ဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရန် ညွှန်ကြား

တာချီလိတ်၊ ဖေဖော်ဝါရီ ၂၂

မိုဘိုင်းဆင်းကဒ်များ အသုံးပြု၍ ရာဇဝတ်မှု ကျူးလွန်နေခြင်းကို ကိုင်တွယ်နိုင်ရန် ဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရန် အစိုးရက ညွှန်ကြားသည်။

မှတ်ပုံတင်တစ်ခုလျှင် ဆင်းကဒ် ၂ကဒ်သာ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ရာ အပြည့်အစုံမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

SIM Card များ စနစ်တကျ ပြန်လည်မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

၁။ မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးငွေယူကိစ္စ (Mobile Financial Service) ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာသည်နှင့်အမျှ အဆိုပါကိစ္စရပ်များကို လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ကျူးလွန်သော ရာဇဝတ်မှုများကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများက မိမိတို့၏ မိုဘိုင်းဖုန်းဖြင့် ဆောင်ရွက်မှုကို တာဝန်ခံနိုင်စေရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၄ ခုနှစ်တွင် SIM Card မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်၍ စနစ်တကျ မှတ်ပုံတင်နိုင်ရေး မိုဘိုင်းအော်ပရေတာများသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ပါသည်။

၂။ သို့ရာတွင် မိုဘိုင်းအော်ပရေတာများနှင့် အရောင်းဆိုင်များ၏ အားနည်းမှုကြောင့် စနစ်တကျ မှတ်ပုံတင်မထားသော SIM Card များစွာရှိသည့်အတွက် စနစ်တကျမှတ်ပုံတင်နိုင်ရန် သတင်းစာများနှင့် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ် ဩဂုတ်လ မှ ၂၀၁၇ ခုနှစ် ဇွန်လအထိ (၁၁)လ အချိန်ပေး၍ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်စေခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ မှတ်ပုံမတင်ခဲ့သော SIM Card (၆.၅) သန်းခန့်ကို အပြီးပိတ်သိမ်းခဲ့ရပါသည်။ ထိုစဉ်က SIM Card မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်တစ်ခုလျှင် မည်မျှအထိ မှတ်ပုံတင်နိုင်သည်ကို ကန့်သတ်ခဲ့ခြင်းမရှိခြင်းကြောင့် အရောင်းဆိုင်များက နိုင်ငံသား စိစစ်ရေးကတ်အမှတ်တစ်ခုဖြင့် SIM Card များစွာကို မှတ်ပုံတင်ပြီး အခြားသူများအား ရောင်းချခြင်း၊ အချို့သူများက နိုင်ငံသားစိစစ်ရေး ကတ်အမှတ်တစ်ခုဖြင့် SIM Card များ မှတ်ပုံတင်ဝယ်ယူပြီးအပြင်တွင် ပြန်လည်ရောင်းချခြင်းတို့ကြောင့် အချို့သော SIM Card များကို သုံးစွဲသူ၏ အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဧပြီလမှစ၍ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား တစ်ခုဖြင့် SIM Card (၂)ခုသာ မှတ်ပုံတင်ရောင်းချနိုင်ရေး ညွှန်ကြားခဲ့သော်လည်း (၃၁-၁-၂၀၂၀) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတစ်ခုလျှင် SIM Card (၂)ကတ်ထက် ပိုမိုမှတ်ပုံတင်ထားသော မိုဘိုင်း အော်ပရေတာအလိုက် SIM Card အရေအတွက်မှာ MPT တွင်(၁၂.၉၅)သန်းခန့်၊ MyTel တွင် (၄.၆)သန်းခန့်၊ Ooredoo တွင်(၄.၆)သန်းခန့်နှင့် Telenor တွင် (၆.ဝ၅)သန်းခန့် စုစုပေါင်း(၂၈.၂)သန်းခန့် ကျန်ရှိလျက်ရှိပါသည်။ အသေးစိတ် စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၃။ သုံးစွဲသူများအနေဖြင့် သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့်နည်းလမ်းများဖြင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း သတ်မှတ်နည်းလမ်းများဖြင့် (၃၀-၆-၂၀၂၀) နောက်ဆုံးထား၍ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

၄။ သုံးစွဲသူများသည် မိမိအသုံးပြုလျက်ရှိသော SIM Card သည် မိမိအမည်ဖြင့် မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ အရောင်းဆိုင်များတွင် လည်းကောင်း၊ Website နှင့် Mobile Application များ အသုံးပြု၍ လည်းကောင်း၊ မိမိကိုယ်တိုင် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။

