် စီးပွားရေး လုပ်ငန်းများ နှောင့်နှေးပြီး ဝင်ငွေလျော့နည်းချိန်ဖြစ်သည့်အတွက် အခန်းငှားသူများ အဆင်ပြေစေရန် ယခုကဲ့သို့ လျှော့ချပေးခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဈေးပိုင်ရှင် ဦးထွန်းနေဦးက ပြောသည်။

အခန်းခလျှော့ပေးခြင်းကို ကိုဗစ် – ၁၉ ရိုက်ခတ်မှု ပြီးဆုံးသွားသည့်လအထိ လျှော့ချကောက်ခံရန် ရည်မှန်းထားကြောင်း ဦးထွန်းနေဦးက ပြောသည်။

ကိုဗစ် – ၁၉ ရောဂါပျံ့နှံမှုကြောင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းချိန်တွင် တာချီလိတ်မြို့ရှိ အခြေခံလူတန်းစားများ အနေဖြင့် အိမ်ခန်းရှင်များက အိမ်ခန်းလခများ လျှော့ချပေးရန် မျှော်လင့်နေကြသည်။
MK – 001

MeKongNews

တာချီလိတ်ဆေးရုံရှိ သံသယလူနာအားလုံးတွင် ရောဂါပိုးမရှိ

တာချီလိတ်၊ ဧပြီ ၁

တာချီလိတ်ခရိုင်ဆေးရုံကြီးမှာ တင်ထားတဲ့ ကိုရိုနာသံသယလူနာအားလုံး၏ ဓာတ်ခွဲခန်းအဖြေတွင် ရောဂါပိုးမတွေ့ရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ဆေးစစ်အဖြေစောင့်နေသည့် လူနာ ၂ဦးကျန်ပြီး ဧပြီလ ၁ရက် ညပိုင်း အဖြေအရ ၎င်းတို့ နှစ်ဦးစလုံးတွင် ရောဂါပိုးမရှိဟု အမျိုးသားဓာတ်ခွဲခန်းက အကြောင်းကြားလာကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က မဲခေါင်သတင်းဌာနကိုပြောသည်။

“NHL က ဖုန်းဆက်လာပါတယ်။ ၂ယောက်လုံး Negative(ရောဂါပိုးမရှိ) ပါဘူး” ဟု၎င်းက ပြောသည်။

ထို့ကြောင့် တာချီလိတ်ခရိုင်ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မရှိတော့ကြောင်း သိရသည်။
MK – 001

MeKongNews

တစ်ဦးလျှင် ဘတ် ၅၀ဝ၀ အထောက်အပံ့ပေးမည့်အစီအစဉ်အတွက် ထိုင်းနိုင်ငံသား ၉ သန်း ခံစားရမည်

ဘန်ကောက်၊ ဧပြီ

COVID-19 ဆိုးကျိုးသက်ရောက်မှု သက်သာစေရန် ထိုင်းအစိုးရခွင့်ပြုသည့် ဘတ် ၅၀ဝ၀ ငွေကြေးထောက်ပံ့မှုအတွက် လျှောက်ထားသူ ၂၁.၇ သန်းတွင် လူ ၉ သန်းကိုက်ညီကြောင်း ထိုင်းအစိုးရပြောခွင့်ရသူ နာရူမွန် ပင်ယိုဆင်ဝက်ကပြောသည်။

အစောပိုုင်းတွင် ထိုင်းအစိုးရက လူ ၃ သန်းကို အကူအညီပေးပြီးနောက် နောက်ထပ်လူ ၆ သန်းကို အကူအညီထပ်ပေးရန် ထိုင်းအစိုးရကခွင့်ပြုခဲ့ကြောင်းလည်း သူကပြောသည်။

ထို့ကြောင့် ထိုင်းအစိုးရထောက်ပံ့ငွေပမာဏ ဘတ် ၁၃၅ သန်းရှိတော့မည်ဖြစ်သည်။

သူတို့ကိုက်ညီမှုရှိ၊ မရှိ လူသန်းချီလျှောက်ထားခဲ့ပြီးနောက် ၃ ပိုင်းခွဲပေးမည့်အကူအညီ၏ ပထမတစ်ပိုင်းကို အခုလကုန်ပိုင်းတွင် ထုတ်ပေးသွားမည်ဖြစ်သည်။

