JICM အစည်းအဝေးတက်ရန် ဗိုလ်ချုပ်ကြီးယွက်စစ် တာချီလိတ်မှ နေပြည်တော်သို့ထွက်ခွာမည်

PPST အစည်းအဝေးတွင် မိန့်ခွန်းပြောနေသည့် ဗိုလ်ချုပ်ကြီးယွက်စစ်/ Photo by NCAs-EAO

တာချီလိတ်၊ ဒီဇင်ဘာ ၅

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး – JICM ကို တက်ရောက်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် တာချီလိတ်မြို့မှ တဆင့် နေပြည်တော်သို့ ထွက်ခွာမည်ဖြစ်ကြောင်း RCSS က ဇန်နဝါရီလ ၅ရက်တွင် ကြေညာချက်ထုတ်သည်။

ဇန်နဝါရီလ ၆ရက်တွင် တာချီလိတ်မှတဆင့် နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်သို့ ရောက်ရှိပါက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး တို့နှင့် ပတ်သက်၍ သက်ဆိုင်သူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“သွားမယ့်နေကျရင် မယ်ဆိုင်ဘက်ကနေ တာချီလိတ်ဘက်ကို လာမယ်။ ညနေပိုင်းလောက်ကျရင် ထုတ်ပြန်ချက် ထပ်ထုတ်ပါ့မယ်။ အဲဒီမှာ ပိုပြီး ပြည့်ပြည့်စုံစုံ ပါပါလိမ့်မယ်” ဟု RCSS ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက မဲခေါင်သတင်းကို ပြောသည်။

နေပြည်တော် ခရီးစဉ်သည် ယုံကြည်မှု မြှင့်တင်ခြင်း၊ ဖက်ဒရယ်တည်ဆောက်ခြင်းတို့အတွက် များစွာ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း RCSS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက NCA နှစ်ပတ်လည်ပွဲတက်ရောက်ရန် ဗိုလ်ချုပ်ကြီးယွက်စစ်အနေဖြင့် တာချီလိတ်မှ နေပြည်တော်သို့ ကားဖြင့် သွားရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးအကြောင်းပြ တားမြစ်မှုများကြောင်း ခရီးစဉ်ပျက်ခဲ့သည်။

MeKongNews

မြန်မာနိုင်ငံကိုဖြတ်ပြီး ဧဝရတ်တောင်အထိလမ်းလျှောက်မည့် ထိုင်းနိုင်ငံသားကို မယ်ယန်းဂိတ်မှ ပြန်လွှတ်

တာချီလိတ်၊ ဇန်နဝါရီ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မယ်ဆိုင်မြို့သို့ လမ်းလျှောက်လာပြီး တာချီလိတ်မှတဆင့် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ဧဝရတ်တောင်အထိ လမ်းလျှောက်မည့် ထိုင်းနိုင်ငံသားကို ဇန်နဝါရီလ ၅ရက်နေ့တွင် လုံခြံရေးအရ တားဆီးကာ ကားဖြင့် ပြန်လွှတ်လိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသား သီဝါဆိုသူသည် မြန်မာနိုင်ငံကို ဖြတ်သန်းလမ်းလျှောက်ပြီး ဧဝရတ်တောင်တက်ရန် ဒီဇင်ဘာလ ၃ရက်က တာချီလိတ်သို့ ရောက်ရှိလာြခင်းဖြစ်ပြီး ၎င်းဖြတ်သန်းလမ်းလျှောက်မည့် ဒေသများတွင် ၎င်း၏ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သဖြင့် တာချီလိတ်မြို့ မယ်ယန်းစုပေါင်းစစ်ရေးဂိတ်မှ တာဝန်ရှိသူများက တာဆီးကာ တာချီလိတ်သို့ ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“လမ်းမှာက တောတွေ၊ တောင်တွေနဲ့။ သူ့လုံခြုံရေးကို လိုက်ပေးဖို့က မလွယ်ဘူး။ ဒါကြောင့် တားဆီးပြီး ဒီမနက်ပဲ ကားနဲ့ တာချီလိတ်ဘက်ကို ပြန်ထည့်ပေးလိုက်တယ်” ဟု တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနသို့ ဇန်နဝါရီလ ၅ရက်တွင် ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် ဘန်ကောက်မြို့မှ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့အထိ လမ်းလျှောက်လာခြင်းဖြစ်ကြောင်း သိရသည်။