၅။ သုံးစွဲသူများ ပြန်လည်မှတ်ပုံတင်နိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာများကလည်း လွယ်ကူအဆင်ပြေစေရေး ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် သို့မဟုတ် ယင်းလက်မှတ် အမှတ်ပါ အသိအမှတ်ပြုကတ်တစ်ခုခုဖြင့်  (၂) ကတ်ထက်ပို၍ မှတ်ပုံတင်ထားသော SIM Card များနှင့် အချက်အလက်မှန်ကန်စွာဖြင့် မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များကို (၃၀-၄-၂၀၂၀) နောက်ပိုင်း မှတ်ပုံတင်ရေးကိစ္စများကို စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး (၃၀-၆-၂၀၂၀) နောက်ပိုင်း အပြီးသတ်ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။

၆။ သို့ဖြစ်ပါ၍ သုံးစွဲသူများအနေဖြင့် မိမိတို့အမှန်တကယ်သုံးစွဲနေသော SIM Card များကို  ပိတ်သိမ်းခံရမှုမရှိစေရေးအတွက် မိမိတို့၏ SIM Card များကို မှန်ကန်စွာ မှတ်ပုံတင်ကြပါရန်နှင့် ဈေးကွက်အတွင်း ရောင်းချနေသော ကြိုတင်မှတ်ပုံတင်ထားသည့် SIM Card များကို ဝယ်ယူခြင်း မပြုကြပါရန် အသိပေးကြေညာအပ်ပါသည်။

Ref; ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

မူးယစ်ဆေးဝါးဖမ်းဆီးရာ ခုခံရန်ကြိုးပမ်းသည့်ထိုင်းနိုင်ငံသားကို အသေပစ်ဖမ်း

ဝာချီလိတ်၊ ဖေဖော်ဝါရီ ၂၂

တာချီလိတ်မြို့တွင် မူးယစ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးသည်ကို ခုခံရန်ကြိုးပမ်းသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ရက် နံနက် အစောပိုင်းက အသေပစ်ခတ်ဖမ်းဆီးခဲ့သည်။

တာချီလိတ်မူးယစ်တပ်ဖွဲမှ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၆နာရီခွဲခန့်က ‌ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်ရွာရှိ နေအိမ်တအိမ်အား ဝင်ရောက်ဖမ်းဆီးရာ ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပြန်လည်ခုခံရန်ကြိုးပမ်း သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ဦးမှုရရှိရန် ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

ပစ်ခတ်ခံရသူမှာ ညာဘက်ပါးမှ ကျည်ဆံဖောက်ဝင်ကာ သေဆုံးသွားသည်။

မဲခေါင်သတင်းဌာနက ရရှိသည့် ဓာတ်ပုံထဲတွင် သေဆုံးသွားသည့် ထိုင်းနိုင်ငံသား တစ်ဦးအပြင် နောက်ထပ်ဖမ်းဆီးထားသူ ၃ဦးကို တွေ့ရသည်။

ဖမ်းဆီးမှုတွင် မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည်ဟု ကနဦးသိရသော်လည်း အသေးစိတ်ကို မသိရသေးပေ။

MK-001
#MeKongNews

ငါးမိုင်းခွဲသည့်ယမ်းပျော့ ပေါက်ကွဲပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရ

တာချီလိတ်၊ ဖေဖော်ဝါရီ ၂၁

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ရက် နေ့လည်ပိုင်းက ငါးမိုင်းခွဲရာတွင် အသုံးပြုလေ့ရှိသည့် လက်လုပ်ယမ်းပျော့ ပေါက်ကွဲပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အရန်မီးသတ်ရုံးအနီးရှိ ရတနာလမ်းသွယ်တွင် ဖေဖော်ဝါရီလ ၂၁ရက် နေ့လည် ၂နာရီခွဲခန့်က အာခါလူမျိုး အမျိုးသားတစ်ဦးသည် လက်ထဲတွင် ကိုင်ထားသည့် အချိုရည်ပုလင်းအတွင်းမှ ယမ်းပျော့ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒလင်းက ပြောသည်။

“ရုံးနားမှာ ပေါက်ကွဲသံကြားပြီး လူတစ်ယောက် ကားတွေကိုလည်း ဗုံးခွဲမယ်ပြောနေတယ်လို့ အသိက ဖုန်းဆက်လာတာနဲ့ လာကြည့်တော့ ရုံးနဲ့ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက် လဲနေတယ်။ အဲဒါနဲ့ ကိုယ့်ကားနဲ့ကိုယ်ပဲ ဆေးရုံလိုက်ပို့ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရခဲ့သည့်လူမှာ အခင်းဖြစ်ရာနေရာအနီးရှိ မြောင်းအတွင်း ငါးမိုင်းခွဲရန် လုပ်ဆောင်ရာမှ ၎င်းလက်အတွင်း ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ရာအနီးမှ လူများက ကသုံးသပ်သည်။

“အရင်ကတော့ ဒီနေရာက ငါးမျှားတဲ့လူတွေ လာတတ်တယ်။ အရင်ကဆို လိပ်တွေတောင်ရှိတယ်။ ငါးမိုင်းလာခွဲတာမျိုးတော့ မရှိဘူး” ဟု အခင်းဖြစ်ရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ မိုင်းပျော့ပေါက်ကွဲပြီး ဒဏ်ရာ ရရှိခဲ့သူကို တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ဆောင်ထားကြောင်း သိရသည်။

