နတ်စင်ကို သေနတ်ဖြင့် ပစ်ပြေးသူ၏ နေအိမ်မှ မူးယစ်ဆေးဝါးနှင့် လောင်းကစားဂိမ်းစက်များ ဖမ်းမိ

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂

ဟိုတယ်အတွင်းမှ နတ်စင်ကို သေနတ်ဖြင့် (၄)ချက်ပစ်ပြီး ထွက်ပြေးသည့် ထိုင်းနိုင်ငံသား၏ နေအိမ်ထဲတွင် မူးယစ်ဆေးဝါးမျိုးစုံနှင့် လောင်းကစားဂိမ်းစက်များကို ဖေဖော်ဝါရီလ ၁၂ရက် ညနေပိုင်းက ဖမ်းဆီးရမိသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ်အတွင်းမှ နတ်စင်ကို ဖေဖော်ဝါရီလ ၁၂ရက် နံနက် ၇နာရီခွဲခန့်က သေနတ်ဖြင့် (၄)ချက်ပစ်ကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသား အကျစ်၏ ဝန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တွင် အိုက်စ် (၃၆၀)ဂရမ်၊ အက်တက်စီဆေးပြား (၄၉)ပြားနှင့် လောင်းကစားဂိမ်းစက် အသေး (၂၁)လုံးကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါနေအိမ်ကို မိန်ကလေး (၂)ဦး လာရောက်တံခါးဖွင့်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ခေါ်ယူစစ်ဆေးရာ နေအိမ်တွင်မွေးထားသည့် ခွေးများကို အစာလာကျွေးခြင်းဖြစ်ကြောင်း သိရသဖြင့် သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာမှ အဆိုပါပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အမှုမှ တရားခံ အကျစ်ဆိုသူကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

MeKongNews

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၁၁၃ ဦး ရှိလာ

Photo: AFP/Hector Retamal

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၂

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည့် ဖေဖော်ဝါရီလ ၁၂ရက် နံနက်အစောပိုင်း စာရင်းအရ ၁၁၁၃ ဦး ရှိလားပြီး ယမန်နေ့ကထက် ၉၇ဦး တိုးလာကြောင်း တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ပြောသည်။

ထပ်မံသေဆုံးသူ ၉၇ဦးအနက် ၉၄ဦးမှာ ဟူဘေးခရိုင်မှ ဖြစ်ပြီး ယင်းထဲမှ ၇၂ဦးမှာ ဝူဟန်မြို့က ဖြစ်သည်။

အသစ်ထပ်မံကူးစက်ခံရသူ အရေအတွက်မှာ ၂၀၁၅ ဦးဖြစ်ပြီး ဇန်နဝါရီလ ၃၀ရက်နောက်ပိုင်း ကူးစက်သူ တိုးတက်နှုန်း အနိမ့်ဆုံးဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။

တရုတ်အကြီးတန်းဆေးပညာအကြံပေးက ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံမှုမှာ လာမည့် ဧပြီလလောက်တွင် ထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး လတ်တလော ရောဂါကူးစက်ပျံ့နှံမှုမှာ ကျဆင်းလာသည်။

ယမန်နေ့က ဂျီနီဗာတွင် ကျင်းပသည့် WHO ညီလာခံတွင် ဝူဟန်ဗိုင်းရပ်စ်ကို COVID-19 ဟု အမည်ပေးလိုက်သည်။

ရောဂါဖြစ်ပွားမှု၏ ၉၉ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင်း၌ ဖြစ်ပြီး အလွန်တရာအရေးပေါ်အခြေအနေတွင် ရှိနေသေးကြောင်း WHOအကြီးအကဲ တက်ဒ်ရိုစ့်အဒ်ဟန်နွမ်က ပြောသည်။

တရုတ်အာဏာပိုင်များက အင်္ဂါနေ့က အကြီးတန်းကျန်းမာရေး အရာရှိနှစ်ဦးကို ထုတ်ပယ်လိုက်ပြီး လူသန်းပေါင်းများစွာကို မြို့တွင်းပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်ထားသည်။

Ref: CNA
Photo: AFP/Hector Retamal

MeKongNews

ပြည်သူတွေ ကြောက်ရွံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သတိပေးခေါင်းလောင်းသံ မိမိတို့နိုင်ငံတွင် မြည်နေပြီဟု လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
ဝေမိုး(နေပြည်တော်)