MeKongNews

အိုက်စ်စိတ်ကြွဆေးနှင့် ခရာတွန်များလက်ဝယ်တွေ့သည့် မြန်မာနိုင်ငံသားများကို ဖူးကတ်တွင်ဖမ်းဆီးရမိ

ဖူးကတ်၊ ဇန်နဝါရီ ၃

ဖူးကတ်ခရိုင်ရုံးအမိန့်ဖြင့် တိုက်ရိုက်လုပ်ငန်းလည်ပတ်သည့် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့က နှစ်သစ်ကူးအကြိုကာလတွင် အိုက်စ်စိတ်ကြွဆေး ၄၂၀ ဂရမ်နှင့် ခရာတွန်မူးယစ်ဆေးရွက် ၅၉ ဂရမ်ပိုင်ဆိုင်သည့် မြန်မာနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်များမပါဝင်ပေ။

စိုး (၂၅)နှစ် နှင့် မင်းလှိုင် (၂၂)နှစ်တို့ကို ကားရပ်နားစခန်းတစ်ခုနားတွင် ထိုအဖွဲ့က ဖမ်းဆီးခဲ့သည်။

သူတို့ထဲမှတစ်ယောက်၏ ဆိုင်ကယ်ခုံအောက်တွင် ခရာတွန်များတွေ့ခဲ့ပြီးနောက် သူတို့ကိုထိန်းသိမ်းခဲ့သည်။

လုပ်ငန်းအဖွဲ့ဝင်များရောက်သည့်အခါ သောင်းဆိုသည့်မြန်မာနိုင်ငံသားနောက်တစ်ယောက်ထွက်ပြေးခဲ့သည်။

သူတို့ထံတွင် ခရာတွန်များရှိကြောင်းနှင့် သူတို့ဘယ်နေရာတွင်ရှိသည်ကို မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မည်ကဲ့သို့သိရှိကြောင်း မသိရသေးချေ။

သူတို့ငှားထားသောအခန်းတွင် အိုက်စ်နှင့်ခရာတွန်များကို အထုပ်များဖြင့်ခွဲထားသည်ကိုတွေ့ခဲ့ရပြီး ဒစ်ဂျစ်တယ်ကတ္တား ၂ လုံး၊ ချိန်ခွင် ၂ ခုနှင့် ဆိုင်ကယ်တစ်စီးတို့ကို သက်သေအဖြစ်သိမ်းဆည်းခဲ့သည်။

စိုးနှင့်မင်းတို့ကို သာလန်ရဲစခန်းတွင် မူးယစ်ဆေးရောင်းဝယ်ရန်ကြံစည်မှု၊ ဖြန့်ဝေရန်ကြံစည်မှုတို့ဖြင့် စွဲချက်တင်ထားသည်ဟု လုပ်ငန်းအဖွဲ့က ထုတ်ပြန်သည်။

Source- Phuket News

ဥက္ကာ#MekongNews

Photo- PNCMC

ဇနီးဖြစ်သူကို ရိုက်နှက်ပြီး ကိုယ့်လည်ပင်းကိုယ် တံစဉ်ဖြင့် လှီးဖြတ်သူကို ဖမ်းဆီး

တာချီလိတ်၊ ဇန်နဝါရီ ၄

ဇနီးဖြစ်သူကို ရိုက်နှက်ပြီး ရိုက်နှက်နှိပ်စက်ပြီး ကိုယ့်လည်ပင်းကိုယ် တံစဉ်ဖြင့်လှီးဖြတ်ကာ သေကြောင်းကြံစည်သူ တစ်ဦးကို ဇန်နဝါရီလ ၃ရက် ညပိုင်းက မိုင်းခတ်မြို့နယ်အတွင်း ဖမ်းဆီးရမိသည်။

ဇန်နဝါရီလ ၂ရက် ည ၁၂နာရီခန့်က မိုင်းခတ်မြို့နယ်၊ မိုင်းနှုံးကျေးရွာအုပ်စု၊ ပါကန်ကျေးရွာတွင် နေထိုင်သည့် နွေကာဆိုသူသည် ၎င်းအိမ်အား ဓာတ်ဆီလောင်းကာမီးရှို့မည်ဟု အော်ဟစ်ကြိမ်းမောင်းနေသဖြင့် ကျေးရွာသူကြီးနှင့် အဖွဲ့က သွားရောက်ထိန်းသိမ်းရာ နေအိမ်အတွင်း ဇနီးဖြစ်သူကို ရိုက်နှက်ထားသဖြင့် ဒဏ်ရာများ ရရှိနေသည်ကို တွေ့ရသည်။