ဝန်ကြီးဌာနအသီးသီ၏ ဘတ်ဂျက်မှ ထောက်ပံ့ငွေအဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရအိ်မ်တော် သတင်းရင်းမြစ်တစ်ယောက်က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်ရေးအားထုတ်မှုများကို ငွေကြေးထောက်ပံ့ရာတွင် ကူညီနိုင်ရန်နှင့် အကူအညီများကိုကာမိစေရန် ဝန်ကြီးဌာနတစ်ခုစီ၏ဘတ်ဂျက်ကို ၁၀ ရာခိုင်နှုန်းလျှော့ချထားသည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် ချေးငွေရယူရန် အစိုးရကို အခွင့်အာဏာပေးသည့် ဝန်ကြီးချုပ်အမိန့်ထုတ်ပြန်ရန်လည်း အစီအစဉ်ရှိနေသည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဆိုးဆိုးရွားရွားထိခိုက်နေသည့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများကို ဘတ်သန်း ၁၆၀ဝ တန်ကြေးရှိသည့်ချေးငွများကို ထိုင်းအစိုးရငွေစုဘဏ်နှင့် ထိုင်းစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်များ၏ ရန်ပုံငွေများမှ ထုတ်ပေးသွားမည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။

ထိုင်းအစိုးရအနေဖြင့် COVID-19 ရောဂါပျံ့နှံ့မှုကြောင့် ထိခိုက်မည့်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း ချေးငွေပြန်ဆပ်ရမည့်အချိန်ကို ၆ လမှ တစ်နှစ်အထိဆိုင်းပေးထားသည်။

Source – Bangkok Post

ဥက္ကာ #MeKongNews

Photo – Bangkok Post

အကြမ်းဖက်ဥပဒေဖြင့် သတင်းသမားများကို တရားစွဲဆိုမှုက သတင်းထောက်များကို တိုက်ရိုက်ခြိမ်းခြောက်နေ

တာချီလိတ်၊ ဧပြီ ၁

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် သတင်းသမားများကို ဖမ်းဆီး တရားစွဲဆိုနေခြင်းသည် သတင်းထောက်များကို တိုက်ရိုက်ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေကြောင်း တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောက်များကွန်ယက် – EPRN က ဧပြီလ ၁ရက်က ထုတ်ပြန်လိုက်သည်။

EPRN ၏ ထုတ်ပြန်ချက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် မတ်လ ၂၃ ရက်တွင် ကြေညာပြီးနောက် သတင်းမီဒီယာအချို့အား ဆက်တိုက်ဖမ်းဆီး၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောကပ်များကွန်ရက် (EPRN)အနေဖြင့် များစွာစိုးရိမ်ပူပန်ပြီး ၎င်းတိုဲ့၏မိသားစုဝင်များအား စာနာကြောင်း ဖော်ပြလိုသည်။

သတင်းအချက်အလက် မှန်ကန်စေရေး၊ မျှတသည့် သတင်းဖြစ်စေရေးတို့အတွက် သတင်းသမားများသည် သတင်းကျင့်ဝတ်အရ ပဋိက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများထံသို့ ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်ပြီး ထိုသို့ဆက်သွယ်ခြင်းသည် ယင်းအဖွဲ့အား ထောက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်သည်ကို နိုင်ငံတော်အစိုရ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက သတိပြုသင့်သည်။

သတင်းရေးသားဖော်ပြမှုအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မတရားအသင်းများ အက်ဥပဒေ စသည့်ဥပဒေများဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ဟန့်တားခြင်း၊ ပြည်သူလူထု၏ မျှတသည့်သတင်းသိပိုင်ခွင့်ကို လျစ်လျူရှုခြင်း၊ ဒီမိုကရေစီအခြေခံနှုန်းများကို မျက်ကွယ်ပြုခြင်းသဘော သက်ရောက်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မ(၄) ရပ် တွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းရေးသားဖော်ပြမှုအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီသို့ ဦးစွာ တိုင်ကြားရန် တိုက်တွန်းထားသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများက လက်ခံကျင့်သုံးမှု အားနည်းနေဆဲဖြစ်သည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရပါသည်။

အထက်ဖော်ပြပါ သတင်းမီဒီယာသမားအချို့အား တရားစွဲဆိုမှုဖြစ်စဉ်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်၍ ပြည်သူလူထု သတင်းအချက်အလက်ရရှိရေးအတွက် သတင်းရေးသား ဖော်ပြနေသည့် သတင်းထောက်များအပေါ် တိုက်ရိုက်ခြိမ်းခြောက်သကဲ့သို့ ဖြစ်နေပါသည်။