ပြည်သူများကြောက်ရွံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မိမိတို့နိုင်ငံတွင် သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်သလို ပေါ့ဆ၍မရကြောင်း ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးမှ ဖေဖော်ဝါရီ(၁၁)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရောဂါကာကွယ်နှိမ်နင်းမှု၊ ကူးစက်ပြန့်ပွားခြင်းမရှိစေရန်နှင့် ဖြစ်ပွားလာပါက အထိအခိုက် အသေအပျောက် နည်းပါးစေရန်နှင့်စပ်လျဉ်း၍ မေးခွန်းထုတ်ခဲ့ရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ WHO ကတော့ သေဆုံးသူ(၉၀ဝ)ကျော်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။ အိမ်နီးခြင်း တရုတ်ပြည်မကြီးမှာ အသေဆုံးနဲ့ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေပြီး အဲ့ဒါကြောင့် စိုးရိမ်နေတဲ့ ပြည်သူတွေအတွက် ရှင်းပြဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့ ည(၈)နာရီ သတင်းထုတ်ပြန်ချက်အရ သံသယလူနာတစ်ဦးအပါအဝင် လူနာ(၂၀)ခန့်ရှိလာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာလည်း ပေါ့ဆ၍မရကြောင်း သတိပေးခေါင်းလောင်းသံ မြည်နေပြီဖြစ်ပါတတယ်”ဟု ဒေါက်တာစိန်မြအေးက ပြောသည်။

ထို့ပြင် ရောဂါကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုသော်လည်း ကပ်ရောဂါအသွင် ဖြစ်ပွားလာမည်ဆိုပါက ပြည်သူလူထု အထိအခိုက် အသေအပျောက်နည်းပါးစေရန်နှင့် ကြိုတင်စီမံထားရန် အစိုးရအနေဖြင့် အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်မိပါကြောင်း လူထုအနေဖြင့် ကာကွယ်ဆေးမရှိ ကုသဆေးမရှိသည့် ဗိုင်းရပ်စ်အန္တရာယ်အား ကြောက်ရွံ့နေကြကြောင်းလည်း ၎င်းကပြောသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့က (၃၀)ရက်နေ့မှာကြေငြာတယ်။ ကျွန်တော်တိိုု့နိုင်ငံမှာက (၅)ရက်နေ့ကတည်းက စပြီးတော့လုပ်နေပါတယ်။ ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်းကို လျင်မြန်စွာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ သံသယလူနာများအား စောလျင်စွာသိရှိနိူင်ရန် ပြုလုပ်ခြင်း၊ သံသယနဲ့ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိစေခြင်း၊ သံသယလူနာနဲ့ အနီးကပ်ထိတွေ့ ဆက်ဆံဘူးသူများကို ထောက်လှန်း၍ ကြည့်ရှု့စောင့်ကြည့်ခြင်း၊ ရောဂါမဖြစ်စေရန် ကာကွယ်ခြင်းနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို သတင်းအချက်အလက် အပြည့်အစုံ ပေးပို့ခြင်း၊ ဒီအချက်ကို (၅)ရက်နေ့ကတည်းကစပြီး လုပ်နေပါတယ် ကျွန်တော်တို့မပေါ့ပါဘူး” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် ယင်းရောဂါအား စမ်းသပ်ရန် ဓာတ်ခွဲခန်း မလုပ်နိူင်သော်လည်း မကြာခင်ရက်ပိုင်းတွင် လုပ်နိုင်တော့မည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုခဲ့သလို အဆိုပါ ထူးဆန်းသော အဆုတ်ရောင်ရောဂါကြောင့် ဖေဖော်ဝါရီ(၁၀)ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသူ(၉၀ဝ)ဦးကျော် ရှိခဲ့သလို တရုတ်နိုင်ငံတစ်ဝန်း ရောဂါကူးစက်ခံရသူ(၄၀၁၇၁)ဦးနှင့် ဆေးဘက်ဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်းခံရသူ (၁၈၇၅၁၈)ဦးရှိကြောင်း သိရသည်။

