ဘန်ကောက်၊ ဒီဇင်ဘာ ၂၈
ထိုင်းနိုင်ငံတောင်ပိုင်းချမ်ဖွန်ခရိုင်က လူပြည့်ကြပ်နေသည့် လန်ဆွန်ထောင်၏လုံခြုံရေးကင်မရာမှတ်တမ်းများကို ထိုးဖောက်ဝင်ရောက်ရယူ(Hack)ပြီး ယူတျူ့တွင် ပြန်တင်ခဲ့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
ပြုပြင်ရေးဌာနက ထိုဖြစ်ရပ်အကြောင်း သူ့ကိုအသိပေးခဲ့သည်ဟု တရားရေးဝန်ကြီးဆွမ်ဆက် သက်ဆူသင်ကပြောသည်။
မှတ်တမ်းများမည်ကဲ့သို့ ပေါက်ကြားကြောင်း အာဏာပိုင်များမသိသေးပေ။
သြစတြေးလျနှင့်ရုရှားအပါအဝင် အခြားနိုင်ငံများတွင်လည်း အလားတူဖြစ်ရပ်များဖြစ်ခဲ့ဖူးသည်ဟု ဆွမ်ဆက်ကပြောသည်။
ရဲတပ်ဖွဲ့ထံတိုင်စာပို့ထားရန် ဌာနကိုညွှန်ကြားထားပြီး မည်သို့ဖြစ်ခဲ့ကြောင်းနှင့် လက်သည်ကိုဖော်ထုတ်ရန် အထူးစုံစမ်းရေးဌာနကို တာဝန်ချထားသည်ဟုလည်းပြောသည်။
ပေါက်ကြားမှုကြောင့် အကျဉ်းသားများ၏အခွင့်အရေးချိုးဖောက်မှုများဖြစ်လာနိုင်မည်ကို စိုးရိမ်နေသည်။
ထိုင်းအကျဉ်းထောင်များတွင် လုံခြုံရေးကင်မရာစနစ်များကို ပုဂ္ဂလိကကန်ထရိုက်တာများက ဝယ်ယူရေးလုပ်ငန်းစဉ်များဖြင့် တပ်ဆင်ကြကြောင်း ထိုင်းတရားရေးဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ဦးက ဘန်ကောက်ပို့စ်သတင်းစာကိုပြောသည်။
အခွင့်ရသူများချိန်နှင့် တစ်ပြေးညီစောင့်ကြည့်နိုင်ရန် စနစ်များကို အင်တာနက်ချိတ်ဆက်ထားသည်။
လုံခြုံရေးကင်မရာမှပုံရိပ်များကို စမတ်ဖုန်းများမှတစ်ဆင့် ထောင်မှူးများနှင့်အရာရှိကြီးများကြည့်ရှုနိုင်သည်။
ဝင်ခွင့်နံပါတ်များပြင်ပပေါက်ကြားသွားခြင်းဖြစ်နိုင်ပြီး ထိုသူများက စနစ်ထဲဝင်ပြီးနောက် မှတ်တမ်းများကို ယူတျူ့တွင်တင်ခဲ့ပြီးဖြစ်နိုင်သည်ဟု တရားရေးဝန်ကြီးဌာနကပြောသည်။
လူပြည့်ကြပ်နေသည့် အခြေအနေများကိုဖော်ပြနေသည့် မှတ်တမ်းများပေါက်ကြားသည့် ထိုဖြစ်ရပ်ကြောင့် ထိုင်းအကျဉ်းထောင်များ၏ ဂုဏ်ကျက်သရေထိခိုက်နိုင်ကြောင်းလည်း ပြောသည်။
ထိုင်းဘန်ကောက်ထောင် လုံခြုံရေးကင်မရာတိုက်ရိုက်ထုတ်လွှင့်မှုဟု အမည်ရေးထိုးထားသော ထိုဗီဒီယိုကို အင်္ဂါနေ့က ယူတျူ့တွင်တင်ခဲ့သည်။
လန်ဆွန်ထောင်မှ အကျဉ်းသားများ၏ နေ့စဉ်နေထိုင်မှုများ ပြသနေသောထိုဗီဒီယိုတွင် ထောင်တွင်းနေရာများမှအချိန်နှင့် တပြေးညီပုံရိပ်များပါဝင်သည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုသည် အချိန် ၂ နာရီနောက်ကျနေသည်ဟု အာဏာပိုင်များက ထောက်ပြသည်။
တနင်္လာနေ့ညက ထောင်လုံခြုံရေးကင်မရာစနစ်ကို ထိုးဖောက်ဝင်ရောက်ခံခဲ့ရနိုင်သည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
ထိုဗီဒီယိုတင်ခဲ့သော ယူကျူ့အကောင့် Big Brother’s Gazeသည် ရုရှား၊ သြစတြေးလျနှင့် အမေရိကန်တို့မှထောင်များ၏ ပေါက်ကြားထားသော လုံခြုံရေးကင်မရာပုံရိပ်များကိုလည်း တင်ခဲ့သည်။
Source-Bangkok Post
ဥက္ကာ #MekongNews
Photo-Bangkok Post