ဒဏ်ရာရနေသည့် ဇနီးဖြစ်သူ မအေးယော့ကို ဆေးရုံသို့ တင်ပို့နေစဉ် နွေကာမှာ ၎င်း၏လည်ပင်းကို တံစဉ်ဖြင့် လှီးဖြတ်ကာ သေကြောင်းကြံစည်နေသဖြင့် ၎င်းကို ဖမ်းဆီးခဲ့ကြောင်းသိသည်။

ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာ ဒဏ်ရာရစေခဲ့ပြီး ကိုယ့်ကိုကိုယ်လည်း သေကြောင်းကြံစည်သည့် နွေကာဆိုသူကို မိုင်းခတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။

MeKongNews

အရက်ကြောင်နေသူမှ ဇနီးဖြစ်သူကိုဓားဖြင့်ခုတ်ပြီး ကိုယ့်ကိုကိုယ် တူးမီးသေနတ်ဖြင့် ပစ်ခတ်သတ်သေ

တာချီလိတ်၊ ဇန်နဝါရီ ၄

ကျိုင်းတုံမြို့နယ်တွင် အရက်ကြောင်နေသူတစ်ဦးမှ ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာ ကိုယ့်ကိုကိုယ်လည်း တူးမီးသေနတ်ဖြင့် ပစ်ခတ်ကာ သတ်သေမှု ဇန်နဝါရီလ ၃ရက် နေ့လည်ပိုင်းက ဖြစ်ပွားသည်။

ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စု၊ ခွန်ပုတ်ရွာနေ လောပေါဆိုသူသည် ဇန်နဝါရီလ နေ့လည် ၁၂နာရီခန့်က အရက်ကြောင် ကြောင်ကာ ၎င်း၏အမျိုးသမီးဖြစ်သူ မအားနာကို ဓားဖြင့် ခုတ်ခဲ့ပြီး ၎င်းကိုယ်တိုင်လည်း တူးမီးသေနတ်ဖြင့် ၎င်း၏ ဦးခေါင်းကိုချိန်ကာ မောင်းခလုတ်ကို ပလတ်စတစ်ကြိုးဖြင့် ဆွဲဖြုတ်ပြီး သတ်သေခဲ့ကြောင်း ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဓားဖြင့်ခုတ်မှုကြောင့် ဇနီးဖြစ်သူ မအားနာမှာ မျက်နှာနှင့် ပခုံးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး လောပေါမှာ တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အရက်ကြောင် ကြောင်ပြီး ဇနီးဖြစ်သူကို ဓားဖြင့်ခုတ်ကာ ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့သည့် အသက် (၃၀)အရွယ် လောပေါဆိုသူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၆ဖြင့် ကျိုင်းတုံမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

MeKongNews

ဟာကြာမနူးကျေးရွာရှိ နေအိမ် (၃)အိမ်မှ မူးယစ်ဆေးဝါးများဆက်တိုက်ဖမ်းဆီးရမိ

တာချီလိတ်၊ ဒီဇင်ဘာ ၃

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုတွင်းရှိ ဟာကြာမနူးကျေးရွာရှိ နေအိမ် (၃)အိမ်ကို ဒီဇင်ဘာလ (၁)ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ နေအိမ်တစ်အိမ်ချင်းစီတွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်နီးပါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁)ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ မူးယစ်တပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ဟာကြာမနူးကျေးရွာကို ဝင်ရောက်ရှာဖွေရာ ကျေးရွာတွင်းရှိ ဦးလော်မွန်နေအိမ်တွင် ဦးလော်မွန်နှင့်အတူ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၂၂၀၀၀)ပြား ကို ဖမ်းဆီးရမိခဲ့သည်။