“ကျန်းမာရေးပိုစတာပေါင်း (၂၂)မျိုးထုတ်ခဲ့ပြီး ကျန်းမာရေး ဂိုက်လိုင်းများမှာ ကုသမှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆရာဝန်များ၊ သူနာပြုများနဲ့ ဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာ အသေးစိပ် ထုတ်ပြန်ထားပါတယ်။ လုပ်ငန်းများအားလုံးကို စနစ်တကျ လုပ်ဆောင်နေတာဖြစ်ပြီး သတင်းထုတ်ပြန်ချက်များကို ဝန်ကြီးဌာနအနေနဲ့ အကြိမ်(၃၀)ခန့် ထုတ်ပြန်ထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ တွေ့ရှိချက်များကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ်များမှာလည်း (၁၅၃)ကြိမ် ထုတ်ပြန်ထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌမှ ဒေါက်တာစိန်မြအေး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အသေးစိပ် ရှင်းလင်းဖြေကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ယင်းမေးခွန်းအား ဖြေကြားခြင်းသည် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေသလို မေးခွန်းနှင့်ဖြေကြားချက်များ ဖြစ်သည့်အတွက် နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာထဲတွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ၁၅၀အရ ဖော်ပြသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါသည်ဟု ပြောကြားခဲ့သည်။

MeKongNews

ဟိုတယ်ဝင်းအတွင်းရှိ နတ်စင်ကို ထိုင်းတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 ဝင်းအတွင်းမှ နတ်စင်ကို ဖေဖော်ဝါရီလ ၁၂ရက် နံနက် အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူ ထိုင်းနိုင်ငံသားကို လိုက်လံဖမ်းဆီးနေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းက မဲခေါင်သတင်းဌာနကို ပြောသည်။

“အရက်မူးပြီးဖြစ်တဲ့ သဘောပါပဲ။ စုံစမ်းကြည့်လိုက်တော့ သူတို့ အရက်သောက်နေကြတယ်။ အရက်မူးပြီး ဖြစ်ကြတဲ့ သဘောပေါ့။ အခု စုံစမ်းနေပါတယ်။ မိမှာပါ” ဟု၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁၂ရက်၊ နံနက် ၇နာရီခွဲခန့်က ထိုင်းအမျိုးသားတစ်ဦးက အဆိုပါဟိုတယ်ဝင်း အတွင်းရှိ နတ်စင်ကို သေနတ်ဖြင့် ပစ်ခတ်ကာ ဖော်ကျူနာကား အနက်ရောင်ဖြင့် မောင်းနှင်ထွက်ပြေးသွားခြင်း ဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံသားကိုဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

MeKongNews

အစောပိုင်း ကော်ရိုနာဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးထားပြီးသူများထံမှ ၁၂ရက်အကြာတွင် ဗိုင်းရပ်စ်တွေ့ရှိ

ယိုကိုဟားမား၊ ဖေဖော်ဝါရီ ၁၁

ကိုရိုနာဗိုင်းရပ်စ်စတင်ပြန့်ပွားခဲ့ရာမှ ပြန်ကယ်ထုတ်လာပြီး အစောပိုင်းတွင်ဗိုင်းရပ်စ်မရှိကြောင်းစစ်ဆေးတွေ့ရှိသူ နှစ်ယောက်ထံတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာသည်။

ဇန်နဝါရီ ၂၉ တွင်ပြန်ခေါ်လာသည့် သင်္ဘောပေါ်မှအသက် ၅၀ ဝန်းကျင်အမျိုးသားတစ်ယောက်ကို နှစ်ကြိမ်တိုင်တိုင်စစ်ဆေးခဲ့သော်လည်း ဗိုင်းရပ်စ်မတွေ့ရှိခဲ့ဘဲ ၁၂ ရက်အကြာတွင် ထပ်မံစစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O၏အသိပေးချက်အရ ကူးစက်ခံရကြောင်းစောင့်ကြည့်ကာလမှာ ၁၄ ရက်ဖြစ်သည်။