သို့ဖြစ်၍ သတင်းရေးသားဖော်ပြမှုအပေါ်မူတည်ပြီး သတင်းသမားများအား ပြင်းထန်သည့် ဥပဒေများဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းအား ပြန်လည်သုံသပ်ပေးပါရန်နှင့် သတင်းရေးသားဖော်ပြမှုကို ကန့်ကွက်လိုပါက သတင်းမီဒီယာဥပဒေအရ ဦးစွာညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အလေးအနက်တိုက်တွန်း တောင်းဆိုအပ်ပါသည် ဟု ဖော်ပြထားသည်။

MK – 001

MeKongNews

ထိုင်းတွင် နှာခေါင်းစည်းဖြန့်ဝေခြင်း ထိန်းသိမ်းထားပြီး ကြက်ဥတင်ပို့မှုပိတ်ပင်ခြင်းသက်တမ်းတိုး

ဘန်ကောက်၊ ဧပြီ ၁

တနင်္လာနေ့တွင် ထိုင်းအစိုးရက ကြက်ဥတင်ပို့မှု ပိတ်ပင်ထားခြင်းကို သက်တမ်းတိုးလိုက်ပြီး ပြည်တွင်းဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကိုထိန်းသိမ်းရန် ဝန်ကြီးဌာန ၂ ခုကို တာဝန်ပေးခဲ့သည်။

နှစ်ခုစလုံး ရှားပါးပြတ်တောက်မှု မရှိစေရန်ဆောင်ရွက်ခြင်းဟု သိရသည်။

ထိုင်းတွင် ကြက်ဥရှားနေသေးသဖြင့် အင်္ဂါနေ့တွင် သက်တမ်းပြည့်မည့် ကြက်ဥတင်ပို့မှုပိတ်ပင်ခြင်းကို ရက် ၃၀ အထိသက်တမ်းတိုးလိုက်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျူရင် လက်ဆာနာဝီဆစ်ကပြောသည်။

ထိုင်းတွင် တစ်နေ့ကြက်ဥအလုံး ၄၁ သန်းထုတ်လုပ်နေပြီး ၁ သန်းကို ယခင်က ပြည်ပတင်ပို့ခဲ့ကြောင်းလည်း သူကပြောသည်။

ပြည်တွင်းလိုလားချက်ကို ပြည့်မီစွာထောက်ပံ့နိုင်သည့် အချိန်တွင် တင်ပို့ခွင့်ပိတ်ထားမှု ရပ်ပေးမည်ဟုလည်း အသိပေးသည်။

အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် နှာခေါင်းစည်းများပြတ်တောက်နေကြောင်းလည်း ဂျူရင်ကပြောသည်။

ထိုင်းပြည်တွင်းစက်ရုံများက တစ်နေ့လျှင် နှာခေါင်းစည်းအခု ၂ဒဿမ၃ သန်းထုတ်လုပ်နေပြီး လက်ရှိတွင် အားလုံးကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနထံပေးပို့ထားကြောင်းပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနက တစ်ရက်ကိုနှာခေါင်းစည်းအခု ၁.၃ သန်းရယူပြီး နိုင်ငံတဝန်းမှ အများပိုင်နှင့် ပုဂ္ဂလိကပိုင်ဆေးရုံများသို့ ဖြန့်ဝေပေးမည်ဖြစ်သည်။

နောက်ထပ် ၁ သန်းကတော့ ထိုင်းပြည်တွင်းကုန်သွယ်ရေးဌာန အစား ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ရယူပြီး ခရိုင်အုပ်ချုပ်ရေးမှူးများထံပေးပို့မည်ဖြစ်သည်။

သူတို့က ကူးစက်နိုင်ချေများသူများကို အခမဲ့ဝေပေးမည်ဖြစ်ပြီး ကျန်သည်များကို ဒေသတွင်းဆိုင်များတွင် ရောင်းချရန်ပို့ပေးမည်ဖြစ်သည်။

ကုန်ကြမ်းစျေးများ တက်နေသော်လည်း ထုတ်လုပ်ရေးဆက်လုပ်နိုင်ရန် ပြည်တွင်းနှာခေါင်းစည်းထုတ်စက်ရုံများကို အထောက်အပံ့ဖြစ်မည့် အမတော်ကြေးပေးရန် ဘတ်ဂျက်ကို ထိုင်းစီးကူးဝန်ကြီးဌာနက အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဟုလည်း ဂျူရင်ကပြောသည်။

Source – Bangkok Post

ဥက္ကာ #MeKongNews

Photo – Bangkok Post

Design a site like this with WordPress.com
Get started