နောက်ထပ် (၁၀)မိနစ်ခန့်အကြာတွင် အခြားပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ဟာကြာမနူးကျေးရွာအတွင်းရှိ ဆန်ဒရူး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဆန်ဒရူးနှင့်အတူ စိတ်ကြွဆေးပြား (၁၁၀၀၀)ပြား၊ အိုက်စ်မူးယစ်ဆေး အလေးချိန် (၁၂၀)ဂရမ်ခန့်ပါ အထုတ်တစ်ထုတ်ကို ဖမ်းဆီးရမိခဲ့သည်။

တစ်ချိန်းတည်းနီးပါးတွင် ယင်းဟာကြာမနူးကျေးရွာရှိ အိုက်လေး၏နေအိမ်ကို အခြားပူးပေါင်းအဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာတွင် အိုက်လေးကို စိတ်ကြွဆေးပြား (၁၁၀)ပြား၊ အိုက်စ်(၂ ဒသမ ၅ဂရမ်)ပါ အထုတ် တစ်ထုတ်နှင့်အတူ ဖမ်းဆီးရမိသည်။

မူးယစ်ယစ်ဆေးဝါများနှင့်အတူ ဖမ်းဆီးရမိသူများကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။

MK-001

MeKongNews

နှစ်သစ်ကူးရုံးပိတ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိုင်းတွင် လူ ၃၁၇ ယောက်သေဆုံး

ဘန်ကောက်၊ ဇန်နဝါရီ ၃

ထိုင်းနိုင်ငံတခွင်မှာ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ နှစ်သစ်ကူးရုံးပိတ်ရက် ၆ ရက်အတွင်း ယာဉ်မတော်တဆမှု ၃၀၇၆ မှုဖြစ်ခဲ့ပြီး လူ ၃၁၇ ယောက်သေဆုံး၊ ၃၁၆၀ ယောက်ဒဏ်ရာရခဲ့သည်။

အရက်မူးပြီး ကားမောင်းမှုကြောင့် မတော်တဆမှုအများဆုံးဖြစ်ခဲ့သည်။
ဇန်နဝါရီ ၁ ရက်တွင် ယာဉ်မတော်တဆမှု ၅၄၇ မှုဖြစ်ခဲ့ပြီး လူ ၅၅ ယောက်သေဆုံး၊ ၅၇၇ ယောက်ဒဏ်ရာရခဲ့သည်ဟု ထိုင်းပြည်ထဲရေးဒုတိယဝန်ကြီး ဆောင်ဆက် သောင်ဆရီက ကြာသပတေးနေ့တွင်ပြောသည်။

အရက်မူးကားမောင်းမှုကြောင့် မတော်တဆဖြစ်မှု ၃၉ ရာခိုင်နှုန်းရှိပြီး သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းမှုကြောင့် ၂၈ ရာခိုင်နှုန်းရှိခဲ့သည်။

မတော်တဆဖြစ်ရပ် ၇၉ ရာခိုင်နှုန်းတွင် ဆိုင်ကယ်များပါဝင်နေသည်။

ထိုင်းတောင်ပိုင်းဆောင်ခလာခရိုင်တွင် မတော်တဆမှု ၉၅ မှုဖြင့် အများဆုံးဖြစ်နေပြီး ဒဏ်ရာရသူ ၁၀ဝ ရှိသည်။

ဘန်ကောက်တွင် သေဆုံးသူ ၁၄ ယောက်ရှိပြီး သေဆုံးမှုအများဆုံးဖြစ်သည်။

တရက်၊ ဖယောင်၊ ဖူးကတ်၊ မယ်ဟောင်ဆွန်၊ ယာလာ၊ လမ်ဖုန်နှင့် ဆာတွန်တို့တွင်တော့ အထိအခိုက်မရှိဘဲရှိနေသည်။

Source-Bangkok Post

ဥက္ကာ#MekongNews

Photo- Saichon Srinuanchan/ Bangkok Post

ထိုင်းတွင် ပလတ်စတစ်အိတ်အသုံးပြုခွင့်ပိတ်ပင်

ဘန်ကောက်၊ ဇန်နဝါရီ ၃

၂၀၂၀ နှစ်စကို အဓိကစတိုးဆိုင်ကြီးများတွင် တစ်ခါသုံးပလတ်စတစ်အိတ်အသုံးပြုခွင့် ပိတ်ပင်လိုက်ခြင်းအားဖြင့် ထိုင်းနိုင်ငံစတင်သည်။