ဇန်နဝါရီ ၃၀ တွင်ပြန်ခေါ်ခဲ့သည့် အသက် ၄၀ ဝန်းကျင်ဂျပန်အမျိုးသားကလည်း ပထမအကြိမ်စစ်ဆေးရာတွင် မတွေ့ခဲ့ဘဲ တနင်္လာနေ့က ဒုတိယအကြိမ်စစ်ဆေးရာတွင်မှ ကူးစက်ခံရကြောင်းတွေ့ရှိရသည်။

ထိုနှစ်ယောက်အပါအဝင် ဂျပန်တွင်ကူးစက်ခံရသူစုစုပေါင်း ၂၈ ယောက်ရှိလာပြီး ပြီးခဲ့သည့်တစ်ပတ်တနလ်ာက ယိုကိုဟားမားဆိပ်ကမ်းနားတွင် ကမ်းကပ်ထားပြီး ပါလာသူများကို စောင့်ကြည့်စစ်ဆေးနေသည့် သင်္ဘောပေါ်တွင်လည်း ကူးစက်ခံရသူစုစုပေါင်း ၁၃၅ ယောက်ရှိနေသည်။

မကြာသေးမီကသဘေ်ာပေါ်တွင်ကူးစက်ကြောင်းတွေ့ရသည့်သင်္ဘောအမှုထမ်းနှင့်ခရီးသည် ၆၅ ယောက်ကို အာဏာပိုင်များက သင်္ဘာပေါ်မှ ဆင်းခွင့်ပြုပြီး သီးသန့်ကုသပေးနေသည်။

သင်္ဘောပေါ်တွင် လူ ၃၇၁၁ ယောက်ပါလာပြီး ရောက်ရှိပြီး ၂ ရက်အတွင်း တရားဝင်ဗိုင်းရပ်စ်စောင့်ကြည့်ရေး လုပ်ငန်းစတင်ခဲ့သည်။

အခုတစ်ပတ်ကုန်ပိုင်းတွင် ဝူဟန်မြို့မှ ပဉ္စမအသုတ်ဂျပန်နိုင်ငံသားများ ကိုရွှေ့ပြောင်းရန် ဂျပန်အစိုးရက သင်္ဘောစီစဉ်ထားသည်။

Source- AFP

ဥက္ကာ #MeKongNews

Photo- AFP

ဗိုလ်ချုပ်မွေးနေ့ အောင်မြတ်ခန်းမရှေ့တွင် ပဲပြုတ်နှင့်နံပြား ကျွေးမွေးမည်

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၃

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ချစ်သူများနှင့် ပြန်ကြာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၃ရက်၊ အောင်မြတ်ခန်းမ၌ ပန်းချီ၊ ဆေးရောင်ချယ်၊ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ပဲပြုတ်နှင့် နံပြားကျွေးမွေးလှူဒါန်းခြင်းကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှစတင်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ခရိုင်ပြန်/ဆက်ရုံးတွင် ကျင်းပနေပြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ရက်တွင် နောက်ဆုံးအဆင့် ပြိုင်ပွဲများကျင်းပသွားမည် ဖြစ်ကြောင်း တာချီလိတ်ခရိုင် ပြန်ဆက်မှ သိရသည်။

ယင်းနေ့တွင် ဗိုလ်ချုပ်ချစ်သူများအဖွဲ့ကလည်း အောင်မြတ်ခန်းမရှေ့တွင် နံနက် (၈)နာရီခန့်မှ စတင်ကာ ပဲပြုနှင့်နံပြား ကျွေးမွေးလှူဒါန်းသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ချစ်သူများအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးတင့်ဆွေက ပြောသည်။

“ခန်းမထဲမှာက ပန်းချီ၊ ဆေးရောင်ချယ်၊ ကဗျာရွတ် နောက်ဆုံး ပ၊ ဒု၊ တ ပြိုင်မယ်။ အပြင်မှာက ပဲပြုတ်နဲ့ နံပြား ကျွေးမယ်” ဟု၎င်းက ပြောသည်။

ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို တာချီလိတ်မြို့ပေါ် အခြေခံပညာကျောင်း(၉)ကျောင်းမှ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင်(၁၆)ဦး၊ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၂၃)ဦး ယှဉ်ပြိုင်ခဲ့ကြသည်။

MK – 001

MeKongNews

ပြည်သူကိုပစ်ရန် သေနတ်မောင်းဆွဲကတည်းက စစ်သားမဟုတ်ဘဲ ရာဇဝတ်ကောင် ဖြစ်ပြီဟု စစ်ဦးစီးချုပ်ပြော