MK – 001

MeKongNews

ရွေးကောက်ပွဲကာလချေးငွေများ အကြောင်းပြပြီး စစ်အစိုးရကို ဆန့်ကျင်သည့်ပါတီကို ဖွဲ့စည်းပုံတရားရုံးကဖျက်သိမ်းမိန့်ထုတ်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၁

Future Forwardပါတီမဲဆွယ်စည်းရုံးမှုများကို ငွေကြေးထောက်ပံ့ရန် ပါတီခေါင်းဆောင်သာနာသွန်း ဂျွမ်ဂရွန်ဂရောင်ကစ်ထံမှ ငွေချေးယူခဲ့သဖြင့် ပါတီဖျက်သိမ်းရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖေဖော်ဝါရီ ၂၁ ရက် သောကြာနေ့တွင် အမိန့်ချသည်။

နိုင်ငံရေးပါတီများဆိုင်ရာ အခြေခံဥပဒေများကိုချိုးဖောက်သည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်က တရားရုံးထံတိုင်ကြားခဲ့ပြီးနောက် ယခုအမိန့်ချခြင်းဖြစ်သည်။

အဆိုပါဥပဒေများအရ နိုင်ငံရေးပါတီများနှင့်အလုပ်အမှုဆောင်များကို တရားမ၀င်ရထားသည့်ငွေနှင့်အခြားပိုင်ဆိုင်မှုပစ္စည်းများကို လက်မခံရန်တားမြစ်ထားသည်။

၂၀၁၉ ခုနှစ်၊ မတ်တွင်ပြုလုပ်ခဲ့သောထိုင်းအထွေထွေရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရန် သာနာသွန်းထံမှ ဘတ် ၁၉၁ သန်းလက်ခံခဲ့ပြီးနောက် အဆိုပါစွဲချက်ပေါ်ထွက်လာသည်။

တရားရုံးစီရင်ချက်အရ Future Forwardပါတီအလုပ်အမှုဆောင် ၁၆ ယောက်ကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ပြီး နောက်ထပ် ၁၀ နှစ်နိုင်ငံရေးလှုပ်ရှားခွင့်ပိတ်ထားသည်။

၂၀၃၀ ပြည့်နှစ်အထိ ရွေးကောက်ပွဲ၀င်ခွင့်၊ နိုင်ငံရေးလုပ်ခွင့်နှင့် ပါတီသစ်ထောင်ခွင့်ပိတ်ခံထားရခြင်းဖြစ်သည်။

ပါတီခေါင်းဆောင်နှင့်တည်ထောင်သူသာနာသွန်းနှင့် ပူးတွဲတည်ထောင်သူပီယာဘတ် ဆာအန်ကာနော့ကူတို့လည်း ပိတ်ပင်ခံရမှုတွင်ပါ၀င်သည်။

၂၀၁၈ ခုနှစ်တွင်တည်ထောင်ခဲ့သော Future Forwardပါတီသည် ၂၀၁၉ ထိုင်းရွေးကောက်ပွဲတွင် တတိယမဲအများဆုံးရခဲ့သော ပါတီဖြစ်သည်။

Source- CNA
#ဥက္ကာ #MeKongNews
Photo- Khaosod၊ Bangkok Post

ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် မြန်မာခရီးသည်ကို ဂါယာလေဆိပ်တွင်ထိန်းသိမ်းထား

ဖေဖော်ဝါရီ ၂၁၊ ဂါယာ

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်က ဂါယာနိုင်ငံတကာလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်COVID-19ကူးစက်ခံထားနိုင်ချေရှိသည်ဟုဆိုကာ မြန်မာနိုင်ငံကခရီးသည်တစ်ယောက်ကို အနုဂါနာရာယန်းဆေးကောလိပ်ဆေးရုံမှာ ဖေဖော်ဝါရီ ၁၉ ရက်က သီးသန့်ထားရှိထားခဲ့သည်။

ဂါယာနိုင်ငံတကာလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ၊ မရှိ နိုင်ငံခြားခရီးသည်များကိုစစ်ဆေးခဲ့ချိန် တွေ့ရှိခဲ့ကြောင်း ဆေးရုံတာ၀န်ခံဒေါက်တာ ဗီဂျေး ခရစ်ရှနားကပြောသည်။

စစ်ဆေးနေချိန် မြန်မာနိုင်ငံမှလာသည့်ခရီးသည်အယောက် ၃၀ ပါသည့်အဖွဲ့နှစ်ဖွဲ့ထဲမှတစ်ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းနှင့်တူသည့်ရောဂါလက္ခဏာများပြနေကြောင်း ဒေါက်တာခရစ်ရှနားကပြောသည်။

