တာချီလိတ်၊ ဖေဖော်ဝါရီ ၉
တောင်ကြီးမြို့ တွေ့ဆုံပွဲတွင် တာချီလိတ်မြို့နှင့် ပတ်သက်ပြီး သမ္မတ၏ ပြောကြားချက်များထဲမှ အချက်အလက် အချို့မှာ မှားယွင်း နေကြောင်း ဝေဖန်ကြသည်။
ဖေဖော်ဝါရီလ ၉ရက် နံနက်ပိုင်းက တာချီလိတ်မြို့ 1G18 ဟိုတယ်တွင် ပြုလုပ်သည့် တာချီလိတ်မြို့ ဟိုတယ်လုပ်ငန်းများ ထိခိုက်မှုအပေါ် ဟိုတယ်လုပ်ငန်းရှင်များနှင့် မြို့မိမြို့ဖများ၊ သတင်းမီဒီယာများ ဆွေးနွေးအကြံဉာဏ်ရယူပွဲတွင် ဆွေးနွေးသူ အချို့က ပြောဆို ဝေဖန်ထောက်ပြခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့်က ဖေဖော်ဝါရီလ ၆ရက် နံနက်ပိုင်း တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ၌ တာချီလိတ်မြို့တွင် လောင်းကစားမှုများ များပြားနေပြီး နိုင်ငံခြားသားများမှသာ အကျိုးအမြတ်ရရှိပြီး မြန်မာနိုင်ငံသားများက ပေးလိုက်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ရာ ယင်းအချက်မှာ မှားယွင်းနေကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် ရွှေတြိဂံဒေသသတင်းလွှာ အယ်ဒီတာချုပ် ကိုထွန်း(မိုင်းဖြတ်)က ဝေဖန်ထောက်ပြသည်။
“တကယ်တော့ နိုင်ငံခြားသားတွေ ဝင်လာတာက ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။ လောင်းကစားလုပ်တယ် ဆိုရင်လည်း အနိုင်အရှုံးက ရှိစမြဲဖြစ်ပါတယ်” ဟု ၎င်းက ထည့်သွင်းဆွေးနွေးခဲ့သည်။
လောင်းကစားရုံများမှ တဆင့် ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါး သုံးစွဲမှုများ ဖြစ်ပေါ်သည်ဟု ဆိုရာတွင်လည်း အခြေအနေကို ခွဲခြားသိရှိရန် လိုကြောင်း တာချီလိတ်သတင်းအေဂျင်စီ၏ စီအီးအို ကိုဇောင်းက ဆွေးနွေးတင်ပြသည်။
“မူးယစ်ဆေးဝါးတွေ ဆက်နွယ်တယ် ဆိုတာက ရပ်ကွက်တွင်းက လောင်းကစားရုံတွေက ဖြစ်တာလား။ ဟိုတယ်တွေက ကာစီနိုရုံတွေက ဖြစ်တာလား ခွဲခြားသိရှိ ဖို့ လိုပါတယ်။ အခုလို ဟိုတယ်က ကာစီနိုတွေ ပိတ်လိုက်တာက အလုပ်သမား ထောင်နဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်စေပါတယ်” ဟု၎င်းက ဆွေးနွေးသည်။
ထိုသို့ ဝေဖန်ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး တာချီလိတ်မြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်ထံဆက်သွယ် မေးမြန်းရာ တာချီလိတ်မြို့ရှိ ကာစီနိုရုံများ ပိတ်သိမ်းရသည့် ကိစ္စမှာ ယခုကဲ့သို့ အခြေအနေထိ ဖြစ်မသွားသင့်ကြောင်း၊ သို့သော် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခြင်းမရှိဘဲ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ကိစ္စအချို့ကြောင့် ယခုကဲ့သို့ ဖြစ်ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“တကယ်ဆို ဒီလောက်အထိ မဖြစ်သွားသင့်ဘူး။ အခုဟာက လမ်းသွားရင်းတောင် မြင်ရတယ်” ဟု၎င်းက ပြောသည်။
ထို့ပြင် အုပ်ချုပ်ရေးပိုင်း အနေဖြင့်လည်း သမ္မတ ပြောဆိုမှ လုပ်ဆောင်ခြင်းမှာ သမ္မတပြောသည့်အပေါ် အရွှဲ့တိုက်ခြင်းသာ ဖြစ်ကြောင်း ဦးစိုင်းလုံစံခတ်က ပြောသည်။
“နောက်တစ်ခုက ဒီကာစီနိုရုံတွေမှာ ထိုင်းနိုင်ငံသားတွေ အများကြီး အလုပ်လာလုပ်တယ်။ တို့ဘက်ကလူ ဟိုဘက်ကို သွားလုပ်ရင် နည်းမျိုးစုံနဲ့ အညစ်ခံရတယ်။ သူတို့ကျတော့ သာသာယာယာပဲ၊ လစာကလဲ ပိုများသေးတယ်။ ဒါတွေကို ဘယ်သူမှ မကျပ်မတ်ဘူး” ဟု၎င်းက ပြောသည်။
ကာစီနို လုပ်ငန်းများ သတ်မှတ်ချက် တစ်ခုဖြင့် လုပ်ကိုင်ခွင့် ရရန် ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းပြီး နိုင်ငံတော်သမ္မတထံ အခြေအနေမှန်ကို တင်ပြ တောင်းဆိုပါက အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ထောက်ခံသွားမည် ဖြစ်သလို ပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်းလည်း ဦးစိုင်လုံစံခတ်က ဆိုသည်။
နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အပြီး နာရီပိုင်းအတွင်း တာချီလိတ်မြို့ရှိ ငါးမန်းခုံဟုခေါ်သည့် လောင်းကစားဂိမ်းခုံငယ်များ သာကမ ဟိုတယ်များရှိ ကာစီနိုရုံများကိုပါ ပိတ်ခဲ့ရသည်။
ထိုသို့ပိတ်လိုက်ရသည့်အတွက် ဟိုတယ်များတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၇၀၀၀ ထောင်ခန့် အလုပ်လက်မဲ့ ဖြစ်သွားကြောင်း ဟိုတယ် လုပ်ငန်းရှင်များထံမှ သိရသည်။
“ပိတ်လိုက်ရတော့ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်တယ်။ ရင်းနှီးမြုပ်နှံဖို့ လာတဲ့သူတွေအတွက်လည်း ယုံကြည်မှု ကင်းမဲ့စေတယ်။ တကယ်ဆို ပြသနာဖြစ်စေတာက ဘယ်ဟာလဲ။ ဘယ်ဟာက အကျိုးအမြတ် ဖြစ်ထွန်းစေတာလဲ ဆိုတာကို သေသေချာချာခွဲခြားပြီး တားသင့်တာတား၊ ခွင့်ပြုသင့်တာ ခွင့်ပြု လုပ်သင့်တယ်” ဟု ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
MK – 001
MeKongNews