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁

စနေနေ့က ကိုရတ်မြို့တွင်ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် သေနတ်မောင်းဆွဲလိုက်သည့်နောက်ပိုင်း သေနတ်သမားသည် စစ်သားမဟုတ်တော့ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ် ကောင်ဆွမ်ပွန်ကပြောသည်။

အဆိုပါသေနတ်သမားကြောင့်ဖြစ်ခဲ့သည့် အပျက်အစီးများအတွက် တောင်းပန်ကြောင်းနှင့် ဝမ်းနည်းကြောင်း စိတ်ထိခိုက်နေသောဗိုလ်ချုပ်ကြီး အပီရတ်က အင်္ဂါနေ့က တော်ဝင်ထိုင်းတပ်မတော်ဌာနချုပ်တွင် ပြောဆိုခဲ့သည်။

ပစ်ခတ်ခဲ့သည့် ထိုင်းကြည်းတပ်မှ အသက် ၃၂ နှစ်ရှိ အရာခံဗိုလ် ဂျာကရာပန့် သွန်မာ ကို ရည်ညွှန်းပြီး “တပ်မမှူးကြီးအနေနဲ့ တောင်းပန်ပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ စစ်သားတစ်ယောက်ရှိနေတယ်ဆိုတာအတွက် နှလုံးသားတစ်ခုလုံးနဲ့ ဝမ်းနည်းမိပါတယ်”ဟု ပီရတ်ကပြောသည်။

ပစ်ခတ်မှုကြောင့် လူ ၃၀ သေဆုံးပြီး ၅၈ ယောက်ဒဏ်ရာရခဲ့သည်။

သေနတ်သမားကို ထိုင်းရဲအထူးတပ်ဖွဲ့က အသေပစ်ဖမ်းခဲ့သည်။

“သေနတ်မောင်းစဖြုတ်လိုက်ကတည်းက သူက ရာဇဝတ်ကောင်ဖြစ်သွားပါပြီ။ စစ်သားမဟုတ်တော့ပါဘူး”ဟု အပီရတ်ကပြောသည်။

ဖြစ်ခဲ့သမျှအားလုံးအတွက် တပ်မတော်ကိုအပြစ်မတင်ရန် အပီရတ်က ထိုင်းနိုင်ငံသားများကို တောင်းဆိုခဲ့သည်။

ထိုအရာခံဗိုလ်၏ အထက်အရာရှိက သူ့ကို ညီတူမျှတူဆက်ဆံမှု မရှိခဲ့ကြောင်းသိရသည်ဟု အပီရတ်က ဝန်ခံခဲ့သည်။

Source- Bangkok Post

ဥက္ကာ #MeKongNews

Photo- Wassana Nanuam/ Bangkok Post

အလုပ်အကိုင်ရရှိရေး ကူညီဖြေရှင်းပေးရန် ဟိုတယ်အလုပ်သမား ၁၀၀ကျော် ဝိုင်းဝန်းတောင်းဆို

အလုပ်သမားရုံးသို့လာရောက်ကြသည့် အလုပ်သမားများ / Photo by MeKongNews

တာချီလိတ်၊ ဖေဖော်ဝါရီ ၁၁

ဟိုတယ်တွင် ကာစီနိုများ ပိတ်လိုက်ရသည့်အတွက် အချိန်အကန့်အသတ်မရှိ အလုပ်ရပ်နားခံရသည့် အလုပ်သမား ၁၀၀ ကျော်က အလုပ်အကိုင်ပြန်လည် ရရှိရေးအတွက် တာချီလိတ်မြို့နယ် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီလ ၁၁ နံနက်ပိုင်းက ဝိုင်းဝန်းတောင်းဆိုကြသည်။

လာရောက်တောင်းဆိုသူ များမှာ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မယ်ခေါင်မြစ်ဟိုတယ်မှ အလုပ်သမားများဖြစ်ပြီး အလုပ်ရပ်နားခံရသည့်အတွက် လုပ်ခလစာ မရရှိတော့ဘဲ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် ယခုကဲသို့ လာရောက်တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။