လူနာကိုဆေးရုံပို့ပြီး သွေးနမူနာအစီရင်ခံစာရောက်လာသည်အထိ သီးသန့်ထားပေးမည်ဖြစ်သည်။

အစောပိုင်းက မည်သူမည်ဝါထုတ်ပြောမထားသူတစ်ယောက်လည်း ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ဆေးရုံရောက်လာခဲ့သည်။


Source – UNI

ဥက္ကာ #MeKongNews

Photo – Gaya International Airport Facebook

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ပထမဆုံး လူသေဆုံးမှုဖြစ်ပွား

တီဟီရန်၊ ဖေဖော်ဝါရီ ၂၀

ကိုရိုနာဗိုင်းရပ်စ် COVID-19ကူးစက်ခံထားရကြောင်းတွေ့ရှိပြီးနောက် အီရန်နိုင်ငံမှ သက်ကြီးရွယ်အို ၂ ယောက်သေဆုံးခဲ့သည်။

ဗုဒ္ဓဟူးနေ့မှသေဆုံးမှုများသည် ဗိုင်းရပ်စ်ပျံနှံ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းတွင် ပထမဆုံးသေဆုံးမှုဖြစ်လာသည်။

တီဟီရန်မြို့တောင်ဘက်ရှိကွမ်မြို့ခံ လူကြီးနှစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း အီရန်ကျန်းမာရေး၀န်ကြီး၏ အကြံပေးပုဂ္ဂိုလ်အလီရီဇာ ဗာဟတ်ဇာဒါကပြောသည်။

သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်းနှင့် အသက်အတိအကျကို မသိရသေးချေ။

လက်ရှိတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိနေပြီး ကမ္ဘာ့အနှံ့ကူးစက်ခံရသူ ၇၅၀၀၀ ကျော်ရှိနေသည်။

အီရန်နိုင်ငံမှသေဆုံးသူ ၂ ယောက်သည် အီရန်တွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရသူများဖြစ်ပြီး တရုတ်ပြည်မကြီးပြင်ပတွင် ဗိုင်းရပ်စ်ကြောင့် ၇ ယောက်နှင့် ၈ ယောက်မြောက်သေဆုံးသူများဖြစ်သည်။

Source – Al Jazeera
#ဥက္ကာ #MeKongNews
Photo- IRNA

မိုင်းပျဉ်းမြို့နယ်ကို ဧပြီလအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် အစိုးရရည်ရွယ်ထား

ကာလိ-မိုင်းပျဉ်းလမ်းပိုင်းတွင်တွေ့ရသည့် မဟာဓာတ်အားလိုင်းတိုင်များ/ Photo by MeKong News

တာချီလိတ်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မဟာဓာတ်အားလိုင်း သွယ်တန်းမှုလုပ်ငန်းများ အတန်အသင့်ပြီးစီး နေပြီဖြစ်၍ မိုင်းပျဉ်းမြို့နယ်ကို လာမည့် ဧပြီလအတွင်း အစိုးရလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရန် ခန့်မှန်းထားကြောင်း ရှမ်းပြည်နယ်အစိုးရ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ရက်ကကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မိုင်းပျဉ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက “ရှမ်းပြည်နယ်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများ”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“နမ့်စမ်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗီ မဟာဓာတ်အားလိုင်းကို ၁၅၇မိုင်၊ မိုင်းပျဉ်းမှာ ဓာတ်အားခွဲစက်ရုံတစ်ခု၊ ကျိုင်းတုံမှာ ၂၃၀/၆၆/၁၁ ကေဗီအေ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်လျှက်ရှိပါတယ်။ နမ့်စမ်ဓာတ်အားခွဲရုံများလည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ပါကြောင်းနှင့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ မိုင်းပျဉ်းကို ဓာတ်အား စတင်ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

ထို့အပြင် မိုင်းပျဉ်နှင့် ကျိုင်းတုံ ၂၃၀ကေဗီဓာတ်အားလိုင်းအတွက် တိုင်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဖြစ်သလို ဓာတ်အားကြိုးသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

“ကျိုင်းတုံမြို့နယ်အတွက်ကိုလည်း ၂၀၂၀ပြည့်နှစ် ဩဂုတ်လအတွင်း အားလုံးပြီးစီးအောင် ကျိုးစားဆောင်ရွက်လျှက်ရှိပါကြောင်း လွှတ်တော်ဥက္ကဌကြီးမှတဆင့် တင်ပြအပ်ပါသည်” ဟု လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။

လက်ရှိအချိန်တွင် မိုင်းပျဉ်းမြို့နယ်၌ ည ၆နာရီ ၁၅မိနစ်ခန့်မှ ည ၉နာရီ ၁၅အထိ တစ်နေ့ ၃နာရီ မီးစက်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိကြောင်း မိုင်းပျဉ်းမြို့ခံတစ်ဦးက ပြောသည်။