၂၀၂၁ ခုနှစ်တွင် စွန့်ပစ်အမှိုက်များနှင့် ပင်လယ်ထဲရှိအပျက်အစီးများ လျော့ကျရေးအတွက် ပလတ်စတစ်ကို လုံးဝပိတ်ပင်ရန် အစိုးရနှင့်လက်လီအရောင်းဆိုင်များ ပူးပေါင်းစည်းရုံးလှုံ့ဆော်မှုကို ဆက်လုပ်ပြီး ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် သမင်တစ်ကောင်နှင့် ရေဝက်ပေါက်စတစ်ကောင်တို့ အစာလမ်းကြောင်းထဲတွင် ပလတ်စတစ်ဝင်ပြီးသေဆုံးခဲ့သည့် ဖြစ်ရပ်များရှိခဲ့သည့်နောက် စွန့်ပစ်အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များကိုထိခိုက်နိုင်ကြောင်း အများပြည်သူကို အသိပေးမှုမြင့်တက်ခဲ့သည်။

“ပင်လယ်ထဲ စွန့်ပစ်ပစ္စည်းတွေလွှင့်ပစ်နေတဲ့ ကမ္ဘာ့ထိပ်ဆုံးနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက အဆင့် ၆ မှာရှိခဲ့ပါတယ်” ဟုပြန်အသုံးပြုနိုင်သည့်အိတ်များကို အများပြည်သူထံဝေပေးခဲ့သည့် ထိုင်းသဘာဝရင်းမြစ်နှင့်ပတ်ဝန်းကျင်ဝန်ကြီးဗာရာဝတ် ဆီပါအာချာက သတင်းထောက်များကို ဇန်နဝါရီ ၁ ရက် ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ပြီးခဲ့တဲ့ ၅ လအတွင်းမှာ အဆင့် ၁၀ ပြန်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်ဟုလည်း ပြောသည်။

၂၀၁၉ ခုနှစ်တွင် ပလတ်စတစ်အိတ်သန်း ၂၀ဝ၀ (၅၇၆၅ တန်)လျှော့သုံးနိုင်ခဲ့ကြောင်းလည်း ဝန်ကြီးဌာနကထုတ်ပြန်သည်။

ဈေးနဲ့ မြို့ပြနဲ့လှမ်းသည့်နေရာများတွင် နောက်ဆုံးပလတ်စတစ်အိတ် ၄၀ ရာခိုင်နှုန်းက စိန်ခေါ်မှုအရှိဆုံးအပိုင်းဖြစ်ကြောင်း ဗာရာဝတ်ကပြောသည်။

“အဲဒီလူတွေတွေးခေါ်တဲ့ပုံစံနဲ့ အကျင့်ကိုပြောင်းဖို့ လွယ်မှာမဟုတ်ဘူး”ဟုလည်းပြောသည်။

Source-Reuters

ဥက္ကာ #MekongNews

Photo- Bangkok Post

လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားမဝင် အလုပ်သမားလွှဲပြောင်း

ကျိုင်းလပ်၊ ဇန်နဝါရီ ၁

ကျိုင်းလပ်မြို့၊ လာအို-မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတားတွင် တရားမဝင်မြန်မာအလုပ် သမား တစ်ဦးကို လာအိုနိုင်ငံမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်ညနေ့ပိုင်းက လာရောက်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီခွဲအချိန် လာအို-မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတား(ကျိုင်းလပ်)တွင် လာအိုနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ဌာနမှ ညွှန်ကြားရေးမှူး Singthong Bounthonexay ဦးစီးအဖွဲ့က တရားမဝင် မြန်မာ အလုပ်သမား အမျိုးသား တစ်ဦးကို လာရောက်လွှဲပြောင်းပေး အပ်ရာ ကျိုင်းလပ်မြို့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ကျိုင်း လပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်၊ လူကုန်ကူးမှုတားဆီး နှိမ်နင်း ရေးရဲတပ်ဖွဲ့စိတ်(၁)၊ တပ်ဖွဲ့စိတ်မှူး၊လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(တာချီလိတ်) နှင့် မဲခေါင်တံတား ရဲကင်းမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ လက်ခံခဲ့သည်။

၎င်းသည် ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ် သမားအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်၍ မလေးရှားနိုင်ငံသို့ ၁၅ နှစ်ခန့် တရားမဝင်သွားရောက် လုပ်ကိုင် ခဲ့သည်။

မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ထိုင်းနိုင်ငံမှ လာအိုနိုင်ငံသို့ လည်းကောင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်ခဲ့စဉ် လာအိုနိုင်ငံသူနှင့် အိမ် ထောင်ကျခဲ့ကြောင်း၊ လွန်ခဲ့သော ဇူလိုင်လပိုင်းခန့်က တရားမဝင် ဝင်ရောက် မှုဖြင့် လာအိုမှ တာဝန်ရှိသူများ၏ ရှောင်တခင် ဖမ်းဆီးခြင်းခံရပြီး လာအို-မြန်မာ မဲခေါင်မြစ်ကူး ချစ်ကြည်ရေးတံတား(ကျိုင်းလပ်)တွင် တာဝန်ရှိသူများက လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

လာရောက်လွှဲပြောင်းပေးအပ်သော တရားမဝင်မြန်မာအလုပ်သမားအား လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)၊ တပ်ဖွဲ့စိတ်မှူးနှင့် တာဝန် ရှိသူများက ၎င်း၏ မွေးရပ်ဇာတိဖြစ်သည့် တနင်္သာရီတိုင်းဒေသသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

MK-002

MeKongNews

အမေရိကန်-တရုတ်ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးမည်ဟု ထရမ့်ကြေညာ

ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၁

ကာလရှည်စောင့်နေကြသည့် တရုတ်နှင့်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ဇန်နဝါရီ ၁၅ ရက်တွင်လက်မှတ်ရေးထိုးမည်ဟု အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကြေညာသည်။

သဘောတူစာချုပ်ကို ဝါရှင်တန်တွင် တရုတ်အဆင့်မြင့်အရာရှိကြီးတွေမျက်မှောက် လက်မှတ်ရေးထိုးသွားမည်ဟုလည်း ထရမ့်ကပြောသည်။

“နောက်ပိုင်းရက်တစ်ရက်မှာတော့ ကျွန်တော် အဆင့်နှစ်ဆွေးနွေးမှုတွေစမယ့်ဘေကျင်းကိုသွားပါမယ်” ဟု ထရမ့်က တွစ်တာတွင်ရေးသည်။

သဘောတူညီချက်တွင် တိုးတက်မှုတွေရှိလာခြင်းကိုကိုးကားပြီး တရုတ်ကုန်စည်များကို စည်းကြပ်ခွန်တိုးကောက်မည့်အစီအစဉ်များ ထရမ့်ပယ်ဖျက်ခဲ့သည်။

သဘောတူညီချက်ပါအသုံးအနှုန်းများကို လူသိရှင်ကြားမထုတ်ပြသော်လည်း အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များတိုးဝယ်ရန်၊ ဉာဏပစ္စည်းကာကွယ်မှုများမြှင့်တင်ရန် တရုတ်ကကတိပြုခဲ့ပြီး အမေရိကန်ကလည်း စည်းကြပ်ခွန်တချို့လျှော့ပေးမည်ဟု ဒီဇင်ဘာအစောပိုင်းတွင် နှစ်ဖက်စလုံးကပြောသည်။

ကုန်သွယ်ရေးစစ်ပွဲ ၂၀၁၈ ခုနှစ်တွင်စသည့်နောက်ပိုင်း နှစ်ဖက်စလုံးက အမေရိကန်ဒေါ်လာဘီလီယံရာချီတန်သည့်ကုန်စည်များကို သွင်းကုန်ခွန်တိုးကောက်ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအထိနာခဲ့သည်။

တင်းမာမှုတွေကြောင့်မရေမရာအခြေအနေများကို သဘောတူညီချက်ဖြင့်ဖြေရှင်းနိုင်မည်ဟုမျှော်လင့်ခဲ့ကြသည့်နောက် ဒီဇင်ဘာအစောပိုင်းတွင် စတော့ဈေးကွက်တန်ဖိုးများပြန်မြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ်၏နောက်ဆုံးကုန်သွယ်နေ့ အင်္ဂါနေ့တွင်လည်း စတော့ဈေးကွက်တန်ဖိုးများအနည်းငယ်မြင့်တက်ခဲ့သည်။

Source- BBC

ဥက္ကာ #MeKongNews

Photo-PBS

Design a site like this with WordPress.com
Get started