အဆိုပါဟိုတယ်တွင် အလုပ်သမား (၅၀၀)ခန့်ရှိပြီး ကာစီနိုများ ပိတ်လိုက်ချိန်မှ စတင်ကာ အလုပ်သမား (၃၀၀)ကျော် အလုပ်ရပ်နားခံထားရကြောင်း အလုပ်သမားရုံးသို့လာရောက်တောင်းဆိုသည့် အလုပ်သမားတစ်ဦး ဖြစ်သူ ကောလင်းမြို့မှ အလုပ်လာရောက်လုပ်ကိုင်သည့် ကိုဇင်မျိုးအောင်က ပြောသည်။

“အလုပ်ပိတ်လိုက်တော့ အကုန်အခက်အခဲတွေ ဖြစ်နေတယ်။ နေဖို့ထိုင်ဖို့ စားဖို့ သောက်ဖို့ကအစ အခက်အခဲတွေ ဖြစ်နေတယ်။ အလုပ်သမား (၃၀၀)ကျော် အခက်အခဲ ဖြစ်နေတယ်” ဟု၎င်းက ပြောသည်။

ရုတ်တရက် အလုပ်ရပ်နားလိုက်သည့်အတွက် နေစားရိတ်၊ စားစရိတ် အခက်အခဲဖြစ်သွားပြီး လက်ထဲတွင်ရှိသည့် ငွေကြေးဖြင့် အလွန်ဆုံး လကုန်ခန့်အထိသာ ရပ်တည်နိုင်မည်ဖြစ်ကြောင်း မြစ်သားမြို့မှ လာရောက်အလုပ်လုပ်ကိုင်သည့် မဟန်နီထွန်းက ပြောသည်။

“(တာဝန်ရှိသူတွေကို) သိစေချင်တယ်။ အခု အလုပ်လက်မဲ့ဖြစ်သွားတဲ့ သူတွေက ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး။ အထက်ကို မြန်မြန်သိစေချင်ပါတယ်။ အခုဒီမှာက ကိုယ်တစ်ယောက်ထဲ ရပ်တည်တာ မဟုတ်ဘူးလေ။ အိမ်မှာက မိဘတွေ၊ ညီကိုမောင်နှမတွေ အများကြီး ရှိသေးတယ်။ ရုတ်တရက်ကြီး အလုပ်ကရပ်သွားတော့ မိဘတွေကို ဘယ်လိုထောက်ပံ့မယ်ဆိုတဲ့ အစီအစဉ် မရှိတော့ဘူး” ဟု၎င်းက (ငိုလျှက်) ပြောသည်။

ယခုကဲ့သို့ အလုပ်သမားရုံးသို့ လာရောက်ရခြင်းမှာလည်း လုပ်ခလစာ လျော်ကြေး ရရှိရေးထက် အလုပ်တစ်ခု ပြန်လိုချင်သည့်အတွက် လာရောက်အကူအညီတောင်းခြင်းသာ ဖြစ်ကြောင်း မန္တလေးတိုင်းမှ လာရောက်အလုပ်လုပ်ကိုင်သည့် မစန်းစန်းလှိုင်က ပြောသည်။

“အလုပ်မရရှိရင် အခက်အခဲဖြစ်ပြီ။ ဗမာပြည်မှာ(ကျန်တဲ့လူတွေ)က လကုန်တာနဲ့ ပိုက်ဆံပဲ မျှော်နေကြတာ” ဟု၎င်းက ပြောသည်။

အလုပ်သမားများ လာရောက်တင်ပြသည့် ကိစ္စရပ်များကို စာဖြင့် တင်ပြရန် လမ်းညွှန်ပေးခဲ့ပြီး ၎င်းတို့ စာဖြင့် တင်ပြလာသည်ကို ပြည်နယ်မှူးထံ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အလုပ်သမား ညွှန်ကြားမှူ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် သမ္မတပြောကြားပြီးနောက် တာချီလိတ်မြို့တွင် ရပ်ကွက်တွင်းဖွင့်ထားသည့် လောင်းကစားဂိမ်းခုံများသာမက ဟိုတယ်များမှ ကာစီနိုရုံများပါ ပိတ်လိုက်ရသည့်အတွက် အလုပ်သမား (၇၀၀၀)ခန့် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