“ပုံမှန်က EPC က မီးစက်မောင်းပြီး တစ်နေ့ (၃)နာရီပေးတယ်။ အခုတော့ ဆယ်တန်း စာမေးပွဲရှိလို့ ညကို ၁၀ နာရီအထိ တိုးပေးထားတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ငွေကြေးတတ်နိုင်သူများအနေဖြင့် ကိုယ်ပိုင်ရေးအားလျှပ်စစ်ဖြင့် သုံးစွဲလျှက်ရှိကြောင်း သိရသည်။
MK – 001

MeKongNews

ဘန်ကောက်စျေးဝယ်စင်တာတွင် ဇနီးဟောင်းကို အသေပစ်သတ်ခဲ့သည့် သေနတ်သမားကို အရှင်ဖမ်းမိ

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉

ဘန်ကောက်မြို့ရှိ စျေးဝယ်စင်တာတွင် ဇနီးဟောင်းကို သေနတ်ဖြင့်အသေပစ်သတ်ခဲ့သည့် အမျိုးသားအား ဗုဒ္ဓဟူးနေ့တွင် ထိုင်းရဲများက အရှင်ဖမ်းမိခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဆန်ကျူရီစျေးဝယ်စင်တာရှိ အလှအပဆိုင်ရာဆေးခန်းတွင် အလုပ်လုပ်သည့် ဇနီးဟောင်းကို အဆိုပါသေနတ်သမားက ပစ်သတ်ခဲ့ပြီး နောက်ထပ် ဝန်ထမ်းအမျိုးသမီးတစ်ယောက်လည်း ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည်။

ယခုပစ်ခတ်မှုမှာ ပြီးခဲ့သည့်တစ်လခွဲအတွင်း ထိုင်းတွင်တတိယမြောက်ပစ်ခတ်မှု ဖြစ်သည်။

ယခုပစ်ခတ်မှုတွင် သံသယတရားခံ ဒါနုဆွန်း နွမ်ချာရောင်သည် သေဆုံးသူဇနီးဟောင်းကို ၁၀ နှစ်ကြာပေါင်းသင်းခဲ့ပြီး မကြာသေးခင်က ကွာရှင်းခဲ့ခြင်းဖြစ်သည်။

သူ့တိုက်ခန်းတွင် ထိုင်းရဲများ နှစ်ရက်စောင့်ရန်နှင့် သူ့ဇနီးဟောင်း၏လက်ရှိချစ်သူကို ပစ်သတ်ပြီးပါက ကိုယ့်ကိုယ်ကိုသေကြောင်းကြံမည်ဟု ဝန်ခံထားသောစာများ တွေ့ရကြောင်း ထိုင်းရဲများပြောသည်။

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်းက ရဲများထံလက်နက်မချခင် သူ့အမေနှင့်သူ ၁၀ နာရီကြ ာညှိနှိုင်းခဲ့​ကြောင်းလည်း သိရသည်။

ဒါနုဆွန်းကို လူသတ်မှုနှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုများအပါအဝင် စွဲချက်များတင်ထားသည်။

Small Arms Survey သုတေသနအဖွဲ့၏စာရင်းအရ ထိုင်းနိုင်ငံသား ၁၀၀ တွင် သေနတ် ၁၅.၁၄ လက်ကိုင်ဆောင်ထားပြီး အရှေ့တောင်အာရှတွင် အများဆုံးပမာဏဖြစ်သည်။

Source – AP

ဥက္ကာ #MeKongNews

Photo – AP

တပ်ပိုင် MEC တည်ဆောက်ခဲ့သည့် သံမဏိစက်ရုံအတွက် နေ့စဉ် ကျပ်သိန်း ၅၀၀၀ နီးပါး တရုတ်ကို အကြွေးဆပ်နေရ

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း/ Photo – MOI

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၉

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း – MEC က ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်ငွေဖြင့် တည်ဆောက်ခဲ့သည့် မြင်းခြံသံမဏိစက်ရုံမှာ လက်ရှိအချိန်တွင် လုပ်ငန်းရပ်ဆိုင်းထား သော်လည်း ၎င်းကို တည်ဆောက်စဉ်က ချေးထားသည့် အကြွေးအတွက် နေ့စဉ်ကျပ်သိန်း ၅၀၀၀နီးပါး တရုတ်ကို အကြွေးဆပ်နေရကြောင်း မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ်က ပြောသည်။

စီမံကိန်း ရပ်ဆိုင်းထားသော်လည်း အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းအတွက် တရုတ်နိုင်ငံ China Development Bank (CDB) သို့ နေ့စဉ် ငွေကျပ် သိန်းငါးထောင်နီးပါး (ကျပ်သိန်း၄၉၃၀) ပေးဆပ်နေရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