MK – 001

MeKongNews

Parasiteဇာတ်ကား အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် ဆု ၄ ဆု သိမ်းကြုံးရယူနိုင်ခဲ့တဲ့ ၉၂ ကြိမ်မြောက်အော်စကာဆုပေးပွဲ

လော့စ်အိန်ဂျယ်လိစ်၊ ဖေဖော်ဝါရီ ၁၀

တောင်ကိုရီးယားရုပ်ရှင် Parasite ယခုနှစ်အော်စကာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဆုရရှိခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး အကောင်းဆုံးရုပ်ရှင်ဆုရခဲ့သည့် အာရှဇာတ်ကားတစ်ကားဖြစ်လာသည့်အပြင် အင်္ဂလိပ်စကားပြောမဟုတ်သည့် ဇာတ်ကားလည်းဖြစ်လာသည်။

Judy ဇာတ်ကားတွင် Judy Garland အဖြစ်သရုပ်ဆောင်ခဲ့သည့် Renee Zellwegerက အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုရခဲ့ပြီး Joker ဇာတ်ကားဖြင့် Joaquin Phoenixက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့သည်။

Once Upon A Time in Hollywood ဇာတ်ကားဖြင့် Bratt Pittက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရခဲ့ပြီး သူ့အတွက် ပထမဆုံးအော်စကာဆုဖြစ်လာသည်။

Laura Dern ကလည်း Marriage Storyဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရခဲ့သည်။

Parasite ဇာတ်ကားက ဆု ၄ ဆုရခဲ့ပြီး 1917 ဇာတ်ကားကတော့ ဆု ၃ ဆုရခဲ့ခြင်းဖြစ်သည်။

Ford vs Ferrariဇာတ်ကားက ဆု ၂ ဆု၊ Joker က ၂ ဆုနှင့် Once Upon A Time in Hollywoodဇာတ်ကားကလည်း ဆု ၂ ဆုရခဲ့သည်။

အခုနှစ်အော်စကာဆုပေးပွဲတွင် ယခင်နှစ်များနှင့်မတူညီသည့် အချက်က အခမ်းအနားအစီအစဉ်မှူး မရှိဘဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဥက္ကာ #MeKongNews

Photo- Oscar

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်သွား

ဘေကျင်း၊ ဖေဖော်ဝါရီ ၁၁

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်သည် ဖေဖော်ဝါရီလ ၁၁ရက် နံနက်ပိုင်း စာရင်းများ အရ ၁၀၁၆ ဦး ရှိသွားပြီ ဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ကြေညာသည်။

နောက်ဆုံး ၂၄နာရီအတွင်း သေဆုံးသူ ၁၀၈ ဦးရှိခဲ့ပြီး ၁၀၃ဦးမှာ ရောဂါစတင်ဖြစ်ပွားရာ ဟူဘေးခရိုင်မှ ဖြစ်သည်။

ဟိုင်လောင်းကျိုင်၊ အန်ဟွိုင်၊ ဟီနန်၊ တီယန်ကျင်းနှင့် ဘေကျင်းခရိုင်တို့မှ တစ်ဦးစီသေဆုံးကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။
ကူးစက်သူခံရသူ အရေအတွက်မှာ ၄၂၆၃၈ ဦးဖြစ်ပြီး အသစ်ကူးစက်ခံရသူ ၂၄၇၈ ဦးရှိကြောင်း သိရသည်။ ကူးစက်ခံရသူ အရေအတွက်မှာ ယမန်နေ့ ၃၀၆၂ဦး ရှိရာ ကူးစက်ခံရသူအရေအတွက် ကျဆင်းသွားကြောင်း ကျန်းမာရေးကော်မရှင်က ပြောသည်။

ဗြိတိန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၈ဦးအထိ ရှိလာပြီး အစိုးရက ဗိုင်းရပ်စ်ပိုးနှင့် ပတ်သက်သည့် သတိပေးချက် ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ထရမ့်က သူအနေဖြင့် လာမည့် ဧပြီလတွင် ရာသီဥတုပူနွေးလာမှုနှင့်အတူ ရောဂါပြန့်ပွားမှု ရပ်တန့်သွားမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

Source: CNA

MeKongNews

Design a site like this with WordPress.com
Get started