မန္တလေးတိုင်းဒေကြီး မြင်းခြံမြို့နယ်ရှိ အမှတ်(၁) သံမဏိစက်ရုံစီမံကိန်း (မြင်းခြံ) ဆောင်ရွက်ရန် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က တရုတ်နိုင်ငံ China Development Bank(CDB)ထံမှ ယူရိုငွေ (၁ဒဿမ၁၁၇) ဘီလီယံကို ချေးယူခဲ့ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC)မှ လုပ်ငန်းဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။ ထို့နောက် အဆိုပါစီမံကိန်းအား MEC မှ စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၇ က ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ လုပ်ငန်းများ ဆောင်ရွက်နေစဉ် ရပ်ဆိုင်းထားခဲ့သည်ဟု ဦးဇာနည်အောင်က ပြောသည်။

ထိုသို့ ရပ်ဆိုင်းထားသော်လည်း စက်ရုံစီမံကိန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ CDB ဘဏ်မှ ငွေချေးယူထားမှုအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း CDBသို့ နေ့စဉ် ယူရိုငွေ (၃၁၅၂၇၁ဒဿမ၁၂) ပေးဆပ်နေရပြီး မြန်မာငွေနှင့်ဆိုလျှင် နေ့စဉ်ကျပ်သိန်း ငါးထောင်နီးပါး ပေးဆပ်နေရကြောင်း ဦးဇာနည်အောင်က ပြောသည်။

“MECအနေဖြင့် တရုတ်နိုင်ငံ CDBမှ ယူရိုငွေ ၁ဒဿမ၁၁၇ ဘီလီယံ ချေးယူခဲ့ပြီး ယခုအချိန်တွင် အတိုးပေါင်းအရင်း ၁ဒဿမ၆၂၅ ဘီလီယံကျော် ဖြစ်နေပါသည်။ ယခုလက်ရှိ အချိန်အထိ ရင်းနှီးမြုပ်နှံငွေမှာ ကျပ်ငွေ(၂၃၆)ဘီလီယံ ဖြစ်ပြီး စီမံကိန်းအပြီးသတ်ရန် ထပ်မံလိုငွေမှာ (ကျပ်) (၂၂၅)ဘီလီယံ ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် CDB သို့ နေ့စဉ်ပေးဆပ်နေရသည့် အတိုးပေါင်းအရင်းမှာ ယူရိုငွေ (၃၁၅၂၇၁ဒဿမ၁၂) ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်တွင် ယူရိုငွေ (၃၀၆၀၅၆ဒဿမ၅၅) ဖြစ်ပါသည်။ နေ့စဉ်ပေးနေရသည့်ငွေမှာ မြန်မာကျပ်ငွေဖြင့် ကြည့်လျှင် ကျပ်ငွေသိန်းပေါင်း (၄၉၃၀)ကို နေ့စဉ်ပေးဆောင်နေရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ(၁၈)ရက်က ကျင်းပသည့် မန္တလေး တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တိုင်းစာရင်းစစ်ချုပ်က တင်သွင်းထားသည့် မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၈ခုနှစ် (ဧပြီမှ စက်တင်ဘာလအထိ) ဘဏ္ဍာငွေ အရအသုံးစာရင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာပါ တွေ့ရှိချက်များနှင့် ပတ်သက်၍ နွားထိုးကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၏ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းရာတွင် ဝန်ကြီး ဦးဇာနည်အောင်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အဆိုပါ သံမဏိစက်ရုံစီမံကိန်းကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)က ၂၀၀၄ တွင် နိုင်ငံတော်ငွေဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ တွင် စက်မှုဝန်ကြီးဌာနသို့ ပြန်လည်လွဲပြောင်းပေးခဲ့သည်ဟု ဦးဇာနည်အောင်က ပြောသည်

စက်ရုံစီမံကိန်းကို အတိုးနှုန်းကြီးမားသည့် ပြည်ပချေးငွေဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းမအောင်မြင်ဘဲ ချေးငွေများကို ပြည်သူမှ ဆပ်နေရသည့်ပုံစံ ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအား ပြည်ထောင်စု အစိုးရအနေဖြင့် မည်ကဲ့သို့ အကြံပြု ပြင်ဆင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မြင်းခြံသံမဏိစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ စာရင်းစစ်ချုပ် အစီရင်ခံစာပါ တွေ့ရှိချက်များကို ကိုးကား၍ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ဆွေးနွေးသည်။

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်းသည် ခွင့်ပြုရန်ပုံငွေ မရှိဘဲ ကြိုတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်း၊ စီမံကိန်းကာလအတွင်း Semi-Product သာ ထုတ်လုပ်နိုင်ပြီး ဝန်ထမ်းလစာနှင့် စရိတ်၊ အတိုးနှုန်းများကြောင့် အရှုံးများဆက်တိုက် ဖြစ်ပေါ်နေခြင်းတို့အပေါ် လိုအပ်သော စီမံခန့်ခွဲမှု၊ စီမံကိန်း ပြန်လည်စိစစ်သုံးသပ်မှုများ ပြုလုပ်ရန်လိုအပ်သည်ဟု မန္တလေးတိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာက ပြောသည်။

သံမဏိစက်ရုံ(မြင်းခြံ)သည် စက်မှုဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း စက်ရုံမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှ စ၍ Steel Billet နှင့် Steel Slab တို့ကို Semi-Product အဆင့်သာ ထုတ်လုပ်နိုင်ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တစ်ခုတည်းကိုသာ ဖြန့်ဖြူးနိုင်ခဲ့ခြင်း၊ လည်ပတ်နေသော စက်ပစ္စည်း (Air Separation Plant) ပျက်စီးသွားသဖြင့် ပြင်ဆင်နိုင်မှု မရှိ၍ ၂၀၁၇ ဇန်နဝါရီ(၁)ရက်မှစတင်ကာ ရပ်ဆိုင်းခဲ့ခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ၂၀၁၇ ဇွန်လမှစတင်ကာ စီမံကိန်းလုပ်ငန်းနှင့် ထုတ်လုပ်မှုလုပ်ငန်းများ ရပ်ဆိုင်းထားသည်ကို တွေ့ရကြောင်း မန္တလေးတိုင်းလွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့သည့် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ယခင်အမှတ်(၄) သံမဏိစက်ရုံ (မြင်းခြံ) ယခု အမှတ်(၁) သံမဏိစက်ရုံ (မြင်းခြံ)၏ တိုးချဲ့စီမံကိန်း အဆင့်များ (Phase -2, 2A,3) တို့အတွက် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် တရုတ်နိုင်ငံ China Development Bank (CDB) တို့ ချေးငွေစာချုပ်ကို ၂၀၁၀ ဇူလိုင်(၁၄)နှင့် ၂၀၁၁ ဇွန်လ(၁၄)ရက်တို့တွင် ချုပ်ဆိုခဲ့ကြောင်း၊ ချေးငွေပမာဏ ယူရို (၁၀၈၁ဒဿမ၈၃၀)သန်း မှ ချေးငွေသုံးစွဲမှု ယူရို (၁၀၄၂ဒဿမ၂၇၉)သန်းဖြစ်ပြီး MEC ဆောင်ရွက်ဆဲကာလတွင် ယူရို (၅၆၆ဒဿမ၉၀၀)သန်းနှင့် စက်မှုဝန်ကြီးဌာန စတင်ဆောင်ရွက်သည့် ကာလတွင် ယူရို (၄၇၅ဒဿမ၃၇၉)သန်း ဖြစ်သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၈ စက်တင်ဘာ(၃၀)အထိ ပေးဆပ်ပြီး ယူရို (၁၃၆ဒဿမ၇၀၀)သန်း ဖြစ်၍ ပေးဆပ်ရန်ကျန် ယူရို (၉၀၅ဒဿမ၅၇၉)သန်း ဖြစ်သည်ဟု ဆိုသည်။ ချေးငွေရရှိမှုအနေဖြင့် Phase 2 အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၊ Phase 2A နှင့် Phase 3 အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ ဆိုင်းငံ့ကာလ (၅)နှစ်ဖြင့် ချေးယူခဲ့ပြီး အတိုးပေးဆပ်ရန်မှာ စတင်ချေးယူသည့် ဘဏ္ဍာရေးနှစ်မှစ၍ အရင်းကို ဆိုင်းငံ့ကာလကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်များမှ စတင်၍ ပေးဆပ်ရပါသည်ဟု တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

CDB ဘဏ်ချေးငွေကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှ စတင်ချေးယူ အတိုးပေးဆပ်ခဲ့ရပြီး အရင်းကို ဆိုင်းငံ့ကာလ ကုန်ဆုံးသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ ပေးဆပ်ခဲ့ရကြောင်း၊ Phase-2 အတွက် အရင်းပေးဆပ်ကာလမှာ ၂၀၁၅-၂၀၁၆မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ၊ Phase -2Aနှင့် Phase-3အတွက် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှ ၂၀၃၂-၂၀၃၃ဘဏ္ဍာရေးနှစ်အထိ ပေးဆပ်ရမည်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

မြင်းခြံသံမဏိစက်ရုံ စီမံကိန်းအတွက် အတိုးနှင့် ကတိခံကြေး ပေးဆပ်ရမှုမှာ စီမံကိန်း Phase -2 အတွက် အတိုးနှုန်း ၄ဒဿမ၅ရာခိုင်နှုန်း၊ Phase-2Aနှင့် Phase-3အတွက် အတိုး ၅ရာခိုင်နှုန်းဖြစ်ပြီး အာမခံကြေး ပေးဆပ်မှုမှာ CDBမှ ထုတ်ယူရန်ကျန် ချေးငွေအပေါ် ကတိခံကြေး ဝဒဿမ၅ရာခိုင်နှုန်းဖြင့် ပေးဆပ်ရမည်ဟု ဖော်ပြထားသည်။

မြင်းခြံသံမဏိစက်ရုံ၏ ပထမအဆင့်စီမံကိန်းကို နိုင်ငံပိုင်ငွေကြေးများ အသုံးပြုပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အီတလီနိုင်ငံ Danieli Co.,Ltd တို့က ၂၀၀၄ နိုဝင်ဘာတွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ China Development Bank (CDB) ၏ ချေးငွေကိုရယူပြီး ဒုတိယအဆင်‌့ Phase 2 နှင့် Phase-2(A) ကို ၂၀၁၀ ဇူလိုင်နှင့် တတိယအဆင့် Phase-3 ကို ၂၀၁၁ ဇွန်လတွင် MEC မှ စာချုပ်များ ဆက်လက်ချုပ်ဆို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက လွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောကြားထားသည်။

အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ရန်ကုန်-မြင်းခြံ ကားလမ်း မိုင်တိုင် အမှတ်(၄၅ဝ/ဝ)၏ အနောက်ဘက် ၃မိုင်ကျော်အကွာ ဆားခါးကျေးရွာအနီးရှိ မြေဧက ၅၇၄ ဒသမ ၂ ဧကပေါ်တွင် တည်ရှိသည်။

အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း/ Photo – MOI

Source – Mandalay Indepth News

#MeKongNews

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံမှုအများစုမှာ အပျော့စားဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် အိပ်ရာထဲလဲနေသူများ ပိုမိုသေဆုံးနိုင်

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများစုမှာ အပျော့စားကူးစက်ခံရသူများဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့်အိပ်ရာထဲလဲနေသူများ ပိုမိုသေဆုံးနိုင်ကြောင်း တရုတ်သုတေသီများကထုတ်ပြန်သည်။

တရုတ်နိုင်ငံမှEpidemiologyဂျာနယ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်အထိ တရုတ်နိုင်ငံတဝန်းမှကူးစက်ခံရသူ ၇၂၃၁၄ ယောက်ကိုလေ့လာပြီးနောက်ထုတ်ပြန်ခြင်းဖြစ်သည်။

ဒီဇင်ဘာလကုန်ပိုင်းတွင်း ဗိုင်းရပ်စ်စတင်ပြန့်နှံ့ပြီးနောက် ယခုလေ့လာမှုသည် လူနာများအပေါ်အကြီးမားဆုံးလေ့လာမှုဖြစ်သည်။

ကူးစက်မှု ၈၀.၉ ရာခိုင်နှုန်းမှာ အပျော့စားကူးစက်ခံရမှုများဖြစ်ပြီး ၁၃.၈ ရာခိုင်နှုန်းမှာ ပြင်းထန်သော်လည်း ၄.၇ ရာခိုင်နှုန်းသာ စိုးရိမ်ရသည်။

အသက် ၈၀ နှင့်အထက်လူများမှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်ပြီး ၁၄.၈ ရာခိုင်နှုန်းသေဆုံးနိုင်သည်။

အသက် ၉ နှစ်အထိကလေးငယ်များ သေဆုံးနိုင်ချေမရှိကြောင်းလည်း သိရသည်။

အသက် ၃၉ နှစ်အထိ သေဆုံးမှုနှုန်းမှာ ကူးစက်ခံရမှု၏ ၀.၂ ရာခိုင်နှုန်းသာရှိသည်။

အသက် ၄၀ ဝန်းကျင်တွင် သေဆုံးနိုင်ချေ ၀.၄ ရာခိုင်နှုန်းရှိပြီး ၅၀ ဝန်းကျင်မှာတော့ သေဆုံးနိုင်ချေ ၁.၃ ရာခိုင်နှုန်းရှိသည်။

၆၀ ဝန်းကျင်များတွင် သေဆုံးနိုင်ချေ ၃.၆ ရာခိုင်နှုန်းရှိပြီး အသက် ၇၀ ဝန်းကျင်များတွင် ၈ ရာခိုင်နှုန်းသေဆုံးနိုင်သည်။

အမျိုးသားများသေဆုံးနိုင်ချေ ၂.၈ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများသေဆုံးနိုင်ချေ ၁.၇ ရာခိုင်နှုန်းရှိသည်။

ပျမ်းမျှအားဖြင့် သေဆုံးနိုင်ချေ ၂.၃ ရာခိုင်နှုန်းရှိသည်။

၂၀၀၄ ခုနှစ်တွင် ဆားစ်ရောဂါဖြစ်ပွားခဲ့စဉ်က ကူးစက်ခံရသူပိုနည်းသော်လည်း သေဆုံးသူ ၁၀ ရာခိုင်နှုန်းနီးပါးရှိခဲ့သည်။

ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ်COVID-19ကြောင့် သေဆုံးသူ ၂၀၀၄ ယောက်ရှိနေပြီး ကူးစက်ခံထားရသူ ၇၄၁၈၅ ယောက်ရှိနေသည်။

Source – AFP
#ဥက္ကာ  #MeKongNews
Photo – People’s Daily China

Design a site like this with WordPress.com
Get started